အခန်း (၁၄၀) ငါ ဘာလို့ ရေးလို့မရတာလဲ
မိုယွန်းဖေး၏ မျက်မှောင်များ ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။ “နောက်ဆက်တွဲ ရေးရမှာလား”
ခန်းမသခင်ရွမ်က ခေါင်းညိတ်ပြလျက် - “မှန်ပါတယ်။ မစ္စတာမိုအနေနဲ့ ကျွန်တော်တို့ အသင်းနဲ့ စာချုပ်ချုပ်မယ်ဆိုရင် လစဉ် ပုံပြင်စာအုပ် အရေအတွက် အတိုင်းအတာတစ်ခုအထိ ပေးရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအတိုင်း ပြန်လည်ပြင်ဆင်ပေးရပါမယ်” ဟု ဆိုသည်။
ပြင်ဆင်ရမည် မိုယွန်းဖေး စဉ်းစားခန်းဝင်သွားသည်။ သူသည် မိမိ၏လက်ရာကို ပြန်ပြင်လေ့ရှိသူ မဟုတ်ပေ။
သို့သော် ကုန်သည်ကြီးသုံးဖွဲ့နှင့် ပူးပေါင်းလိုလျှင် အနည်းငယ် ခေါင်းငုံ့ပေးရန်မဖြစ်နိုင်သည်တော့ မဟုတ်ပါ။
ခန်းမသခင်ရွမ်က မညှာမတာ ဆက်ပြောသည် - “ကျွန်တော်တို့ရဲ့လေ့လာချက်အရ ခင်ဗျားရဲ့လက်ရာတွေက လေးနက်မှုရှိပေမဲ့ စိတ်ကူးသစ်နဲ့ ဆန်းသစ်မှုအပိုင်းမှာ လိုအပ်နေပါသေးတယ်။ ဒါကြောင့် တစ်ဖက်က သာလွန်တဲ့ လက်ရာတွေကို လေ့လာပြီး အတုယူဖို့ အကြံပေးချင်ပါတယ်”
“သာလွန်တဲ့ လက်ရာ ဥပမာ ဘာတွေလဲ”
“ဥပမာ ဟိုဘက်ဖိုရမ်က ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း ၊ သစ်ရွက်တစ်ရွက်ဖြင့် ကောင်းကင်ကို ဖုံးလွှမ်းခြင်း၊ နတ်မိမယ်ရဲ့ ကိုယ်ရံတော်... အစရှိတာတွေပေါ့”
မိုယွန်းဖေး၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။ “ငါ့ကို သူတို့ဟာ ကူးခိုင်းတာလား”
“တည့်တည့်ပြောရရင်တော့ ဟုတ်ပါတယ်”
မိုယွန်းဖေးက လက်ဝှေ့ယမ်းလိုက်ပြီး - “မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ငါ ဒီလောကမှာ ကျင်လည်လာတာ ဆယ်စုနှစ်ချီနေပြီ၊ ငါ့မှာ သိက္ခာရှိတယ်။
အဲဒီလို အဆင့်အတန်းမရှိတဲ့ အမှိုက်တွေကို ငါက ခိုးချရမယ်ဟုတ်လား ဒါ ငါ့ကိုစော်ကားတာပဲ ဒီအကြံပြုချက်ကို ငါ လုံးဝလက်မခံနိုင်ဘူး”
ခန်းမသခင် ရွမ်က အေးဆေးစွာ ခေါင်းညိတ်ပြီး - “ခင်ဗျားရဲ့သိက္ခာကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ထပ်ပြီး တိုက်တွန်းမနေတော့ပါဘူး။
ဒီမှာတင် ပူးပေါင်းဆောင်ရွက်မှု ရပ်လိုက်ရအောင်” ဟု ပြောကာ အဆက်အသွယ်ဖြတ်တောက်သွားတော့သည်။
မိုယွန်းဖေး - “......”
ဒါပဲလား နည်းနည်းပါးပါးတောင် ထပ်မဖျောင်းဖျတော့ဘူးလား သူချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
ကုန်သည်ကြီးသုံးဖွဲ့၏အေးစက်သော သဘောထားကြောင့် သူ ချက်ချင်း သတိပြန်ဝင်လာသည်။ သူတို့တွင် ငွေရှိသဖြင့် စာရေးဆရာပေါင်းများစွာကို ခေါ်ယူနိုင်သည်၊ သူ မလုပ်လျှင် လုပ်မည့်သူ အများကြီးရှိသည်။
“ငါက လူအပဲ” သူ သွားကြိတ်လိုက်သည်။
“ဘယ်သူဖြစ်ဖြစ် ဒီပိုက်ဆံကို ရမှာပဲဆိုတော့ ငါပဲ ယူလိုက်တာ ဘာဖြစ်လဲ”
သူ ချက်ချင်းပင် ဖုန်းပြန်ဆက်ကာ တောင်းပန်တိုးလျှိုးပြီး နောက်ထပ် အခွင့်အရေးတစ်ခု တောင်းယူလိုက်ရသည်။
ခဏအကြာတွင်။
မိုယွန်းဖေးသည် ယခင်က တစ်ချက်သာ ကြည့်ခဲ့သော ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ကို အသေအချာ ပြန်ဖတ်ကြည့်တော့သည်။
အစပိုင်းတွင် မလိုတမာစိတ်ဖြင့် ဖတ်သော်လည်း အခန်းအနည်းငယ်အကြာတွင် သူသည် ဇာတ်လမ်းထဲသို့ လုံးဝ နစ်မျောသွားတော့သည်။
“ကောင်းလိုက်တာ... တကယ်ကို ထူးခြားတာပဲ ဒီလို ဇာတ်အိမ်မျိုးကို ဘယ်လိုများ တွေးမိတာပါလိမ့်”
သူသည် စိတ်အားတက်ကြွစွာဖြင့် စာအုပ်အသစ်ကို စတင်ရေးသားတော့သည်။
ကောင်းကင်ဘုံထဲက အယူအဆတွေကို ယူပြီး သူ၏ရင့်ကျက်သော အရေးအသားနှင့် ပေါင်းစပ်လျှင် ပိုကောင်းမည်ဟု သူ ထင်ထားသည်။
သို့သော် အပိုင်းအနည်းငယ် ရေးပြီးချိန်တွင် သူ ရပ်လိုက်ရသည်။
“ဘာလို့... ဘာလို့ ခံစားချက်က လွဲနေရတာလဲ”
သူသည် ရေးထားသမျှကို ဖျက်ပြီး ပြန်ရေးသည်။ ဇာတ်အိမ်၊ နောက်ခံနှင့် အချက်အလက်များကို အတူတူယူထားသော်လည်း သူ၏အရေးအသားမှာ မူရင်းကဲ့သို့ စိတ်လှုပ်ရှားမှုကို မပေးနိုင်ပေ။
“ဒါက လူငယ်စိတ်ဓာတ်ကြောင့်လား”
သူ ရုတ်တရက် သဘောပေါက်သွားသည်။
မူရင်းဇာတ်လိုက်မှာ သွေးဆူလွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သော လူငယ်တစ်ဦးဖြစ်သည်။ သို့သော် သူကိုယ်တိုင်မှာ အိုမင်းနေပြီဖြစ်ရာ သူ၏ အရေးအသားတိုင်းတွင် အိုမင်းရင့်ရော်မှုများ ပါဝင်နေသည်။
မည်မျှပင် တက်ကြွအောင်ရေးပါစေ၊ အနှစ်သာရမပါသော ပျင်းစရာကောင်းသည့် အရေးအသားသာ ဖြစ်နေတော့သည်။
“မရဘူး အခုထိမဟုတ်သေးဘူး”
“ငါ ဘာတွေ ရေးနေမိတာလဲ”
မိုယွန်းဖေးမှာ ရူးမတတ် ဖြစ်နေသည်။ ကူးချလျှင် လွယ်ကူလိမ့်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် အခက်ခဲဆုံးအရာ ဖြစ်နေတော့သည်။ ဘယ်နေရာမှာ ပြဿနာ တက်နေတာပါလိမ့်။