အခန်း (၁၄) ဝမ်မိသားစုသခင်လေးက လူကောင်းတစ်ယောက်ပဲ
ဝမ်မုလက်ဆောင်ပေးအပ်လိုက်သော ကျင့်စဉ်မှာ အခြေခံကျင့်စဉ်များထဲတွင် ရှေးယခင်ကတည်းက နာမည်ကျော်ကြားခဲ့သော ကျင့်စဉ်ဖြစ်သည် ၎င်းသည် ကျင့်ကြံသူတစ်ဦးအား အတည်ငြိမ်ဆုံး အခြေအနေဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းစေနိုင်ရုံတင်မက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ခြေကိုလည်း သိသိသာသာ မြင့်တက်စေသည်။
ဘေးကင်းသည်၊ သုံးရလွယ်ကူသည်၊ ထိရောက်မှုလည်း ရှိသည်။
သန့်စင်ရာနယ်မြေများ သို့မဟုတ် ကြီးမြတ်သော ဂိုဏ်းကြီးများ၏အထွတ်အထိပ် ပညာရပ်များနှင့် မယှဉ်နိုင်သော်လည်း အခြေခံကျင့်ကြံသူများ အလိုချင်ဆုံး ကျင့်စဉ်ပင်ဖြစ်သည်။ ဤကျင့်စဉ်ကို ရရှိလိုက်ခြင်းက အခြားသော လေလွင့်ကျင့်ကြံသူများထက် အနှစ်နှစ်ဆယ်ခန့်ကြိုတင်ခြေလှမ်းသာသွားသည်ဟု ပြောလျှင်ပင် မမှားပေ။
ခဏချင်းမှာပင် ဘေးမှ ကြည့်ရှုနေသူများမှာ အားကျမနာလို ဖြစ်လာကြသည်။
သာမန်လူသားများအတွက်ပေးအပ်သည့် ဟွမ်ယွမ်ငြိမ်သက်ခြင်းကျင့်စဉ်မှာလည်း လူ့လောကတွင် နာမည်ကျော်လှသည်။ ၎င်းကို ကျင့်ကြံခြင်းလောကမှ စီနီယာတစ်ဦးက မွမ်းမံထားခြင်းဖြစ်ပြီး လူ့လောက၏နတ်ဘုရားကျင့်စဉ်ဟုပင် ခေါ်ဆိုနိုင်သည်။
အကယ်၍ အစွမ်းကုန် ကြိုးစားကျင့်ကြံမည်ဆိုပါက ဝိညာဉ်စွမ်းအင်သန့်စင်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်စွမ်းရှိပြီး အသက်ရှည်စေသည့် အကျိုးကျေးဇူးလည်း ရှိသည်။
"ဒီဝမ်မိသားစု သခင်လေးက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
လူအများမှာ နားမလည်နိုင်အောင် ဖြစ်နေစဉ် ဝမ်မုသည် နဂါးရထားလုံးပေါ်မှ ဆင်းကာ လူအများရှေ့သို့ ထွက်လာခဲ့သည်။ လီယွမ်ဟွာ နှင့် အခြားသူများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ဝမ်မုက ပြုံးလျက်လက်ယမ်းပြကာ လူငယ်များကို ကြည့်ပြီးညင်သာစွာ ပြောလိုက်သည် - "ဒီနေ့ ပွဲတော်မှာ ငါတို့လူသားမျိုးနွယ်ရဲ့ တက်သစ်စလူတွေကိုမြင်ရတာ ငါ့စိတ်ထဲ တကယ့်ကို ကြည်နူးရပါတယ်။"
"ပါရမီရှိတဲ့သူတွေကလည်း မာနမကြီးကြပါနဲ့၊ မင်းတို့ထက် ပါရမီသာတဲ့သူတွေ အမြဲရှိနေမှာပါ။ ပါရမီနည်းတဲ့သူတွေလည်း စိတ်မပျက်ပါနဲ့၊ မင်းတို့က ဒီလောကမှာရှိတဲ့ လူအများစုထက် ကံကောင်းနေပြီသားပါ"
သူ၏အသံမှာ ပင်လယ်လေပြေကဲ့သို့ နူးညံ့လှပြီး လူငယ်များ၏ နားထဲသို့ စိမ့်ဝင်သွားသည်။
"ဝိညာဉ်အမြစ်မရှိတဲ့သူတွေလည်း စိတ်မလျှော့ကြပါနဲ့ ဘဝဆိုတာ ရှည်လျားပါတယ်၊ မင်းတို့ရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ဘူး" ဝမ်မုက ပြုံးလျက် ဦးညွှတ်လိုက်ပြီး - "မသေမျိုးလမ်းစဉ်က ရှည်လျားလှပါတယ်။ ငါ ဝမ်မုကတော့ မင်းတို့ရဲ့ခရီးဦးစကို လိုက်ပို့ပေးသူအဖြစ် ရှိနေပါရစေ မင်းတို့အားလုံး မသေမျိုးလမ်းစဉ်မှာ တောက်ပနိုင်ကြပါစေ"
စကားအဆုံးတွင် လူအုပ်ကြီးဆီမှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
လူငယ်သုံးထောင်ကျော်မှာ တညီတညွတ်တည်း ဦးညွှတ်ကာ - "ကျေးဇူးတင်ပါတယ် သခင်လေး" ဟု ဟစ်အော်ကြတော့သည်။
ဝမ်မုက ဆက်ပြောသည် - "မသေမျိုးလမ်းစဉ်က အန္တရာယ်များလှပါတယ်။ တစ်ယောက်တည်း သွားရတာက ခက်ခဲလိမ့်မယ်။ ဒီနေ့ ဒီကို တက်ရောက်လာကြတဲ့ ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေ... ဒီကလေးတွေနဲ့ ကံပါခဲ့ရင် သူတို့ကို မင်းတို့ဂိုဏ်းကို ခေါ်သွားပြီး ကောင်းကောင်း သင်ကြားပေးကြပါ"
ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည် - "ဝမ်သခင်လေး ဒီကလေးတွေကို ဝမ်မိသားစုက မယူဘူးလား"
ဝမ်မုက ခေါင်းခါပြသည် - "ငါ ဒီပွဲကို ကျင်းပတာက ဝမ်မိသားစုအတွက် မဟုတ်ပါဘူး"
ချန်ယွန်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက နားမလည်ဘဲ မေးသည် - "ဒါဆို ဘာအတွက်လဲခင်ဗျာ"
ဝမ်မုက သက်ပြင်းချကာ - "မင်းတို့ သိကြတဲ့အတိုင်း ငါကဝမ်မိသားစုရဲ့သခင်လေး ဖြစ်ပေမဲ့ စွမ်းအားကြောတွေ ပြတ်တောက်နေလို့ ကျင့်ကြံလို့ မရဘူး။ ဒီနာကျင်မှုကို ငါကောင်းကောင်း သိတယ်။ ဒါကြောင့် ပါရမီရှိပါလျက်နဲ့ ငွေကြေးမရှိလို့ မသေမျိုးလမ်းစဉ်ကို လက်လွတ်သွားရမယ့်သူတွေကို မတွေ့ချင်တော့ဘူး။ တခြားလူတွေ မသေမျိုးလမ်းစဉ်ပေါ် လျှောက်လှမ်းတာကို မြင်ရရင် ငါကိုယ်တိုင် လျှောက်လှမ်းနေရသလို ခံစားရလို့ပါ"
ဝမ်မု၏ရိုးသားလှသောစကားများကိုကြားသောအခါချန်ယွန်းဂိုဏ်းမှကျင့်ကြံသူမှာမှင်သက်သွားသည်။သူ့ကိုယ်သူနောင်တရကာပါးကိုပင်ပြန်ရိုက်လိုက်မိသည် - "ငါကတကယ့်လူယုတ်မာပဲဘာတွေမေးနေမိတာလဲဝမ်သခင်လေးကတကယ့်ကိုစိတ်ထားမြတ်တဲ့သူပဲ"