အခန်း (၁၃၉) ကောင်းကောင်းတောင် မကူးချနိုင်ကြဘူးလား
“ဒါတင်မကဘူးဗျ ဒါကအခြေခံလစာပဲ ရှိသေးတာ။ အပေါ်မှာ ရေးထားတာက အကန့်အသတ်မရှိတဲ့၊ ရေးနိုင်ရင် ရေးနိုင်သလောက်ရမယ်”
“‘ကောင်းကင်ဘုံသိုစစ်ပြိုင်ခြင်းတို့၊ ဧကရာဇ်ယဲ့ရဲ့ ဒဏ္ဍာရီတို့နဲ့ ယှဉ်နိုင်တဲ့ ဇာတ်လမ်းမျိုး ရေးနိုင်ရင် ဆုကြေးက ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ကနေ စပေးမှာ ပြီးတော့ ဧည့်သည်တော်အကြီးအကဲရာထူးပါ ရဦးမှာ”
“တောက်... သူတို့တွေ ရူးသွားကြပြီ၊ တကယ်ကြီး ရူးကုန်ကြပြီ”
“ဟားဟားဟား... ငါတော့ ချမ်းသာပြီဟေ့၊ ချမ်းသာပြီ”
လူအုပ်ထဲတွင် နွမ်းပါးစွာဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကုန်သည်ကြီးသုံးဖွဲ့၏ ကြေညာချက်ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေသည်။
“ငါ့ရဲ့ကျိုးမိသားစုက မျိုးဆက်အလိုက် ပုံပြင်စာအုပ်တွေ ရေးပြီး အသက်မွေးလာခဲ့တာ။ တစ်နေ့မှာ ဒီလို အခွင့်အရေးမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး” သူသည် လမ်းမပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလျက် အော်ဟစ်နေတော့သည်။
“အဖေ... အဖိုး... မြင်ကြရဲ့လား ကျွန်တော်တို့ မိသားစုတော့ ချမ်းသာတော့မယ်”
“‘ကောင်းကင်ဘုံသိုစစ်ပြိုင်ခြင်း နဲ့ ယှဉ်နိုင်တဲ့ စာအုပ်မျိုး ရေးဖို့ပဲမဟုတ်လား ငါတို့ တစ်သက်လုံး စာရေးလာတာ ဘယ်လို ဇာတ်လမ်းမျိုးတွေ မမြင်ဖူးလို့လဲ ဘာတွေ မရေးဖူးလို့လဲ”
“ဒီဧည့်သည်တော်အကြီးအကဲရာထူးကိုတော့ ငါ အပိုင်ရအောင် ယူပြမယ်”
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းတိုက်ကြီးရှိ ပုံပြင်စာရေးဆရာ အားလုံးနီးပါး ရူးသွပ်ကုန်ကြသည်။
ဝါးစားပွဲရှေ့တွင်ထိုင်နေသော မီးခိုးရောင်ဝတ်စုံနှင့် ပညာတတ်ကြီး မိုယွန်းဖေးသည် သူ၏ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် ‘ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းကို ဖတ်ကြည့်နေသည်။
“ပါရမီရှင်ဘဝကနေ ပြုတ်ကျတာလား ကတိဖျက်တာလား ဟင်း... ဒါပဲလား သာမန်ပါပဲကို”
မိုယွန်းဖေးသည် နှာခေါင်းရှုံ့လိုက်သည်။ သူသည် အသက်ငယ်ငယ်ကတည်းက စာရေးလာသည်မှာ အနှစ်ခုနစ်ဆယ်ကျော်ပြီဖြစ်ပြီး ယွန်းရှန်းရဟန်း ဟု အမည်ကျော်သူ ဖြစ်သည်။
အဆင့်မြင့်ကျင့်ကြံသူများက ပုံပြင်စာရေးဆရာများကို အဆင့်နိမ့်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း ယခုအချိန်မှာတော့ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။
သူ၏အမြင်တွင် ဈေးကွက်ထဲရှိ စာရေးဆရာ ကိုးဆယ်ရာခိုင်နှုန်းမှာ အမှိုက်များသာ ဖြစ်ကြသည်။ ကုန်သည်ကြီးသုံးဖွဲ့က အလျင်စလို စုဆောင်းထားသော စာအုပ်များထဲတွင် သူ၏ လက်ရာများ မပါဝင်သေးပေ။
“နှမြောစရာပဲ၊ ငါသာ အစောကြီးကတည်းက ပါခဲ့ရင် အခြေအနေတွေက အခုလို ဖြစ်မှာမဟုတ်ဘူး”
မိုယွန်းဖေးသည် ကုန်သည်ကြီးသုံးဖွဲ့၏အဆောင်ကို ထုတ်ကာ စာရေးဆရာ အလုပ်ခေါ်စာတွင် စတင်ရေးသားတော့သည်။
သူသည် တစ်ညတည်းနှင့် စကားလုံးပေါင်း နှစ်သိန်းကျော်ရှိသော ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားပြီး တင်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် သူ ယုံကြည်ချက်အပြည့်ဖြင့် မှတ်ချက်ကဏ္ဍကို ဖွင့်ကြည့်လိုက်ရာ သူ၏ အပြုံးများ ချက်ချင်း အေးခဲသွားတော့သည်။
[အမည်မသိ]: နောက်ထပ် ဦးနှောက်မရှိတဲ့ စာရေးဆရာ တစ်ယောက်ပဲ။
[ကျင့်ကြံသူ]: မရေးတတ်ရင် သွားပြီး လယ်ပဲ စိုက်လိုက်ပါတော့လား။
[ဓားသမား]: နှစ်တွေ ဒီလောက်ကြာပြီ၊ အခုထိ တောင်ကမ်းပါးပေါ်က ပြုတ်ကျပြီး ရတနာတွေ့တဲ့ ဇာတ်ကွက်ပဲလား အသစ်အဆန်းလေး မလုပ်တတ်ဘူးလား။
[စာဖတ်သူ]: ဟုတ်တယ်၊ တကယ်လို့ မရေးတတ်ရင်လည်း ဟိုဘက်က ‘ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကို သွားလေ့လာဦး။ အတုတောင် ကောင်းကောင်း မကူးတတ်ဘူးလား။
မိုယွန်းဖေးမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းကြီး တရှုံ့ရှုံ့ ဖြစ်နေတော့သည်။
သူ၏ ဂုဏ်သိက္ခာနှင့် ထိုသို့သော အဆင့်နိမ့် စာအုပ်များကို အတုခိုးရန်မှာ မဖြစ်နိုင်ဟု သူ ယူဆထားသည်။
ထိုစဉ် အဆောင်မှတစ်ဆင့် ဒီကွန်ရွမ်ဆိုသူက သူ့ကို ဆက်သွယ်လာသည်။
“မစ္စတာမို... ခင်ဗျားရဲ့လက်ရာက တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို တစ်လ ဝိညာဉ်ကျောက်တုံး (၁,၀၀၀) ပေးနိုင်ပါတယ်”
မိုယွန်းဖေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဝိညာဉ်ကျောက်တုံး (၁,၀၀၀) ဆိုသည်မှာ မနည်းသော်လည်း သူ၏ မျှော်လင့်ချက်နှင့် များစွာ ကွာခြားနေသည်။ ဤဈေးမှာ အခြေခံ အနိမ့်ဆုံးဈေးသာ ဖြစ်သည်။
သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် - “ဒီဈေးက နည်းနည်းမနည်းလွန်းဘူးလား”
ဒီကွန်ရွမ်က အေးဆေးစွာ ပြုံးလျက် - “ဒါက အစပိုင်းမို့လို့ပါ။ နောက်ပိုင်းကျရင် တဖြည်းဖြည်း တိုးပေးသွားမှာပါ” ဟု ပြန်ဖြေလိုက်သည်။