အခန်း (၁၃၈) - ဒိုးလော့လောကက မကောင်းဘူးလား
သို့သော် ဤအချိန်တွင် သူ (တန်ချန်း) ဘာမှ အများကြီး မပြောနိုင်တော့ပေ။ သူသည် စာအုပ်တစ်အုပ်ကို ရှာဖွေပြီး တိုက်ရိုက်ဖွင့်လိုက်သည်။
“‘ဒိုးလော့လောကဒါက ဘာစာအုပ်လဲ”
“စီနီယာထိုက်ရှူး ကျွန်တော် ဒီစာအုပ်ကိုလည်း လေ့လာပြီးပါပြီ။ ဖိုရမ်ရဲ့ လူကြိုက်များမှု အဆင့်သတ်မှတ်ချက်မှာ ကောင်းကင်ဘုံသို့စစ်ပြိင်ခြင်းလောက် အဆင့်မမြင့်ပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဒီစာအုပ်ရဲ့ ပြောင်မြောက်မှုက ဟိုစာအုပ်ထက် အများကြီး သာပါတယ်။ ဒါက တကယ့် နံပါတ်တစ် ဖြစ်သင့်တာပါ”
တန်ချန်းက ယုံကြည်ချက်အပြည့်ဖြင့် မိတ်ဆက်ပေးလိုက်သည်။
“အို... ဟုတ်လား” ထိုက်ရှူးထုံက အနည်းငယ် စိတ်ဝင်စားသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ... ဒါဆို ဒီစာအုပ်ကိုပဲ ငါတို့ အကဲဖြတ်ကြည့်ကြတာပေါ့”
တန်ချန်းသည် ဒိုးလော့လောကကို အားလုံး မြင်နိုင်ရန် ထုတ်လွှင့်ပြသလိုက်ပြီး လူတိုင်း၏ တုံ့ပြန်မှုကို ရင်ကော့ကာ စောင့်ဆိုင်းနေတော့သည်။
သူ အနှစ်သက်ဆုံးဖြစ်သော ဤစာအုပ်က အားလုံးကို ဖမ်းစားနိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဘာလို့ ဒီစာအုပ်က သာမန်ပဲလို့ ငါခံစားနေရတာလဲ” ရွှယ်ဝူရင်းက မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။
တန်ချန်း - “......”
သူ၏မျက်လုံးများထဲတွင် ဒေါသရိပ်များ ယှက်သန်းသွားပြီး ရွှယ်ဝူရင်းကို စိုက်ကြည့်လိုက်သည် - “သာမန်ဟုတ်လား ဘယ်နေရာမှာ သာမန်ဖြစ်နေလို့လဲ ဒါက ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း နဲ့ အဆင့်တူစာအုပ်ပဲလေ၊ လူကြိုက်လည်း အရမ်းများတာကို”
ရွှယ်ဝူရင်းက ပခုံးတွန့်ပြကာ - “ငါသိပါတယ်၊ စာအုပ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းရဲ့ ဇာတ်အိမ်နဲ့ ယှဉ်ရင်တော့ တစ်ခုခု လိုနေသလိုပဲဗျ” ဟု ဆိုသည်။
တန်ချန်းက ဒေါသတကြီးဖြင့် ရွှယ်ဝူရင်းကို တရစပ် ပြန်လည်ချေပတော့သည်။ သူသည် ရွှယ်ဝူရင်း၏ ဉာဏ်ရည်ဉာဏ်သွေးကိုပင် စော်ကားသည့်အထိ ပေါက်ကွဲသွားသဖြင့် ဘေးရှိလူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ရွှယ်ဝူရင်းမှာလည်း မိမိအမြင်ကို ပြောမိကာမှ တန်ချန်း၏ စက်သေနတ်ပစ်သလို ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် စိတ်ထဲမှသာ ကျိန်ဆဲနေတော့သည်။
ထိုစဉ် ထိုက်ရှူးထုံကလည်း ဝင်ပြောလိုက်သည် - “အဟမ်း အမှန်တော့ ဒီအဖိုးကြီးလည်း ဒီစာအုပ်က သာမန်ပဲလို့ ခံစားရတယ် တခြားစာအုပ်တစ်အုပ် ပြောင်းကြည့်ရင်ရော”
ရွှယ်ဝူရင်း - "......"
တန်ချန်း - “......”
ထိုက်ရှူးထုံကပါ ထိုသို့ပြောလိုက်ရာ ကျန်ရှိနေသော အကြီးအကဲများကလည်း သတ္တိဝင်လာပြီး ဝိုင်းဝန်းဝေဖန်ကြတော့သည်။
“ဟုတ်တယ်၊ ဇာတ်လမ်းက ကောင်းပေမဲ့ ဇာတ်လိုက်က သိပ်မကောင်းဘူး စိတ်ထားက သိမ်ဖျင်းသလိုပဲ၊ အသေးအဖွဲကိစ္စလေးကိုတောင် လက်စားချေချင်နေတာ၊ ကျေးဇူးကန်းသလိုမျိုးတောင် ခံစားရတယ်”
တန်ချန်းသည် စကားတစ်လုံးမှ ပြန်မပြောတော့သော်လည်း ဝေဖန်ခဲ့သော အကြီးအကဲများ၏အမည်များကို သူ၏စိတ်ကူးမှတ်တမ်းထဲတွင် တစ်ဦးချင်းစီ မှတ်သားထားလိုက်သည်။
ကျုံးဝူချန်း ၊ ယုဟုန်ကျန့် ၊ လျှိုဟဲချင်း ... မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ ငါ့လက်ထဲကိုသာ တစ်ခါလောက် မိလိုက်လို့ကတော့ အသေပဲလို့ မှတ်ထားလိုက်သည်။
မကြာမီမှာပင် သူတို့အားလုံး ပို၍ စိတ်မသက်မသာ ဖြစ်စရာတစ်ခုကို တွေ့ရှိလိုက်ရသည်။
ဇာတ်လမ်းများမှာ အကောင်းဆုံးနေရာရောက်တိုင်း အပိုင်းပြတ်သွားကြသောကြောင့် ဖြစ်သည်။
ဝတ္ထုအားလုံးကို ဖတ်ပြီးသွားသောအခါ လူတိုင်းမှာ ရူးမတတ် ဖြစ်နေကြတော့သည်။
“တောက်... အမြဲတမ်း ဒီလိုပဲ အကောင်းဆုံးနေရာရောက်မှ ရပ်သွားပြန်ပြီ”
“ဒီ ဝမ်မုဆိုတဲ့ကောင်လေးက တကယ်ကို ကောက်ကျစ်တာပဲ"
ထိုက်ရှူးထုံသည် သူ၏ နဂါးခေါင်းတောင်ဝှေးကို ကြမ်းပြင်ပေါ် စောင့်လိုက်ပြီး မျက်လုံးများ နီမြန်းလျက် အော်ဟစ်လိုက်သည် “သူက ဒီပုံပြင်စာအုပ်လေးတွေနဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား သူ အိပ်မက်မက်နေတာပဲ”
သို့သော် ထိုက်ရှူးထုံ ကိုယ်တိုင်လည်း ဤဝတ္ထုများ၏အန္တရာယ်ကို ရိပ်မိလိုက်သည်။ သူတို့ကဲ့သို့ သက်တမ်းရင့် ကျင့်ကြံသူကြီးများပင် စွဲလမ်းနေရလျှင် အခြေခံကျင့်ကြံသူများဆိုပါက ပြောနေစရာပင် မလိုတော့ပေ။
“တန်ချန်း”
“တပည့်ရှိပါတယ်”
“မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ ပုံပြင်စာရေးဆရာတွေကို အခကြေးငွေ အမြောက်အမြားပေးပြီး အမြန်ဆုံး အလုပ်ခေါ်လိုက် လစာကို ဝိညာဉ်ကျောက်တုံး (၁,၀၀၀) ကနေ စပေးမယ်၊ ကောင်းကောင်းရေးနိုင်ရင် ပိုပေးမယ် ‘ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း နဲ့ ယှဉ်နိုင်တဲ့ ဇာတ်လမ်းမျိုး ရေးနိုင်ရင် ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) အထက် ဆုချမယ်၊ အကန့်အသတ် မရှိဘူး”
“ဒါတင်မကဘူး... ငါတို့ ကုန်သည်ကြီးသုံးဖွဲ့ရဲ့ ဧည့်သည်တော်အကြီးအကဲအဖြစ်တောင် ခန့်အပ်ပေးမယ်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေပါ ချမ်းသာစေရမယ်၊ ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးကိုလည်း ငါတို့ ထောက်ပံ့ပေးမယ်”
ထိုက်ရှူးထုံ၏ စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။
ယခင်က အဆင့်နိမ့်သည်ဟု သတ်မှတ်ခံထားရသော ပုံပြင်စာရေးဆရာများကို ဤမျှအထိ မြှောက်စားခြင်းမှာ မကြုံစဖူး ထူးခြားလှသည်။
မကြာခင်မှာပင် မြို့တော်သုံးမြို့အတွင်းရှိ ကျင့်ကြံသူများအကြား ဤသတင်းမှာပျံ့နှံ့ သွားတော့သည်။
“ဘာ... ကုန်သည်ကြီးသုံးဖွဲ့က ပုံပြင်စာရေးဆရာတွေကို ဈေးကြီးပေးပြီး ခေါ်နေတာလား”
“တစ်လကို ဝိညာဉ်ကျောက်တုံး (၁,၀၀၀) တဲ့လား သူတို့ ရူးသွားကြပြီလား”