အခန်း (၁၃၆) ဒါကလည်း စာအုပ်ပဲဥစ္စာ၊
“မဟုတ်ဘူး... အတည်ပြောနေတာ၊ ဒီအမှိုက်တွေက ဘာကြီးလဲ”
“‘ချုံဟွာပုံပြင်များ ၊နတ်မိမယ်မှတ်တမ်း ငါဒါတွေကို အရင်က ဖတ်ဖူးသလိုပဲ”
“တောက်... ဒီဟာတွေကို တကယ်ပဲ လူဖတ်ဖို့ ရေးထားတာလား”
“ကုန်သည်ကြီးသုံးဖွဲ့ကိုယုံမိတာ ငါ့အမှားပဲ။ သူတို့က ဆက်သွယ်ရေးအဆောင်ကိုတောင် သေသေချာချာ မလုပ်နိုင်တာ၊ အခုလည်း ပုံပြင်စာအုပ်ကိုတောင် အသုံးကျအောင် အောင် မရေးနိုင်ကြဘူး”
ဆန်းရှန်းဖိုရမ်ပေါ်ရှိ ဝတ္ထုများကို ဖတ်ပြီးနောက် အသုံးပြုသူများမှာ ချက်ချင်းပင် စိတ်ပေါက်ကွဲသွားကြတော့သည်။
ကွာခြားချက်က အလွန်ကြီးမားလွန်းလှသည်!
လန်ယာဖိုရမ်မှ ဝတ္ထုများသည် စိတ်လှုပ်ရှားစရာကောင်းပြီး အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည်။
ဇာတ်အိမ်ဖြစ်စေ၊ ကမ္ဘာ့အမြင်သစ်များဖြစ်စေ ကျင့်ကြံသူများ၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေသည်။
တစ်ခါမှ မမြင်ဖူးသော ဇာတ်လမ်းများဖြစ်၍ ဖတ်ရင်းနှင့် စွဲလမ်းသွားကြရသည်။
သို့သော် ဆန်းရှန်းဖိုရမ်တွင်မူကား ဟောင်းနွမ်းနေသော ပုံပြင်ဟောင်းများသာ ရှိသည်။ စိတ်ဝင်စားစရာ အချက်တစ်ချက်မျှပင် မပါရှိပေ။
ပုံမှန်ဆိုလျှင် ဤသို့သော စာအုပ်မျိုးကို တစ်ချက်ပင် ကြည့်မည်မဟုတ်သော်လည်း ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း ကဲ့သို့သော ဝတ္ထုများကို ဖတ်ပြီးချိန်တွင် ဤစာအုပ်များကို ဖတ်ရသည်မှာ အညစ်အကြေးများကို စားနေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။
တစ်နေရာတွင်။
လူငယ်နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
“အစ်ကိုကြီး ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကို ထပ်တင်ပေးပြီလား”
“မတင်ပေးသေးဘူး။”
“ဒါဆို နတ်မိမယ်ရဲ့ကိုယ်ရံတော်ရော”
“ဒါလည်း မတင်ပေးသေးဘူး။ အကုန်လုံး မတင်သေးဘူး မမေးနဲ့တော့” ဝတ်စုံနက်နှင့် လူငယ်မှာ မျက်ကွင်းညိုကြီးများဖြင့် အားပျက်စွာ ဖြေလိုက်သည်။ “လန်ယာဖိုရမ်ရဲ့ အချိန်ဇယားအရဆိုရင် သန်းခေါင်ယံအထိ စောင့်ရဦးမှာ”
“ဗျာ ဒါဆို ငါတို့ ငါးနာရီတောင် စောင့်ရဦးမှာလား သေလိုက်ပါတော့ကွာ”
ကျင့်ကြံသူများအတွက် ငါးနာရီဆိုသည်မှာ ခဏလေးဖြစ်သော်လည်း ဝတ္ထုစွဲနေသူများအတွက်မူ တစ်စက္ကန့်မှာ တစ်နှစ်ကဲ့သို့ပင်။
ထိုစဉ် အစ်ကိုကြီးဖြစ်သူက သူတို့၏ဆန်းရှန်းဖိုရမ်မှ ဝတ္ထုအသစ်များကို ဖတ်ကြည့်ရန် အကြံပြုသည်။
ညီငယ်ဖြစ်သူက ကုန်သည်ကြီးသုံးဖွဲ့ကို မယုံကြည်သော်လည်း အချိန်ဖြုန်းရန်အတွက် ဖတ်ကြည့်ရန် သဘောတူလိုက်သည်။
သူတို့သည် ရွှေအမြုတေမှတ်တမ်းဆိုသည့် ဝတ္ထုကို ဖွင့်လိုက်ကြသည်။ အခန်းစဉ်များကို ကြည့်လိုက်သောအခါ - အခန်း (၁) ရွှေအမြုတေအနှစ်ချုပ်၊ အခန်း (၂) ပစ္စည်းများ ပြင်ဆင်ခြင်း၊ အခန်း (၃) ကျင့်ကြံခြင်း စသည်ဖြင့် ဖတ်ချင်စဖွယ် မရှိလှပေ။
ဇာတ်လမ်းကို ဆက်ဖတ်ကြည့်သောအခါ အလွန်အမင်း ပျင်းစရာကောင်းလှသည်။ အနှစ်သာရမရှိသော ဆုံးမစာများ၊ ကဗျာများဖြင့်သာ ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစရာ အချိုးအကွေ့ တစ်ခုမျှ မရှိပေ။
နောက်ဆုံးတွင် အစ်ကိုကြီးဖြစ်သူမှာ ဒေါသပေါက်ကွဲသွားပြီး သူ၏အဆောင်ကို လွှင့်ပစ်ကာ ဓားဖြင့် ခုတ်ရန် ပြင်တော့သည်။ “ဒါက အမှိုက်ပဲ ဒီလိုအမှိုက်တွေကို ဝတ္ထုလို့ ခေါ်ရဲသေးတာလား”
ညီငယ်ဖြစ်သူမှာ သူ၏တစ်နှစ်စာ စုဆောင်းငွေဖြင့် ဝယ်ထားသော အဆောင်လေးကို ပျက်စီးမည်စိုး၍ အတင်းဝင်တားရတော့သည်။
တစ်ချိန်တည်းမှာပင်။
ဆန်းရှန်းဖိုရမ်၏ မှတ်ချက်ကဏ္ဍတွင်လည်း ကျိန်ဆဲသံများဖြင့် ပြည့်နှက်နေသည်။
[အမည်မသိ]: တောက်... မင်းတို့ ဘာတွေ ရေးထားတာလဲ။
[ကျင့်ကြံသူတစ်ဦး]: ဟိုဘက်က စာအုပ်တွေကို ကြည့်ဦး၊ ဒါတွေက လူဖတ်ဖို့လား။
[ဓားသမား]: ဒါကို ဝယ်မိတာ ငါ့ဘဝမှာ အမှားဆုံးပဲ။
ပိန်းလိုင်ကုန်သည်အသင်း၏ ခန်းမအတွင်း၌ အကြီးအကဲများ အားလုံးမျက်နှာမကောင်းကြပေ။
“လူထုရဲ့ တုံ့ပြန်မှုက အရမ်းပြင်းထန်နေတယ်။”
“နှစ်ခုလုံးက ပုံပြင်စာအုပ်ပဲလေ၊ ကွာခြားချက်က ဒီလောက်တောင် ကြီးမားနေလို့လား”
“ဟုတ်တယ်... ဘယ်လောက်ပဲ ဆိုးဆိုး၊ ဒီလောက်အထိတော့ မဖြစ်သင့်ဘူးလေ။”