အခန်း (၁၃၃) ဝတ္ထုဖတ်လို့ရတဲ့ ဆက်သွယ်ရေးအဆောင်တစ်ခုလောက်
ခယ်လန်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။
ယဲ့ဖူက အသက်ပြင်းပြင်းရှူရင်း - “‘နဂါးမြီး ပေတံလား အဲဒါက ဆန်းဝူပညာကျောင်းရဲ့ ရတနာငါးပါးထဲက တစ်ခုပဲလေ ဒဏ္ဍာရီအရ ဆိုရင်တော့ အဲဒီပေတံက တပည့်တွေကို ဆုံးမဖို့အတွက် ဂိုဏ်းတည်ထောင်သူ ဆရာကြီး ချန်ထားခဲ့တာတဲ့။”
ထိုပေတံဖြင့် တစ်ချက်ရိုက်လိုက်လျှင် ခန္ဓာကိုယ်ကို သန်မာစေသော်လည်း ခံစားရသော နာကျင်မှုမှာ မည်သူမျှ မခံစားနိုင်လောက်အောင် ပြင်းထန်လှသည်။
ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိသော ကျင့်ကြံသူပင် မခံနိုင်ဘဲ ထိုနာကျင်မှုမှာ ၈၁ ရက်တိုင်တိုင် မရပ်မနား ခံစားရမည်ဖြစ်သည်။
“မိတ်ဆွေခယ်လန်... ပြန်တာ ပိုကောင်းမယ်ထင်တယ်။ ဒါက မတန်ဘူးဗျ။”
ခယ်လန်က နှုတ်ခမ်းများ တုန်ရီလျက် အတင်းပြုံးကာ - “ငါ့ဆရာက နောက်ပြောင်တတ်တာပါ ကဲ မိတ်ဆွေယဲ့ကလည်း ငါ့ကို မထားတော့ဘူးဆိုတော့ ငါလည်း ဒီနေ့ပဲ ပြန်တော့မယ်” ဟု ပြောလိုက်သည်။
သူသည် မတ်တတ်ရပ်ကာ ခါးကြားမှ စုတ်တံကို ထုတ်ပြီး လေထဲတွင် လွတ်မြောက်ခြင်းဆိုသည့် စာလုံးကို ရေးလိုက်သည်။
ထိုစာလုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ခယ်လန်၏ပုံရိပ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
ထိုစဉ်မှာပင်။
တောင်တန်းတစ်ခုလုံး ဟိန်းထွက်သွားအောင် ခေါင်းလောင်းသံ မြည်လာသည်။ သန်းခေါင်ယံ အချိန်သို့ ရောက်ရှိကာ နေ့သစ်တစ်ခု စတင်လိုက်ပြီ ဖြစ်သည်။
ဘီ-ဘီ—
ယဲ့ဖူ၏ ဆက်သွယ်ရေးအဆောင်မှာ အချက်ပေးသံ မြည်လာသည်။ သူ ငုံ့ကြည့်လိုက်ပြီး မျက်နှာကြီး ဝင်းပသွားတော့သည်။
“တကယ်ကြီး အဆင့်မြှင့်တင်မှုပြီးပြီ”
“နောက်ဆုံးတော့ ငါ့ရဲ့ ကောင်းကင်ဘုံကို ကျော်လွန်၍ တိုက်ခိုက်ခြင်း လာပြီဟေ့ ဟားဟားဟား...”
ထိုစကားကို ကြားလိုက်ရသောအခါ ကိုယ်တစ်ပိုင်း ပျောက်ကွယ်နေပြီဖြစ်သော ခယ်လန်မှာ မျက်နှာဖြူလျော့သွားပြီး သူ၏ သိုင်းကွက်ကို ရုတ်တရက် ဖျက်ဆီးကာ ပြန်ပေါ်လာတော့သည်။
သူသည် ယဲ့ဖူ၏ ဘေးသို့ ချက်ချင်းရောက်လာပြီး မျက်လုံးများ တောက်ပလျက် “ဘယ်မှာလဲ ဘယ်မှာလဲ” ဟု မေးတော့သည်။
ယဲ့ဖူ - “မိတ်ဆွေခယ်လန်၊ ခင်ဗျား ပြန်တော့မလို့ မဟုတ်လား”
ခယ်လန်က သွားကြိတ်ကာ ကျိန်ဆဲလိုက်သည် - “သွားစမ်းပါကွာ ဖတ်ပြီးမှပဲ အသေခံတော့မယ်”
ယဲ့ဖူသည် ဘာမှမပြောတော့ဘဲ အပိုင်းသစ်ကို အာရုံစိုက်ကာ ဖတ်လိုက်သည်။
“ဟား... နောက်ဆုံးတော့ ဝမ်လန်ဂိုဏ်းကို သွားတိုက်ပြီ၊ နာလန်ယန်ရန်ကို ပညာပေးပြီ... တကယ့်ကို အားရစရာပဲ”
“ဘာ... အဲဒီမိန်းမမှာ ဝှက်ဖဲရှိသေးတယ် ဟုတ်လား ကိစ္စမရှိဘူး.နတ်ဘုရားဒေါသ ကြာပန်းနဲ့ အမှုန့်ကြိတ်ပစ်”
“ဟား... ဆရာယောင်၊ ကျွန်တော့်ကိုယ်ထဲ ဝင်ပြီးတော့ သူတို့ကို အပိုင်းပိုင်း ပိုင်းပစ်လိုက်စမ်းပါ”
သူတို့နှစ်ဦးမှာအဆောင်ထဲသို့ မျက်နှာကြီး အတင်းတိုးပြီး တစ်လုံးမကျန် ဖတ်နေကြသည်။ စိတ်အာရုံကိုသုံးကာ အသေးစိတ်ကို လက်လွှတ်မခံဘဲ ဖတ်နေရင်းနှင့် နောက်တစ်ခန်းကို ဇွတ်နှိပ်ကြပြန်သည်။
သို့သော် မည်မျှပင် နှိပ်သော်လည်း အပိုင်းသစ် မတက်တော့ပေ။
[ဤသည်မှာ နောက်ဆုံးထွက်ရှိထားသော အပိုင်းဖြစ်သည်]
ယဲ့ဖူ - "......"
ခယ်လန် - "......"
“ဒါပဲလား”
“မဖြစ်နိုင်တာ... ဖတ်လို့တောင် မဝသေးဘူး”
“ဒါ ခွေးမသားစာရေးဆရာ ငါတို့ကို နှိပ်စက်နေတာပဲ"
ခယ်လန်တစ်ယောက် ဒေါသထွက်ကာ တရစပ် ကျိန်ဆဲတော့သည်။ သူသည် ဆရာ၏နဂါးမြီးပေတံနှင့် အရိုက်ခံရမည့် ဘေးကိုပင် ဂရုမစိုက်ဘဲ စောင့်နေခဲ့သော်လည်း ရလိုက်သည်မှာ အခန်းအနည်းငယ်သာ ဖြစ်သည်။
ဘီ-ဘီ-ဘီ—
အဆောင်မှာ ထပ်မံ အချက်ပေးသံ မြည်လာသဖြင့် သူတို့နှစ်ဦးလုံး မျှော်လင့်ချက်ဖြင့် ကြည့်လိုက်ရာ စာသားတစ်ကြောင်းတည်းသာ တွေ့လိုက်ရသည်။
[စာအုပ်အချိန်ဇယား - ယနေ့မှစ၍ တစ်နေ့လျှင် သုံးခန်းစီသာ တင်ပေးမည်။ မိုးရွာရွာ၊ နေပူပူ၊ ချွင်းချက်မရှိ]
စာသားအဆုံးတွင် 【ကြိုးစားပါ၊ အားတင်းထားပါ】 ဆိုသည့် ရယ်စရာ အီမိုဂျီလေး တစ်ခု ပါရှိသည်။
ယဲ့ဖူ - “...”
ခယ်လန် - “မင်းရဲ့ အမေကိုပဲ....တစ်နေ့ကို သုံးခန်းတည်းလား သုံးလုံးပဲတင်ပါလားကွာ”
“ငါတော့ ရူးတော့မှာပဲ ဒီစာရေးဆရာ ဘယ်သူလဲဆိုတာ သိရင်တော့ သတ်ပစ်မယ်”
ယဲ့ဖူသည် အဆောင်ကို အတင်းပြန်လုယူလိုက်ရသည် - “စိတ်အေးအေးထားပါ မိတ်ဆွေခယ်လန် ခင်ဗျားက ပညာတတ်တစ်ယောက်လေ၊ တည်ငြိမ်စမ်းပါ”
ခယ်လန်သည် အသည်းယားလွန်းသဖြင့် မှတ်ချက်ကဏ္ဍထဲသို့ ဝင်ကာ ဆဲဆိုရန် ပြင်လိုက်သည်။
သို့သော် မှတ်ချက်ကဏ္ဍတွင် လူသန်းပေါင်းများစွာ၏ ကျိန်ဆဲသံများ၊ အသနားခံသံများ ပြည့်နှက်နေသည်ကို မြင်သောအခါ သူတို့နှစ်ဦးလုံး မှင်တက်သွားတော့သည်။
“ငါတို့... ဘာမှလုပ်လို့ မရဘူးလား” ခယ်လန်က လက်သီးကို တင်းတင်းဆုပ်ကာ မေးလိုက်သည်။
ယဲ့ဖူက - “ဒါကို ထားလိုက်ပါတော့ ခင်ဗျား အခု ချက်ချင်းမပြန်ရင် ခင်ဗျားဆရာက ပေတံကို ကိုင်ပြီး ဒီကို ရောက်လာလိမ့်မယ်” ဟု သတိပေးလိုက်သည်။
ခယ်လန်မှာ ထိတ်လန့်သွားတော့သည်။ ယဲ့ဖူက သူ့ကို နာကျင်မှု သက်သာစေမည့် ကိုးပါးကောင်းကင် ကျောက်စိမ်းနှင်းရည်ဆေးလုံးကို ပေးကာနှုတ်ဆက်လိုက်သည်။
ခယ်လန်သည် သေမင်းတမျှ ကြောက်ရွံ့နေသော်လည်း ဂူဝသို့ ရောက်သောအခါ ပြန်လှည့်ကြည့်ပြီး နောက်ဆုံးတောင်းဆိုချက်ကို ပြောလိုက်သည်။
“မိတ်ဆွေယဲ့... ငါ့ကိုလည်း ကောင်းကင်ဘုံကို စစ်ပြိုင်ခြင်းဖတ်လို့ရတဲ့ ဆက်သွယ်ရေးအဆောင်တစ်ခုလောက် ရှာပေးပါဦး။”
အခန်း (၁၃၄) - ကျွန်တော်မှားမှန်းသိပါတယ်
“ပြဿနာမရှိပါဘူး၊ ငါ့ကိုပဲ လွှတ်ထားလိုက်”
“ကျေးဇူးပဲ”
ပညာကျောင်းကို ပြန်ရောက်ရင် ရင်ဆိုင်ရမယ့် အခြေအနေကို တွေးမိတော့ ခယ်လန်ရင်ထဲမှာ ဆို့နင့်လာပြီး မျက်နှာကို လက်နဲ့အုပ်ကာ ငိုကြွေးမိတော့သည်။
သူသည် ချက်ချင်းပင် သူ၏စုတ်တံကို ဝှေ့ယမ်းကာ စာလုံးတစ်လုံးကို ရေးဆွဲလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ နံနက်ခင်း အလင်းတန်းများနှင့် ရောနှောသွားပြီး ကောင်းကင်သို့ ပျံတက်ကာ ကျယ်ပြောလှသော ညမှောင်မှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဆန်းဝူပညာကျောင်း။
ခန့်ညားထည်ဝါသော အဖိုးအိုတစ်ဦးသည် နီမြန်းသော ထွင်းထုထားသည့် ကုလားထိုင်ကြီးပေါ်တွင် တည့်တည့်မတ်မတ် ထိုင်နေပြီး ဘာစကားမှမပြောဘဲ သူ၏နှင်းကဲ့သို့ ဖြူဖွေးသော မုတ်ဆိတ်မွေးကို အသာအယာ ပွတ်သပ်နေသည်။
မမြင်ရသော ဖိအားများမှာ ဒီရေလှိုင်းများကဲ့သို့ ပျံ့နှံ့နေသဖြင့် ပတ်ဝန်းကျင်ရှိ တပည့်များမှာ ခေါင်းပင်မဖော်ရဲဘဲ တုန်လှုပ်နေကြသည်။
ဝူး
ဝိညာဉ်အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ကြယ်စင်အလင်းတန်းများအဖြစ် ကွဲအက်သွားကာ လူရိပ်တစ်ခု ပေါ်လာသည်။
“အစ်ကိုကြီး နောက်ဆုံးတော့ ပြန်လာပြီပဲ” ဘေးနားရှိ တပည့်ငယ်လေး၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
ခယ်လန်သည် ခေါင်းမော့ကြည့်လိုက်ပြီး ကုလားထိုင်ပေါ်ရှိ အဖိုးအိုထံသို့ လျှောက်သွားကာ ရိုသေစွာ ဂါရဝပြုလိုက်သည် - “တပည့်ဖြစ်သူက ဆရာကြီးကို ဂါရဝပြုပါတယ်”
ယန်ပိုင်ချင်းက မျက်လုံးမဖွင့်ဘဲ ခန့်ညားတည်ကြည်သော အသံဖြင့် မေးလိုက်သည် “မင်း ဘယ်သွားနေတာလဲ”
ခယ်လန်က လက်အုပ်ချီကာ - “ကျွန်တော် တာလော့ကျင့်စဉ်ဂိုဏ်းကို သွားပြီး မိတ်ဆွေ ယဲ့ဖူနဲ့ သွားတွေ့တာပါ” ဟု ဖြေသည်။
ယန်ပိုင်ချင်းက ဖြည်းညှင်းစွာ ပြောလိုက်သည် - “တာလော့ဂိုဏ်းက ဒီနဲ့ သိပ်မဝေးဘူး။ မင်းရဲ့လွတ်မြောက်ခြင်း အတတ်ပညာနဲ့ဆိုရင် မိုးမချုပ်ခင် ပြန်လာဖို့က လွယ်ပါတယ်။”
ခယ်လန်က ခေါင်းငုံ့ကာ - “မိတ်ဆွေယဲ့ရဲ့ ဆီမှာ စာအုပ်တစ်အုပ် ဖတ်နေမိလို့ အချိန်ကုန်သွားတာကို မသိလိုက်တာပါ"
ယန်ပိုင်ချင်းက မျက်ခုံးပင့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည် - “ဘာစာအုပ်လဲ”
ခယ်လန်က အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ - “ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းပါ”
ယန်ပိုင်ချင်း - “.....”
ဆရာဖြစ်သူထံမှ ပိုမိုအေးစက်လာသော ဖိအားများကို ခံစားရသဖြင့် ခယ်လန်က ခါးသီးစွာ ပြုံးလျက် - “ဒါက လမ်းဘေးမှာ ပျံ့နှံ့နေတဲ့ ပုံပြင်စာအုပ်ပါ” ဟု ပြောလိုက်သည်။
ယန်ပိုင်ချင်းက မျက်မှောင်ကြုတ်ကာ - “ငါ့ကျောင်းရဲ့ တပည့်ကြီးတစ်ယောက် ဖြစ်နေပြီးတော့ သူတော်စင်တွေရဲ့ကျမ်းဂန်တွေကို ပစ်ထားပြီး လမ်းဘေးပုံပြင်စာအုပ်တွေမှာ အချိန်မေ့အောင် အာရုံရောက်နေရသလား ဒါက ဘာပြစ်မှုလဲ”
ခယ်လန်က ချက်ချင်း ဒူးထောက်လိုက်သည် - “တပည့်ဖြစ်သူ ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ပါပဲ”
ယန်ပိုင်ချင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးရိပ်တစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော ပေတံကြီးအဖြစ် ပြောင်းလဲကာ ခယ်လန်၏ ကျောပြင်ကို ရိုက်နှက်လိုက်တော့သည်။
“အား—” ခယ်လန်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားသည်။
နဂါးမြီးပေတံမှာ စိတ်နှလုံးကို ခွဲခြားသိမြင်နိုင်သော စွမ်းအားရှိသည်။ ခယ်လန်သည် ဆရာဖြစ်သူကို “နောက်ဆို မလုပ်တော့ပါဘူး” ဟု ကတိပေးသော်လည်း သူ၏ စိတ်ထဲတွင် ဆက်လက်ဖတ်ရှုလိုသော ဆန္ဒရှိနေဆဲဖြစ်သဖြင့် ပေတံက သူ့ကို ထပ်ခါတလဲလဲ ရိုက်နှက်နေတော့သည်။
နောက်ဆုံးတွင် ခယ်လန်သည် အဓိကအချက်ကို သဘောပေါက်သွားပြီး အော်ဟစ်လိုက်သည် - “ကျွန်တော် မှားမှန်းသိပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဆက်ဖတ်နေဦးမှာပဲ”
ထိုသို့ ပြောလိုက်သည်နှင့် နဂါးမြီးပေတံမှ အနီရောင်အလင်းများ ချက်ချင်း ကွယ်ပျောက်သွားတော့သည်။
သို့သော် ဆရာဖြစ်သူ ယန်ပိုင်ချင်း၏ မျက်နှာမှာ မီးသွေးခဲထက်ပင် ပိုမိုမည်းမှောင်သွားကာ ဒေါသတကြီးဖြင့် သူ၏ကိုယ်ပိုင် အစွမ်းများကိုသုံးပြီး ခယ်လန်ကို ဆက်လက် ဆုံးမတော့သည်။
ညတာ ကုန်ဆုံးသွားပြီးနောက် ဒဏ်ရာများဖြင့် လဲလျောင်းနေသော ခယ်လန်ကို ကြည့်ကာ ယန်ပိုင်ချင်းသည် အံ့အားသင့်နေမိသည်။
သူ၏တပည့်ကြီးမှာ အဘယ်ကြောင့် ဤမျှအထိ လမ်းဘေးပုံပြင်စာအုပ်တစ်အုပ်အပေါ် စွဲလမ်းနေရသနည်းဟု သူ နားမလည်နိုင် ဖြစ်နေသည်။
“မင်းတို့ အစ်ကိုကြီး ပြောနေတဲ့ အဲဒီပုံပြင်စာအုပ်အကြောင်း သိကြလား” ယန်ပိုင်ချင်းက ဘေးရှိ တပည့်များကို မေးလိုက်သည်။
တပည့်များက - “ဒါက ထျန်းဝမ်ဆက်သွယ်ရေးအဆောင်နဲ့ ဆက်စပ်နေတာပါ။ အခုရက်ပိုင်းအတွင်း လူတိုင်းလိုလို သိနေကြပါတယ်” ဟု ဖြေကြသည်။
“ဆက်သွယ်ရေးအဆောင်” ယန်ပိုင်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသည်မှာ ကြာပြီဖြစ်ရာ ပုံပြင်စာအုပ်တစ်အုပ်က အဆောင်နှင့် မည်သို့ ပတ်သက်နေသနည်းဟု ဇဝေဇဝါ ဖြစ်သွားသည်။
သူက အမိန့်ပေးလိုက်သည် - “တစ်ခုလောက် သွားရှာပြီး ငါ့ဆီကို ယူလာခဲ့”