အခန်း (၁၃၁) အပိုင်းဖြတ်တဲ့ကောင်ကို သတ်ပစ်ကြ
“အားးးးးးးး”
ယဲ့ဖူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး စိတ်ရူးပေါက်မတတ် ဖြစ်နေသည်။ သူ၏ ရင်ထဲတွင် ပုရွက်ဆိတ် အကောင်တစ်သောင်း ကိုက်ခဲနေသကဲ့သို့ ယားကျိကျိနှင့် ခံရခက်လှသည်။
ကုတ်ချင်သော်လည်း ကုတ်၍မရသည့် နှိပ်စက်မှုမျိုးပင် ဘာလို့ ဒီစာအုပ်က ဒီမှာတင် ရပ်သွားရတာလဲ ဘာလို့ ဆက်မရေးတော့တာလဲ။
“တောက် တကယ်ပဲ ကုန်ပြီလား”
“ဘယ်သူရေးတာလဲ ငါသာ သိလိုက်လို့ကတော့ အသေသတ်ပစ်မယ်”
“အားးးးး—”
ယဲ့ဖူသည် မအောင့်နိုင်တော့ဘဲ လက်ထဲမှ ဝိုင်အိုးကို လွှင့်ပစ်ကာ ဂူဗိမာန်အတွင်း ဟိန်းဟောက်နေတော့သည်။ ဘေးမှ ကြည့်နေသော ခယ်လန်မှာ မှင်တက်နေမိသည်။
“ဘာဖြစ်တာလဲ မိတ်ဆွေယဲ့”
ယဲ့ဖူသည် ခယ်လန်၏ရှေ့သို့ ရုတ်တရက် ရောက်လာပြီး သူ၏လက်မောင်းများကို ဆွဲကာ ငိုညည်းတော့သည် - “မရှိတော့ဘူး အကောင်းဆုံး အပိုင်းရောက်မှ မရှိတော့ဘူး သူက ဝမ်လန်ဂိုဏ်းကို သွားတိုက်တော့မယ်၊
နာလန်ယန်ရန်ဆိုတဲ့ မိန်းမကို ပညာပေးတော့မယ်... အဲဒီနေ့ကို ငါ သုံးနှစ်တောင် စောင့်ခဲ့ရတာကွ.သုံးနှစ်”
“အခု အဲဒီမှာတင် ရပ်သွားတယ်.ခင်ဗျား နားလည်လား ဟားးးးးး ဟားးးးးးး—”
ခယ်လန် - “......”
ငါက ဘယ်သူလဲ ငါဘယ်ရောက်နေတာလဲ ဝမ်လန်ဂိုဏ်းဆိုတာ ဘာကြီးလဲ နာလန်ယန်ရန်ဆိုတာကရော ဘယ်သူလဲ အရေးကြီးဆုံးက... ခင်ဗျား ဘယ်တုန်းက သုံးနှစ် စောင့်လိုက်တာလဲ
အတော်ကြာမှ ယဲ့ဖူသည် အကောင်းဆုံးနေရာတွင် အပိုင်းဖြတ်ခံလိုက်ရသော ပုံပြင်စာအုပ်ကြောင့် ဖြစ်နေမှန်း ခယ်လန် သိလိုက်ရသည်။
ခယ်လန်က ပြုံးစိစိဖြင့် - “ဒါလေးကို ဒီလောက်အထိ ဖြစ်နေတာလား”
ယဲ့ဖူက - “ဒါလေးက မနည်းဘူးလားဗျ” ဟု ပြန်အော်သည်။
ခယ်လန်က သူ၏ ပုခုံးကို ပုတ်ကာ -“မိတ်ဆွေယဲ့... ခင်ဗျားရဲ့စိတ်ဓာတ်က တည်ငြိမ်မှု မရှိသေးဘူး။ ကျင့်ကြံသူတွေဆိုတာ ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေတာ။ ဒီလို အသေးအမွှားလေးကိုတောင် မခံစားနိုင်ရင် ဘယ်လိုလုပ်ပြီး တရားထူး ရမှာလဲ”
ယဲ့ဖူ၏ နှုတ်ခမ်းများ တုန်ရီနေပြီး - “ကျွန်တော်လည်း သိပါတယ်၊ ဒါပေမဲ့... ဒါက တကယ် နာကျင်ဖို့ ကောင်းတယ်ဗျာ... ဝါးးးးး”
ယဲ့ဖူသည် စိတ်မအေးနိုင်သဖြင့် ဂူဗိမာန်အတွင်း သိုင်းကွက်များ ကခုန်ကာ အော်ဟစ်နေမိသည်။
နောက်ဆုံးတွင် သူသည် ခယ်လန်ကို ကြည့်ကာ - “မိတ်ဆွေခယ်လန် လာ... ကျွန်တော်နဲ့ လာတိုက်” ဟု စိန်ခေါ်တော့သည်။ ခယ်လန်က ငြင်းလိုက်သဖြင့် ယဲ့ဖူသည် စိတ်အိုက်အိုက်နှင့် အပြင်သို့ ထွက်သွားတော့သည်။
ယဲ့ဖူ ထွက်သွားသည်ကို မြင်သောအခါ ခယ်လန်သည် ယဲ့ဖူ ချန်ထားခဲ့သောအဆောင်ကို လှမ်းကြည့်လိုက်သည်။
“ဒီကောင်က တာ့ယီဂိုဏ်းက တပည့်ရင်းပဲ။ စိတ်ဓာတ်က ဒီလောက်အထိတော့ မပျော့ညံ့တန်ဘူး... ဒီဝတ္ထုဆိုတာက ဘာများလဲ”
စပ်စုချင်စိတ်ကြောင့် ခယ်လန်သည် အတောင်ကို ဖွင့်ကြည့်လိုက်သည်။ ခဏအကြာတွင် ယဲ့ဖူသည် အဆောင်မေ့ကျန်ခဲ့သဖြင့် ပြန်လာရာ ဂူဗိမာန်အတွင်းမှ အသည်းခိုက်မတတ် အော်သံကြီးကို ကြားလိုက်ရသည်။
“အားးးးးးးး—”
“ဘာလို့ ဒီမှာတင် ကုန်သွားတာလဲ”
“မတရားဘူး ကျန်တဲ့အပိုင်းတွေ ဘယ်မှာလဲ ဘယ်မှာလဲ”
“ဘယ်သူရေးတာလဲ သတ်ပစ်မယ်”
ယဲ့ဖူ ဂူဗိမာန်ထဲဝင်လိုက်သောအခါ အော်သံများ ရုတ်တရက် တိတ်သွားသည်။ ခယ်လန်သည် ဘာမှမဖြစ်သကဲ့သို့ စာအုပ်ကို အေးအေးဆေးဆေး ဖတ်နေသည်။
ယဲ့ဖူက - “ဘယ်သူ အော်နေတာလဲ” ဟု မေးရာ ခယ်လန်က တည်ငြိမ်စွာပင် - “ဘယ်သူမှ မရှိပါဘူး၊ ငါ တစ်ယောက်တည်းပဲ။ ခင်ဗျား နားကြားမှားတာ ဖြစ်မှာပါ” ဟု ဖြေသည်။
ယဲ့ဖူက မယုံသော်လည်း ဘာမှမပြောဘဲ ပြန်ထွက်သွားသည်။ ထိုအခါမှ ခယ်လန်သည် စာအုပ်ကို လွှင့်ပစ်ကာ အဆောင်ကို ကောက်ကိုင်ပြီး နောက်ဆုံးအပိုင်းကို အဆက်မပြတ် နှိပ်နေတော့သည်။
“အားးးး ဘာလို့ ကုန်သွားတာလဲ ဘာလို့လဲ”
“စာပေကျင့်ဝတ် လုံးဝမရှိတဲ့ စာရေးဆရာ ဆန်းဝူပညာကျောင်းကိုယ်စား ငါ ခင်ဗျားကို ရှုတ်ချတယ်”
“ဘာလုပ်နေတာလဲ”
ယဲ့ဖူ၏ အသံကြောင့် ခယ်လန်မှာ မှင်တက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လန်ယာဖိုရမ်၏ ဝတ္ထုကဏ္ဍတွင် မှတ်ချက်များ ပေါက်ကွဲနေတော့သည်။
[ခေါင်းစဉ်မရှိ]: အားးးးး သေတော့မယ်...
စာရေးဆရာ ထွက်ခဲ့စမ်း ငါ မင်းကိုအသေသတ်မှာ မဟုတ်ဘူးလို့ ကတိပေးတယ်
[ကျင့်ကြံသူတစ်ဦး]: အရှက်မရှိတဲ့သူ ဘယ်လိုလုပ် အကောင်းဆုံးနေရာမှာ အပိုင်းဖြတ်ထားရတာလဲ
[ဓားသမား]: ကျန်တဲ့ အပိုင်းတွေ ဘယ်မှာလဲနာလန်ယန်ရန်ကို ပညာပေးပြီးပြီလား။
[ဝိညာဉ်ကျောက်တုံးပိုင်ရှင်]: ဆက်ရေးစမ်း ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်... အငမ်းမရ ရေးစမ်း။