အခန်း (၁၂၇) - ဆက်သွယ်ရေးအဆောင် လုပ်ငန်းကို လက်လွှတ်ရမယ်
ကုန်သည်ကြီးသုံးဖွဲ့၏ ဆက်သွယ်ရေးအဆောင်များ အသုံးပြုသည့်နေရာတိုင်းတွင် တူညီသော အဖြစ်အပျက်များ ဖြစ်ပွားနေသည်။
ဖေးရှူးစတင်ထုတ်လုပ်သည့် ပထမဆုံးနေ့မှာပင် အသုံးပြုသူ အရေအတွက်မှာ မကြုံစဖူး များပြားခဲ့သည်။
၎င်းမှာ ရှေးဦးစွာထွက်ရှိထားသော ရှန်းလျောင်၏ အရှိန်အဝါကြောင့် ဖြစ်သည်။ ရှန်းလျောင် အသုံးပြုသူများ၏ ကြွားလုံးထုတ်မှုများကြောင့် ကျင့်ကြံသူတိုင်းက ဖိုရမ်နှင့် ရှန်းလျောင် ကမ္ဘာထဲတွင် စိတ်သဘောထားကောင်းပြီး စကားပြောပျော်စရာကောင်းသော သူငယ်ချင်းများစွာ ရှိနေသည်ဟု တစ်ထပ်တည်း ယုံကြည်နေကြသည်။
သို့သော် ဖေးရှူးကို အသုံးပြုကြည့်သောအခါမှသာ အရာရာမှာ သူတို့ ထင်ထားသလို မဟုတ်မှန်း သိလိုက်ရသည်။
ဖေးရှူးပေါ်တွင် လူနည်းလွန်းရုံတင်မကဘဲ ချစ်စရာကောင်းပြီး နားလည်မှုရှိသော နတ်သမီးလေးများ သို့မဟုတ် ယဉ်ကျေးသိမ်မွေ့သော အမျိုးသားကျင့်ကြံသူများလည်း မရှိပေ။
တစ်ညအတွင်းမှာပင် သူတို့၏ စိတ်ကူးယဉ်အိမ်မက်များ ပြိုလဲသွားတော့သည်။
“ဒါက ဘာလဲ ရှန်းလျောင်ကို လိုက်ဖို့ဆိုတာ အဝေးကြီးပဲ”
“လူလည်း နည်းတယ်၊ အရည်အချင်းကလည်း ညံ့တယ်”
“ကုန်သည်ကြီးသုံးဖွဲ့ရဲ့အဆောင်တွေက အမှိုက်တွေပါလို့ ငါပြောသားပဲ”
“အမြဲတမ်း သူများနောက်က လိုက်ကူးတယ်၊ ကူးတာတောင် တူအောင် မကူးနိုင်ဘူး”
“တောက် ငါ့ဘဝမှာ ဒီအဆောင်ကို ဝယ်မိတာ အတုံးဆုံးပဲ။ ဝိညာဉ်ကျောက်တုံး စုပြီး ထျန်းဝမ်ကိုပဲ ပြောင်းတော့မယ်”
ကုန်သည်ကြီးသုံးဖွဲ့၏ အမာခံအသုံးပြုသူများပင်လျှင် သူတို့၏အဆောင်များအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားကြသည်။
ယခုအခါ ထျန်းဝမ်သည် အဆောင်ပြောင်းလိုသူတိုင်းအတွက် နံပါတ်တစ်ရွေးချယ်စရာ ဖြစ်လာသည်။
တစ်ဖက်တွင် ဖေးရှူးနှင့် ပတ်သက်သည့် အစီရင်ခံစာများမှာ ထန်ချန်းထံသို့ ရောက်ရှိလာသည်။
ထန်ချန်းသည် ဆိုးရွားလှသော ဝေဖန်မှုများကို ဖတ်ပြီးနောက် ဘာမှမပြောဘဲ အစီရင်ခံစာကို ရွှယ်ဝူရင်ထံသို့ ပစ်ပေးလိုက်သည်။
ရွှယ်ဝူရင်မှာ မျက်နှာပျက်သွားသည်။ ဤဖေးရှူးကို သူ၏အဖွဲ့ကသာ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထန်ချန်းက ထပ်မံ၍ အချက်အလက်တစ်ခုကို ချပြသည် - “ဒါက ယူယွဲ့နဲ့ ထိုက်ဟောင် မြို့တော်တွေက ထျန်းဝမ်ရဲ့ အရောင်းစာရင်းပဲ။ ငါတို့ ဖေးရှူးကို ထုတ်လိုက်ပြီးကတည်းက ထျန်းဝမ်ရဲ့အရောင်းနှုန်းက တစ်ဟုန်ထိုး တက်သွားပြီး ရက်ပိုင်းအတွင်းမှာတင် အဆောင်ရေ ၅ သန်းလောက် ရောင်းလိုက်ရတယ်”
လူတိုင်း တိတ်ဆိတ်သွားကြသည်။ ရွှယ်ဝူရင်မှာ ဝိညာဉ်ကျောက်တုံးများစွာ အကုန်အကျခံကာ ရန်သူ၏အရောင်းရဆုံးဖြစ်အောင် ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် အရှက်ရလွန်း၍ မျက်နှာကြီး နီမြန်းနေတော့သည်။
ရွှယ်ဝူရင်က သွားကြိတ်ကာ - “ဒါက ဘာကိုမှ သက်သေမပြနိုင်ပါဘူး။ ဆက်သွယ်ရေးအဆောင်ကဏ္ဍက အရင်းအမြစ်မှာကတည်းက လန်ယာကို မယှဥ်နိုင်ဘူး။ ငါ ဘာလုပ်လုပ် ထျန်းဝမ်ကို မမီနိုင်ဘူး။ ဒီလုပ်ငန်းကို ရပ်ဆိုင်းလိုက်တာ အကောင်းဆုံးပဲ” ဟု အော်ပြောလိုက်သည်။
ထန်ချန်း၏မျက်နှာမှာ အေးစက်သွားသည်။
ထိုစဉ် ဟိန်းထွက်နေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည် - “ဆက်သွယ်ရေးအဆောင်လုပ်ငန်းကို မဖျက်သိမ်းရဘူး”
ထိုအသံမှာ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လှပြီး လူတိုင်း၏ ရင်ကို တုန်လှုပ်စေသည်။ ဟင်းလင်းပြင်ထဲမှ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး နဂါးခေါင်းလက်ကိုင်တုတ်ကို ကိုင်ထားသော အဘိုးအိုတစ်ဦး ထွက်လာသည်။
သူမှာ ထိုက်ရှူးထုံဖြစ်သည်။ သူသည် ဖုန်းလိုင်ကုန်သည်အဖွဲ့၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး လက်ရှိဥက္ကဋ္ဌ၏ ဆရာလည်း ဖြစ်သည်။
သူသည် လောကီရေးရာများကို စွန့်ခွာကာ အဆင့်မြင့်ကျင့်စဉ်များ ကျင့်ကြံနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။
ထန်ချန်းက ဝမ်းသာအားရဖြင့် - “စီနီယာထိုက်ရှူး” ဟု ခေါ်ကာ ဦးညွှတ်လိုက်သည်။
ထိုက်ရှူးထုံက လက်ထဲရှိ ထျန်းဝမ်အဆောင်ကို မြှောက်ပြကာ - “ငါ ကျင့်စဉ်ကနေ ထွက်လာပြီး လှည့်လည်ကြည့်ရှုတော့ လီရှောင်မြို့တော်က အရမ်းကို ပြောင်းလဲသွားပြီ။ ဒီအဆောင်လေးကိုပဲ ကြည့် ဒါကို မင်းတို့ အလေးမထားရင် နောက်ထပ် နှစ် ၁၀၀ ကြာလို့ ငါ ကျင့်စဉ်ကနေ ပြန်ထွက်လာတဲ့အခါ ကုန်သည်ကြီးသုံးဖွဲ့ဆိုတာ ရှိတော့မှာ မဟုတ်ဘူး”
လူတိုင်း အံ့အားသင့်သွားကြသည်။ ထိုက်ရှူးထုံက ဆက်လက်၍ “ကျင့်ကြံသူတိုင်းက ဒီအဆောင်ကို မနက်ကနေ ညအထိ လက်ကမချဘဲ ကိုင်ထားကြတယ်။
တစ်ယောက်ကဖိုရမ်ပေါ်ကနေနည်းလမ်းကောင်းတွေသင်ယူတယ်၊တစ်ယောက်ကရှန်းလျောင်ကနေပညာရှင်တွေနဲ့တွေ့တယ်ဒါတွေကကျင့်ကြံသူတွေအတွက်မရှိမဖြစ်အလေ့အကျင့်ဖြစ်သွားပြီ။ဒါဟာကောင်းတဲ့လက္ခဏာလို့မင်းတို့တကယ်ထင်နေတာလား”