အခန်း (၁၂၆) - ငါတို အဆက်အသွယ် ဖြတ်လိုက်ပြီ
ချန်ကျန့် သည် အလွန်စိတ်လှုပ်ရှားနေပြီး ဤခံစားချက်မှာ ထူးခြားဆန်းသစ်နေသည်ဟု ခံစားရသည်။
သူ တစ်ခါမှမတွေ့ဖူးသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက သူ၏ရင်ခွင်ထဲသို့ ပစ်ဝင်လာတော့မည် မဟုတ်ပါလား။ ဤသည်မှာ သူ၏ဘဝတွင် ပထမဆုံးသော အတွေ့အကြုံပင် ဖြစ်သည်။
သူသည် လူမရောက်လာခင် ဝမ်ကျန်းမျှော်စင်သို့ သွားကာ အကောင်းစား ဝိုင်နှင့် စားသောက်ဖွယ်ရာများကို ဝယ်ယူပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ကာ ပြန်လာခဲ့သည်။
ထို့နောက် သန့်ရှင်းပြီးသားဖြစ်သော သူ၏ ဂူဗိမာန်ကို တစ်ချက်ကြည့်ကာ တစ်ခုခု လိုအပ်နေသေးသည်ဟု ခံစားရသဖြင့် ဖုန်ခါဂါထာ အချို့ကို ထပ်မံ ရွတ်ဖတ်လိုက်သေးသည်။
မကြာမီ တံခါးပြင်ပရှိ အစီအရင်မှာ လှုပ်ခတ်သွားသဖြင့် ချန်ကျန့်က စိတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ ရောက်လာသူမှာ ဟွာဖုန်း ဖြစ်နေသည်ကို တွေ့ရသည်။
သူသည် စိတ်ပျက်သွားသော်လည်း တံခါးကို ဖွင့်ပေးလိုက်ရသည်။
“လူကလေးချန်... မင်း ဖိုရမ်ပေါ်မှာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ စကားပြောပြီး သူက မင်းဆီ လာမလို့ဆိုတာ တကယ်ပဲလား” ဟွာဖုန်းက ဝင်လာရင်း ပြောင်စင်နေသော ဂူဗိမာန်နှင့် စားပွဲပေါ်က ဝိုင်များကို ကြည့်ကာ မယုံနိုင်သလို မေးလိုက်သည်။
“ဘာလို့ တကယ်မဖြစ်ရမှာလဲ ငါက ဒီလိုကိစ္စလေးနဲ့ အစ်ကိုကြီးဟွာကို လိမ်ပါ့မလား” ချန်ကျန့်က မသိမသာ မေးစေ့ကို ပွတ်ရင်း လေသံအေးအေးဖြင့် ပြန်ဖြေလိုက်သော်လည်း သူ၏ မျက်ဝန်းများတွင် အောင်နိုင်သူ အပြုံးများဖြင့် ပြည့်နှက်နေသည်။
ဟွာဖုန်းက မျက်မှောင်ကြုတ်ကာ - “အဲဒီ အမျိုးသမီးက အရမ်းလွယ်လွန်းမနေဘူးလား စကားပြောလို့မှ မကြာသေးဘူး၊ လူချင်းတွေ့ဖို့အထိ ဖြစ်သွားတာလား မင်းကို လူဆိုးတစ်ယောက်လို့ သူ မစိုးရိမ်ဘူးလား”
ချန်ကျန့်၏မျက်နှာတွင် အမည်းစက်များ ထင်သွားပြီး - “မင်းကသာ လူဆိုး ငါက နတ်သားတစ်မျှ မချောပေမဲ့ ယဉ်ကျေးသိမ်မွေ့ပြီး ကြည့်ကောင်းတဲ့သူပါ။ ကြည့်ရုံနဲ့တင် လူကောင်းမှန်း သိသာပါတယ်”
ဟွာဖုန်းက အကျိုးအကြောင်းပြကာ ဆက်ပြောသည် - “လူကလေးချန်... ငါ ပြောတာကို နားထောင်ပါ။ ငါလည်း နတ်သမီးလေးတွေ အများကြီးနဲ့ စကားပြောဖူးတယ် ဒါပေမဲ့ သူတို့နဲ့က တဖြည်းဖြည်း ရင်းနှီးလာပြီးမှ စိတ်တူကိုယ်တူ ဖြစ်လာကြတာ။
မင်းကျတော့ အခုမှစပြောတာတင် ရှိသေးတယ်။ အပြင်မှာက အန္တရာယ်တွေ အများကြီးပဲ။ လာတဲ့သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေမှာကို စိုးရိမ်ရတယ်”
ချန်ကျန့်မှာ ဒေါသထွက်သွားကာ - “ဘာလဲ... မင်းက ရှန်းလျောင်သုံးပြီး နတ်သမီးလေးတွေနဲ့တွဲတော့ မင်းရဲ့ ဆွဲဆောင်မှုကြောင့်ပေါ့။ ငါက ဖေးရှူးသုံးပြီး မိန်းကလေးတစ်ယောက်နဲ့ သိတော့မှ ရည်ရွယ်ချက် မကောင်းဘူး ဖြစ်ရတာလား”
ဟွာဖုန်းက စေတနာဖြင့် ထပ်မံရှင်းပြသော်လည်း ချန်ကျန့်မှာ အသိဉာဏ်ကင်းမဲ့နေပြီး လုံးဝ နားမထောင်တော့ပေ။
“တော်တော့ ငါက ကျင့်ကြံခြင်းလောကမှာ နေလာတာ မင်းထက် မနည်းပါဘူး။ ငါ့ကို လာသင်ပေးနေစရာ မလိုဘူး”
“ဟွာဖုန်း” ချန်ကျန့်၏မျက်လုံးများ နီမြန်းနေကာ - “မင်းက နေ့တိုင်း ထျန်းဝမ်အဆောင်ကို ကိုင်ပြီး တစ်ကမ္ဘာလုံးက နတ်သမီးလေးတွေနဲ့ စကားပြောနေတာလေ။
ငါ့ခံစားချက်ကိုရော ထည့်တွေးဖူးလား ငါ့အဆောင်က အမှိုက်စုတ်ကြီး ဖြစ်နေတုန်းက မင်း ငါ့ရှေ့မှာ ကြွားခဲ့တာလေ အခု ငါ့အဆောင်ကလည်း စကားပြောလို့ ရလာပြီဆိုမှ မင်းက လာပြီး ရန်ရှာနေတာလား မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ချန်ကျန့်သည် သူ၏ဝတ်ရုံစကို ဓားဖြင့် လှီးဖြတ်လိုက်ကာ - “ဒီနေ့ကစပြီး ငါတို့ အဆက်အသွယ် ဖြတ်လိုက်ပြီ၊ ငါတို့က သူစိမ်းတွေပဲ” ဟု ဆိုကာ ကျောခိုင်းလိုက်တော့သည်။
ဟွာဖုန်းသည် သက်ပြင်းချကာ ဂူဗိမာန်ပြင်ပသို့ ထွက်လာခဲ့သည်။ ထိုစဉ် ဒေါသတကြီးဖြင့် လျှောက်လာသော ထွားကျိုင်းသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။
ဟွာဖုန်းက တစ်ခုခုကို ရိပ်မိသွားပြီး ဂူဗိမာန်တံခါးဝမှ အသာချောင်းကြည့်ကာ - “လူကလေးချန်... မင်း သေချာပြီလား” ဟု မေးရာ ချန်ကျန့်က - “ငါ့စိတ်က ခိုင်မာပြီးသားပဲ၊ ဘာမှ ထပ်မပြောနဲ့တော့” ဟု အော်လိုက်သည်။
ဟွာဖုန်း ထွက်သွားပြီးနောက် ထိုလူထွားကြီးသည် ချန်ကျန့်၏ဂူဗိမာန်ထဲသို့ ဝင်သွားကာ ကျောက်တံခါးကို ပိတ်လိုက်သည်။ မကြာမီတွင်ပင် ဂူဗိမာန်အတွင်းမှ အသည်းခိုက်မတတ် အော်သံများ ထွက်ပေါ်လာတော့သည်။
“အား— ငါ မှားပါပြီ— အို—”
“အဲဒီနား မဟုတ်ဘူး— အား—”
“ငါ တကယ် မခံနိုင်တော့ဘူး— အား—”
“အစ်ကိုကြီးဟွာ... ငါ့ကို ကယ်ပါဦး”
ဝေးကွာရာသို့ရောက်နေပြီဖြစ်သော ဟွာဖုန်းသည် နောက်ကွယ်မှ သဲ့သဲ့လေး ကြားနေရသော အော်သံများကို နားထောင်ရင်း ခေါင်းခါလိုက်သည်။
“အဲဒီ အဆောင်ကြောင့် ကိစ္စတွေ အများကြီး ဖြစ်နေတာတောင် လူတွေက ဘာလို့ သုံးချင်နေကြသေးတာလဲ သူခံရတာ ထိုက်တန်ပါတယ်”