အခန်း (၁၂၅) ဒီအမျိုးသမီး ကျင့်ကြံသူတွေကတော့ တကယ့်ကို တစ်မျိုးစီပါပဲလား
ကုန်သည်ကြီးသုံးဖွဲ့၏ ဆက်သွယ်ရေးအဆောင်များသည် နောက်ဆုံးအကြိမ် ပြန်လည်သိမ်းဆည်းပြီး အဆင့်မြှင့်တင်ပြီးနောက်တွင် ထျန်းဝမ်အဆောင်များကဲ့သို့ပင် တစ်ပြိုင်နက်အဆင့်မြှင့်တင်နိုင်သော စနစ်ကွန်ရက်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
ချန်ကျန့် သည် သူ၏အဆောင်ပေါ်တွင် အဆင့်မြှင့်တင်နေသည်ကို မြင်သောအခါ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေမိသည်။
ပြီးခဲ့သည့်အကြိမ်က ဟွာဖုန်းသည် နတ်သမီးလေးများနှင့် စကားပြောကာ သူ့ကို လာကြွားသွားခဲ့သည်။
ထို့ကြောင့် သူသည် ဆေးဖက်ဝင်အပင် ရှာဖွေရေးအဖွဲ့တွင် ပါဝင်ကာ ရက်အနည်းငယ်ကြာ အပင်ပန်းခံ အလုပ်လုပ်ခဲ့ရသည်။
ရရှိလာသော ဝိညာဉ်ကျောက်တုံးများမှာ မနည်းလှသော်လည်း အဆောင်အသစ် ဝယ်ရန်တော့ အလှမ်းဝေးနေသေးသည်။
အကယ်၍ ယခု အဆင့်မြှင့်တင်လိုက်သည်အဆောင်က ထျန်းဝမ်၏အဆောင် နှင့် ဆင်တူပါက သူဝိညာဉ်ကျောက်တုံး အကုန်အကျခံကာ အဆေညင်အသစ် လဲစရာ မလိုတော့ပေ။
ဝီ... ဝီ...
အဆောင် အဆင့်မြှင့်တင်မှုပြီးသွားသောအခါ မျက်နှာပြင်ပေါ်တွင် ဖေးရှူးဆိုသည့် ပုံစံငယ်လေး ပေါ်လာသည်။
၎င်းသည် နန်းတော်နီပုံစံလေး ဖြစ်ပြီး ရှန်းလျောင်နှင့်ပုံစံကွဲသော်လည်း အတွင်းပိုင်း အခင်းအကျင်းမှာမူ အရောင်ပြောင်းထားရုံမှလွဲ၍ ရှန်းလျောင်ကိုသာ ပုံတူကူးထားခြင်း ဖြစ်သည်။
ချန်ကျန့်သည် သူငယ်ချင်းအသစ်များ ရှာရန်အတွက် ဆန်းရှန်းဖိုရမ်သို့ ချက်ချင်း သွားလိုက်သည်။
ဟွာဖုန်း ပြောပြခဲ့သည့်အတိုင်း နတ်သမီးလေးများကို ရှာဖွေရာ မကြာမီမှာပင် အမျိုးသမီး ကျင့်ကြံသူအချို့ကို သူငယ်ချင်းအဖြစ် အောင်မြင်စွာအပ်နှံနိုင်ခဲ့သည်။
သူသည် ဟွာဖုန်းထက် ပို၍ စာပေတတ်မြောက်ကာ စကားပြော ကောင်းသူဖြစ်သဖြင့် ရင်ခုန်စရာ အဖွင့်စကားများကို စဉ်းစားလိုက်သည်။
တစ်ဖက်မှ အရင်စပို့လာသည်-【လုလင်ပို - ဘာလုပ်နေတာလဲ】
ချန်ကျန့်၏ မျက်လုံးများ တောက်ပသွားပြီး အဖြေတစ်ခုကို ပို့လိုက်သည်။
【ချန်ကျန့် - လေပြေကို စောင့်နေတာပါ။】
【လုလင်ပို - .......】
【ချန်ကျန့် - ပြီးတော့ မင်းကိုလည်း စောင့်နေတာပါ】
【လုလင်ပို - မိတ်ဆွေ၊ ကျွန်မတို့က မသိကြဘူး မဟုတ်လား】
【ချန်ကျန့် - အရင်က သိခဲ့သလားဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီအခိုက်အတန့်မှာ မင်းက ငါ့အတွက်၊ ငါက မင်းအတွက်ဖြစ်နေဖို့ပါပဲ)
【ချန်ကျန့် - မင်းကို သူငယ်ချင်းအဖြစ် အပ်လိုက်တဲ့အချိန်မှာပဲ ငါ့ဘဝရဲ့ ပထမပိုင်း တစ်ဝက်လုံးဟာ ဒီအခိုက်အတန့်လေးအတွက် တည်ရှိနေခဲ့တာဆိုတာ ငါ နားလည်သွားခဲ့ပြီ】
ချန်ကျန့်သည် မိမိကိုယ်ကို ဂုဏ်ယူနေမိသည်။ သူသာ ကျင့်ကြံခြင်းလမ်းစဉ်သို့ မဝင်ရောက်ခဲ့ပါက လူ့လောကတွင် နာမည်ကြီး စာဆိုတော်တစ်ဦး ဖြစ်နေလောက်ပြီ။
ဤကဲ့သို့သော အပြောအချိုများမှာ သူ့အတွက်တော့ အပန်းမကြီးပေ။ သူ တွေးလိုက်သည်မှာ ဒီအမျိုးသမီးကျင့်ကြံသူတွေက အပြင်မှာတော့ အေးစက်နေကြပေမဲ့အဆောင်ပေါ်မှာတော့ အထီးကျန်နေကြတာပဲဟူ၍ ဖြစ်သည်။
အတော်ကြာမှ တစ်ဖက်မှ စာပြန်လာသည်။
【လုလင်ပို - ရှင် ဘယ်မှာလဲ လီရှောင်မြို့တော်မှာပဲလား ကျွန်မ ရှင့်ဆီလာခဲ့မယ်】
ချန်ကျန့်မှာ အံ့အားသင့်ကာ ဝမ်းသာသွားသည်။ "ကြည့်စမ်း... ငါ စပြောတာနဲ့တင် တစ်ဖက်က မနေနိုင်မထိုင်နိုင် ဖြစ်ပြီး လာတွေ့ချင်နေပြီ" သူသည် မိမိ၏ ဂူဗိမာန်လိပ်စာကို ချက်ချင်း ပေးလိုက်တော့သည်။
ထို့နောက် သူသည် ရေချိုးသန့်စင်ကာ ဟွာဖုန်းထံသို့ ဖုန်းဆက်လိုက်သည် - “ဟေး... အစ်ကိုကြီးဟွာ ဘာရယ်မဟုတ်ပါဘူး၊ ခုနက ဖေးရှူးပေါ်မှာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ စကားပြောဖြစ်တာလေ။
စကားပြောလို့မှ မဆုံးသေးဘူး၊ သူက ငါ့ရဲ့ အရည်အချင်းတွေကို အားကျလို့ဆိုပြီး အသေအလဲ လာတွေ့ချင်နေလို့။ ငါကတော့ ငြင်းတာပေါ့ ဒါပေမဲ့ သူက ငါ့ကို မတွေ့ရရင် သူ့ရဲ့ကျင့်စဉ် ပျက်စီးသွားလိမ့်မယ်ဆိုလို့ လိပ်စာပေးလိုက်ရတယ်။
ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တည်းခိုခန်းမှာ နှစ်ယောက်တည်းဆိုတာ မကောင်းလို့ မင်းကိုလည်း ထမင်းလက်ဆုံစားဖို့ ဖိတ်တာပါ... ဟားဟားဟား”
ချန်ကျန့်သည် ဟွာဖုန်းကို ကြွားလုံးထုတ်ပြီးနောက် အားရပါးရပြုံးရင်း စောင့်နေမိသည်။
ဒီညတော့ ဟွာဖုန်း ရှေ့မှာ ငါကောင်းကောင်း ကြွားရတော့မယ်။
တစ်ချိန်တည်းမှာပင် လီရှောင်မြို့တော်၏ တစ်နေရာ၌။
အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ တုန်ရင်နေပြီး - “မောင်ကြီး ကျွန်မ သူ့ကို တကယ်မသိပါဘူး။ မောင်ကြီး မြင်တဲ့အတိုင်း ဒါက ပထမဆုံး စကားပြောဖူးတာပါ။ သူက ဘာလို့ ဒီလိုတွေ ပြောနေတာလဲ မသိဘူး” ဟု ငိုယိုကာ ပြောနေသည်။
သူမ၏ဘေးတွင် ဓားကြီးတစ်လက်ကို လွယ်ထားသော ထွားကျိုင်းသည့် လူတစ်ဦးမှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီမြန်းနေကာ “စိတ်မပူနဲ့ ငါ့မှာ မျက်စိပါတယ်”
“တောက် ငါ့မိန်းမကို လာမြှူစွယ်တဲ့ ကောင် ဒီနေ့တော့ အဲဒီကောင်ကို သွေးစွန်းအောင် ငါ ကိုယ်တိုင် သတ်ပစ်မယ်”
ထိုသို့ ဆိုကာ သူသည် ဓားကို ဆွဲ၍ အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။