အခန်း (၁၂၄) ငါက ကွယ်လွန်သူဇနီးများ၏ မဟာဧကရာဇ်ဖြစ်လာမယ်
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌
ထန်ချန်းသည် သူ၏အခန်းသို့ အမြန်ပြန်လာပြီး ဆက်သွယ်ရေးအဆောင်ကို ထုတ်လိုက်သည်။ မဖတ်ရသေးသော စာများကို မြင်လိုက်ရသောအခါ သူ အလျင်အမြန်ပင် နှိပ်ကြည့်လိုက်တော့သည်။
【ထန်စန်းချန်း - စိတ်မရှိပါနဲ့၊ စာကို အချိန်မီ ပြန်မပို့နိုင်လို့ပါ】
【လျိုဖန်း နတ်သမီးလေး - ရပါတယ်ရှင် ရှင့်မှာလည်း လုပ်စရာကိစ္စတွေ ရှိမှာပေါ့။】
【ထန်စန်းချန်း - မင်း... စိတ်မဆိုးဘူးလား】
【လျိုဖန်း နတ်သမီးလေး - ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို အောင်မြင်အောင် လုပ်ရမှာပဲလေ၊ အဲဒါကြောင့် အပေးအယူ လုပ်ရတာတွေ ရှိမှာပေါ့။ ကျွန်မ နားလည်ပါတယ်။】
ထန်ချန်းသည် သူမ၏ နားလည်ပေးမှုကို ရရှိသောအခါ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည် - “ဒါဆိုရင် ဘာတွေကို စတေးသင့်ပြီး ဘာတွေကို မစတေးသင့်ဘူးလို့ မင်းထင်လဲ”
နတ်သမီးလေးက - “စတေးသင့်တာ၊ မစတေးသင့်တာရယ်လို့မရှိပါဘူး။ ရှင့်ရဲ့ ရင်ထဲမှာ နောင်တမရှိသရွေ့ ဘာမဆိုလုပ်လို့ရပါတယ်” ဟု ပြန်ဖြေသည်။
ထန်ချန်းက တုံ့ဆိုင်းမနေဘဲ မေးလိုက်သည် - “တကယ်လို့ ကျင့်စဉ်လမ်းအတွက် ကိုယ့်ဇနီးကို သတ်ရမယ်ဆိုရင်ရော”
ထိုစာကို ပို့လိုက်ပြီးနောက် တစ်ဖက်မှ တိတ်ဆိတ်သွားသည်။
ထျန်းကျွယ်ကျွန်း။
ဝမ်မု နှင့် တင်းတင်းတို့သည် လီယွမ်ဟွာက ထန်ချန်းနှင့် စကားပြောနေသည်ကို ဘေးမှ ကြည့်နေကြသည်။
ထန်ချန်း၏ စာသားကို မြင်လိုက်ရသောအခါ လီယွမ်ဟွာနှင့် တင်းတင်းတို့မှာ တစ်ပြိုင်နက်တည်း ကျိန်ဆဲလိုက်ကြတော့သည်။
“တိရစ္ဆာန် တကယ့် တိရစ္ဆာန်ဲကောင်ပဲ ”
ဝမ်မုပင်လျှင် ထန်ချန်းက ဤမျှ အရှက်မရှိသော စကားမျိုးကို ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထန်ချန်းသည် ဖုန်းလိုင်ကုန်သည်အဖွဲ့တွင် နှိမ်ချခံထားရသဖြင့် သူ၏ရင်ထဲမှ အမည်းစက်များမှာ ယခုအခါ လျိုဖန်းနတ်သမီးလေးကို တွေ့မှသာ ဆည်ပေါက်သလို ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝမ်မုက ခဏစဉ်းစားပြီး လီယွမ်ဟွာကို - “ဒီလို ပြန်ပြောလိုက်...” ဟု ညွှန်ကြားလိုက်သည်။
ထန်ချန်းမှာ စာပြန်မလာသဖြင့် ပျာယာခတ်နေမိသည်။ ငါ အရမ်းစောပြီး ပြောမိသွားပြီလား သူမက မိန်းကလေးပဲ၊ ဘယ်လိုလုပ် ဒါကို လက်ခံနိုင်မှာလဲဟု တွေးကာ ဆင်ခြေပေးရန် ပြင်နေစဉ် အဆောင် မြည်လာသည်။
【လျိုဖန်း နတ်သမီးလေး - စိတ်မရှိပါနဲ့ရှင်၊ တစ်ခုခုလုပ်စရာရှိလို့ ခဏ ထသွားလို့ပါ။】
【လျိုဖန်း နတ်သမီးလေး - ကျွန်မကို ကလေးမလေးတွေလို့ ထင်နေတာလား။ ကျင့်ကြံလာတာ နှစ်ပေါင်းရာချီပြီ၊ ဘယ်လို လောကဓံမျိုးတွေကို မမြင်ဖူးဘဲ နေမှာလဲ။
အင်အားကြီးတဲ့သူ ဖြစ်လာဖို့ဆိုရင် ဘယ်သူ့ကိုမဆို ခြေနင်းတုံး လုပ်လို့ရတာပဲ။ အဲဒါမှ စစ်မှန်တဲ့ ပညာရှင်ပေါ့】
ထန်ချန်းမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
ထို့နောက် နတ်သမီးလေးက ရှေးဟောင်းဒဏ္ဍာရီထဲမှကွယ်လွန်သူဇနီးများ၏ မဟာဧကရာဇ်အကြောင်းကို ပြောပြသည်။
ထိုဧကရာဇ်သည် သူ၏ဇနီးကို စတေးပြီး ကံကြမ္မာကို ပြောင်းလဲကာ အထောက်ပံ့ကောင်းများ ရရှိခဲ့သည်ဟု ဆိုသည်။
ထန်ချန်းက စိတ်လှုပ်ရှားစွာဖြင့် - “ဒီဧကရာဇ်က တကယ်ကို စံနမူနာယူစရာပဲ.ကျွန်တော်လည်း အဲဒီလမ်းစဉ်နဲ့ ကိုက်ညီမယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ အခုဇနီးကို ကျွန်တော် သတ်ချင်စိတ်တွေ ခဏခဏ ပေါက်နေလို့ပဲ” ဟု ဝန်ခံလိုက်သည်။
တင်းတင်းမှာ ထိုစာကိုဖတ်ပြီး ဒေါသထွက်လွန်း၍ သွားကြိတ်နေမိသည်။ ချူးရှန်းယွဲ့က ထန်ချန်းကို တစ်ဖက်သတ်ချစ်ပြီး လက်ထပ်ခဲ့ခြင်း ဖြစ်သော်လည်း ထန်ချန်းမှာ အနည်းငယ်မျှ ကျေးဇူးသိစိတ်မရှိဘဲ သတ်ရန်ပင် ကြံစည်နေသည်။
ဝမ်မုက သက်ပြင်းချရင်း - “ထန်ချန်း... မင်းဆီကနေ ဒါမျိုးကို မျှော်လင့်ထားပြီးသားပါ” ဟု ဆိုကာ ဆက်ပြီး စာပြန်ခိုင်းလိုက်သည်။
စကားပြောပြီးနောက် ထန်ချန်းမှာ စိတ်ဓာတ်များ တက်ကြွနေတော့သည်။ ကွယ်လွန်သူဇနီးများ၏မဟာဧကရာဇ်ဆိုသည့်ဘွဲ့ကို သူ အလွန်သဘောကျသွားသည်။
ချူးရှန်းယွဲ့... မင်းက ငါ့ရဲ့ ဒုတိယမြောက် ခြေနင်းတုံး ဖြစ်လာဖို့ အဆင်သင့်ပဲလား ဟီးဟီးဟီး။
ရက်အနည်းငယ်အကြာတွင် ကုန်သည်ကြီးသုံးဖွဲ့သည် ဖေးရှူးဆိုသည့် စကားပြောစနစ်သစ်ကို အလျင်အမြန် ထုတ်လုပ်လိုက်သည်။
သို့သော် ထျန်းဝမ်အသုံးပြုသူများအတွက်မူ ၎င်းမှာ ဝမ်မုနောက်က လိုက်ကူးချသော အဆင့်မရှိသည့် အရာတစ်ခုသာ ဖြစ်နေတော့သည်။