အခန်း (၁၂၃) သန့်စင်သောနယ်မြေများ စီမံကိန်း
ထျန်းဝမ်ဆက်သွယ်ရေးအဆောင်သည် လီရှောင်နတ်မြို့တော်တွင် အကြီးအကျယ် အောင်မြင်နေပြီ ဖြစ်သည်။
ယခင်က ကုန်သည်ကြီးသုံးဖွဲ့၏အဆောင်များသည် ဈေးနှုန်းတွင် အသာစီးရခဲ့သော်လည်း ယခုအခါ ထျန်းဝမ်၏ ရှေ့မှောက်တွင် အရာရာ ရှုံးနိမ့်နေတော့သည်။
လမ်းမပေါ်တွင် ကုန်သည်ကြီးသုံးဖွဲ့၏အဆောင်များကို ထုတ်သုံးရန်ပင် လူတိုင်း ရှက်ရွံ့နေကြသည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက ထျန်းဝမ် အဆောင်ဖြင့် ဖိုရမ်ကြည့်ကာ ရှန်းလျောင်၌ စာရိုက်နေကြသည်ကို မြင်လျှင် အားကျစိတ်ဖြင့် မခံစားနိုင်ကြသောကြောင့် ဖြစ်သည်။
မကြာမီအတွင်း ထျန်းဝမ်ကုန်သည်အဖွဲ့၏အမာခံဝန်ထမ်းများသည် ယူယွဲ့ နှင့် ထိုက်ဟောင်မြို့တော်ကြီးများသို့ ဈေးကွက်ချဲ့ထွင်ရန် ထွက်ခွာသွားကြပြီး မုန်ရှင်းကျူးမှာမူ လီရှောင်မြို့တော်တွင် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားသည်။
ဤအခြေအနေများကို ကုန်သည်ကြီးသုံးဖွဲ့ မသိဘဲ မနေပေ။ စီဟိုင်ကုန်သည်အဖွဲ့ပိုင် ဥယျာဉ်တစ်ခုအတွင်း၌ လူကုံထံအချို့ စုဝေးနေကြသည်။
လန်ယာကုန်သည်အဖွဲ့ရဲ့အဆောင်က တကယ်ကောင်းတာပဲ။ အထူးသဖြင့် ဒီရှန်းလျောင်က ငါ့အကြိုက်ပဲ” ဟု စီဟိုင်ကုန်သည်အဖွဲ့မှ ပါရမီရှင်ရွှယ်ဝူရင်က ဆိုလိုက်သည်။
သူသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးနှင့် စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများကို ရှန်းလျောင်ပေါ်တွင် စကားပြောနေခြင်း ဖြစ်သည်။
ထိုစဉ် ထန်ချန်းရောက်ရှိလာသဖြင့် လူတိုင်း မတ်တတ်ရပ်လိုက်ကြသည်။ ထန်ချန်းက ရွှယ်ဝူရင်ကို ကြည့်ကာ အေးစက်စွာ မေးသည်။
“ပျော်ရဲ့လား”
ရွှယ်ဝူရင်က ချောင်းဟန့်ကာ - “အင်း အဆင်ပြေပါတယ်” ဟု ပြန်ဖြေသည်။
ထန်ချန်းက နှာခေါင်းရှုံ့ရင်း - “ရန်သူ့ရဲ့အဆောင်ကိုကိုင်ပြီး ပျော်နေကြတာပဲ ဒါရန်သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးနေတာ မဟုတ်ဘူးလား” ဟု ငေါက်လိုက်သည်။
ထို့နောက် ထန်ချန်းက အားလုံးကို ပြောလိုက်သည် - “ဒီနေ့ကစပြီး သုတေသနကိစ္စကလွဲရင် ဘယ်သူ့ကိုမှ လန်ယာရဲ့အဆောင်ကို မကိုင်စေချင်ဘူး”
“ဘီ... ဘီ... ဘီ...”
ရုတ်တရက် ထန်ချန်း၏ခါးကြားမှ ရှန်းလျောင် စာဝင်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လူတိုင်း၏အကြည့်များက ထန်ချန်းဆီသို့ ရောက်သွားကြသည်။ ထန်ချန်းမှာ အရှက်ရသွားသော်လည်း - “ငါက ရန်သူ့ရဲ့ အားနည်းချက်ကို ရှာဖို့ သုတေသန လုပ်နေတာပါ” ဟု အမြန်ဆင်ခြေပေးကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားတော့သည်။
ထန်ချန်း ထွက်သွားပြီးနောက် ကျန်ရှိနေသူများက ဝေဖန်ကြတော့သည်။
“သူလည်း ငါတို့နဲ့ အတူတူပါပဲလား”
“ဒါပေမဲ့ ဒီရှန်းလျောင်နဲ့ ဖိုရမ်က လူကြိုက်များပေမဲ့ အမြတ်တော့ မထွက်ဘူးနော်။ ဒါက အလကား အချိန်ကုန်တာပဲ မဟုတ်လား”
သူတို့၏အမြင်တွင် ဝမ်မု၏ လုပ်ရပ်များမှာ အမြတ်အစွန်းမရှိဟု ထင်မြင်နေကြသည်။
သို့သော် ဝမ်မု၏စီမံကိန်းများမှာ သူတို့ မခန့်မှန်းနိုင်သော နယ်ပယ်တစ်ခု ဖြစ်နေသည်။
ရွှယ်ဝူရင်က “ဘာလို့ ငါတို့က ထန်ချန်းရဲ့ စကားကို နားထောင်နေရတာလဲ” ဟု မကျေမနပ် မေးလိုက်သည်။
ယွန်းကုန်းကုန်သည်အဖွဲ့မှ လူကြီးတစ်ဦးက - “အထက်ကလူတွေက ဝမ်မိသားစုကို အရေးယူချင်နေကြတာ။ အဲဒါကြောင့် ငါတို့က ထန်ချန်းနောက်ကို လိုက်နေရတာပဲ” ဟု ဖြေလိုက်သည်။
စီဟိုင်ကုန်သည်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောပြသည် - “ဝမ်မိသားစုရဲ့ အရှိန်အဝါက တကယ့်ကို ကြီးမားပါတယ်။ ဝေ့ဝမ်စံအိမ်ဆိုတာ သန့်စင်သော နယ်မြေတစ်ခုနဲ့တောင် ယှဉ်နိုင်တဲ့ အင်အားရှိတာ။
သူတို့မှာ နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ ကမ္ဘာတုန်စစ်တပ်ရှိတယ်။ အဲဒါကြောင့် အင်အားကြီးတဲ့ ထိုက်ချူ နဲ့ ချန်ခွန်းနယ်မြေနှစ်ခု ပေါင်းရင်တောင် ဝမ်မိသားစုကို အနိုင်ယူဖို့ မလွယ်ဘူး”
“အဲဒါကြောင့် သူတို့က စီးပွားရေးနဲ့ စစ်ရေးကဏ္ဍတွေကနေ တဖြည်းဖြည်း ချေဖျက်ဖို့ ကြိုးစားနေကြတာ။ ထိုက်ချူနယ်မြေရဲ့ နတ်ဘုရားသားတော် ယဲ့မိုကလည်း ဝမ်မုကို အသေအလဲ မုန်းနေတာလေ”
လူတိုင်းမှာ ထိုစကားများကို ကြားပြီးနောက် စိတ်ထဲတွင် လေးလံသွားကြသည်။ သူတို့အားလုံးမှာ အထက်လူကြီးများ၏ စစ်တုရင်ရုပ်များသာ ဖြစ်နေကြသည် မဟုတ်ပါလား။