အခန်း (၁၂၂) - မင်းကတော့ သေသင့်တယ်
ချန်ကျန့်သည် ဟွာဖုန်း၏ ရှန်းလျောင်မျက်နှာပြင်ကို ကြည့်လိုက်ရာ လှပကျော့ရှင်းသော နတ်သမီးလေးများကို တစ်ဦးပြီးတစ်ဦး တွေ့လိုက်ရသဖြင့် တံတွေးပင် မျိုချမိသွားသည်။
ဟွာဖုန်းလို လူကြမ်းကြီးကို ဘာကြောင့် ဒီလောက်လှတဲ့ နတ်သမီးလေးတွေက အရင်လာပြီး မိတ်ဖွဲ့ကြတာလဲဟု သူတွေးနေမိသည်။
ဤရှန်းလျောင်သည် တကယ့်ကို အံ့မခန်း ရတနာသိုက်ကြီးပင် ဖြစ်တော့သည်။ သူ မနာလိုဖြစ်မိသော်လည်း သူကိုင်ထားသည်မှာ ကုန်သည်ကြီးသုံးဖွဲ့ ၏အဆောင်ဖြစ်နေသောကြောင့် ရှန်းလျောင် အသုံးပြု၍မရပေ။
ဟွာဖုန်းက ချန်ကျန့်၏မျက်လုံးထဲမှ မနာလိုရိပ်ကို ရိပ်မိသွားပြီး ရယ်မောကာ “ဟေ့ လူကလေးချန်... မင်းရဲ့ အဲဒီ အမှိုက်အဆောင်ကို မလဲသေးဘူးလား ဘာမှလည်း လုပ်လို့မရဘူး ပျင်းစရာကြီး” ဟု ဆိုလိုက်သည်။
ချန်ကျန့်က အထင်သေးဟန်ဖြင့် - “ဘာလို့ လဲရမှာလဲ ငါ့ဟာကသုံးရတာ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက်ပြောလို့ရတာပဲ၊ ဟိုဟာဒီဟာတွေ အပိုတွေ မလိုပါဘူး” ဟု ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ မရိုးမရွ ဖြစ်နေရှာသည်။
ထိုစဉ် ဟွာဖုန်း၏အဆောင်မှအသိပေးသံ မြည်လာပြန်သည်။
【ကျန့်လင်လင် - အစ်ကိုကြီးဟွာ... မွေးနေ့မှာ ပျော်ရွှင်ပါစေရှင်】
ကျန့်လင်လင် ကြည့်ရုံနဲ့တင် အမျိုးသမီး ကျင့်ကြံသူမှန်း သိသာလှသည်။ သူမက ဟွာဖုန်း၏မွေးနေ့ကို သိနေရုံတင်မက အရင်ဦးအောင် ဆုတောင်းပေးနေခြင်း ဖြစ်သည်။
【ကျန့်လင်လင် - ကျွန်မတို့ဆီမှာတော့ မွေးနေ့ဆိုရင် ကံကောင်းအောင် သက်ရှည်ခေါက်ဆွဲ စားရတယ်ရှင်။ အစ်ကိုကြီးဟွာလည်း ခေါက်ဆွဲစားဖို့ မမေ့နဲ့နော်၊ ကြက်ဥလေးပါ ထည့်စားဦး】
【ဟွာဖုန်း - အဲဒီလိုတောင် ရှိတာလား အေးပါ... ငါ အခုပဲ မှာစားလိုက်မယ်】
“စားပွဲထိုး... သက်ရှည်ခေါက်ဆွဲ တစ်ပွဲပေး၊ ကြက်ဥတစ်လုံးပါ ထည့်ခဲ့” ဟွာဖုန်းက အားရပါးရ မှာလိုက်ပြီး ချန်ကျန့်ကို ကြည့်ကာ - “ဒီညီမလေးကတော့ တကယ့်ကို ဂရုစိုက်တတ်တာပဲ”
ချန်ကျန့်မှာ မနာလိုစိတ်ကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေသော်လည်း - “မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေ။ သက်ရှည်ခေါက်ဆွဲစားရင် အသက်ရှည်မယ်ဆိုတာ သာမန်လူတွေကို ညာတဲ့စကားတွေပါ။ မင်းက အဲဒါကိုအတည်ယူနေတာလား” ဟု ရွဲ့ပြောလိုက်သည်။
နောက် ၁၅ မိနစ်အတွင်း ဟွာဖုန်း၏အဆောင်မှာ မနားတမ်း မြည်နေတော့သည်။ လူပေါင်း ဒါဇင်ချီ၍ သူ့ကို မွေးနေ့ဆုတောင်း ပေးနေကြခြင်း ဖြစ်သည်။
“နေပါဦး လူတွေ အများကြီးက မင်းမွေးနေ့မှန်း ဘယ်လိုသိနေကြတာလဲ”
“အော်... ရှန်းလျောင်က အချက်အလတ်တွေကိုဖြည့်တုန်းက မွေးနေ့ဖြည့်ခိုင်းလို့ ဖြည့်ထားတာလေ။ ဒီညီမလေးတွေက ပိုပြီး ဂရုစိုက်တတ်လို့ ဖြစ်မှာပေါ့”
ဟွာဖုန်းကဆက်ပြီး - “ဒါနဲ့ လူကလေးချန် မင်းမွေးနေ့ကလည်း နောက်ရက်အနည်းငယ်ဆိုရောက်တော့မယ် မဟုတ်လား အဲဒီအချိန်ကျရင် မင်းကို ဆုတောင်းပေးမယ့်သူ ရှိမှာလား”
ချန်ကျန့်မှာ ဘာမှပြန်မပြောနိုင်ဘဲ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဟွာဖုန်းက သူ၏ ပုခုံးကို ပုတ်ကာ - “စိတ်မပူပါနဲ့ ဘယ်သူမှမရှိရင်လည်း ငါရှိသေးတာပဲ။ ဟားဟား... အေးအေးဆေးဆေးနေပါ။ အဲဒီကျရင် ငါ မင်းကို ကောင်းကောင်း ကျွေးပါ့မယ်။ ငါ့ရဲ့ ရှန်းလျောင်က ညီမလေးတွေကိုလည်း ပြောပေးမယ်လေ၊ သူတို့ မင်းကို ဆုတောင်းပေးအောင်လို့”
ထိုစကားကို ကြားသောအခါ ချန်ကျန့် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဟွာဖုန်း၏လက်ကို ပုတ်ထုတ်ကာ အော်လိုက်သည်။
“ဟွာဖုန်း... ဟွာဖုန်း... မင်း ဒီခွေးမသားကတော့ တကယ်ကို သေသင့်တယ် တောက်”
ချန်ကျန့်သည် ဆိုင်ထဲမှဒေါသတကြီး ထွက်သွားတော့သည်။
သူ၏ရင်ထဲတွင် မီးတောက်နေသလို ခံစားရသည်။ သူသာ ရှန်းလျောင်သုံးခွင့်ရလျှင် ဟွာဖုန်းထက် အဆပေါင်းများစွာ ပိုပြီး နတ်သမီးလေးတွေနဲ့ စကားပြောနိုင်မှာ သေချာသည်။
သူသည် လက်ထဲက ကုန်သည်ကြီးသုံးဖွဲ့၏အဆောင်ကို ကြည့်ကာ - “အမှိုက်စုတ်... တောက်” ဟု ကျိန်ဆဲလိုက်သည်။
သူသည် ဝိညာဉ်ကျောက်တုံးများ အမြန်ဆုံးစုပြီး ထျန်းဝမ်အဆောင်ကို လဲလှယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
လီရှောင်နတ်မြို့တော်အတွင်းရှိ အချက်အလက်များအရ ရှန်းလျောင် အသုံးပြုသူ အရေအတွက်မှာ နေ့စဉ်နှင့်အမျှ တိုးပွားနေသည်။
တစ်ချိန်တည်းမှာပင် ထျန်းဝမ်အဆောင် ဌာနချုပ်၌။
မုန်ရှင်းကျူးသည် အဆင့်မြင့်အရာရှိများနှင့် အစည်းအဝေး ပြုလုပ်နေသည်။
လက်ရှိမှာလီရှောင်မြို့တော်အနီးတစ်ဝိုက်မှာ ငါတို့ရဲ့ ဈေးကွက်ဝေစုက ၅၀ ရာခိုင်နှုန်းအထိ ရောက်နေပြီ။
ကုန်သည်ကြီးသုံးဖွဲ့ရဲ့အဆောင်တွေကို ငါတို့က လုံးဝ အပြတ်အသတ် အနိုင်ရနေတာပဲ။
ကျင့်ကြံသူတွေဟာ သူတို့ရဲ့အဆောင်တွေကို လဲလှယ်ဖို့ အရမ်းကို လိုလားနေကြပြီ။ နောက်လအနည်းငယ်အတွင်း ငါတို့ရဲ့ ဈေးကွက်ဝေစုက ၇၀ ရာခိုင်နှုန်းထက်မက ဖြစ်လာလိမ့်မယ်
မုန်ရှင်းကျူးက ဆက်လက်၍ “သခင်လေးက ငါတို့ကို မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ဖြန့်ကြက်ဖို့ အမိန့်ပေးထားတယ်။
မနက်ဖြန်ကစပြီး ယူယွဲ့နဲ့ ထိုက်ဟောင်မြို့တော်ကြီးတွေကိုပါ သွားရောက်ပြီး စတင်ဖြန့်ကြက်ကြမယ်။
သံပူခိုက်မှာ ရိုက်ရမယ်၊ မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ငါတို့ သိမ်းပိုက်ရမယ်”
“ဟုတ်ကဲ့ပါ”