အခန်း (၁၂၁) သူမကငါ့ရဲ့အချစ်စစ် မဟုတ်ပါဘူး
“ဟား... ဒီကောင်လေးက တကယ်ကို အရှက်မရှိတာပဲ”
ထန်ချန်း၏အဖြေကို မြင်လိုက်ရသောအခါ လီယွမ်ဟွာ၏နှုတ်ခမ်းမှာ တွန့်သွားပြီး မဆဲဘဲ မနေနိုင်တော့ပေ။
ဘယ်သူကမသိဘဲ နေမှာလဲ သူက ဖုန်းလိုင် ကုန်သည်အဖွဲ့ရဲ့အိမ်ထောင်ဖက် သားမက် မဟုတ်ဘူးလား တာအိုလက်တွဲဖော်မရှိဘူးတဲ့လား တကယ်ကို အရှက်မရှိ ပြောရဲတာပဲ။
လီယွမ်ဟွာက ခေါင်းခါရင်း ဆက်ပြီး စာပြန်လိုက်သည် - “မဖြစ်နိုင်တာ ရှင့်လိုထူးချွန်တဲ့ လူငယ်တစ်ယောက်မှာ တာအိုလက်တွဲဖော် မရှိဘူးဆိုတာ ရှင့်ရဲ့စံနှုန်းတွေက တော်တော်မြင့်နေတာ ထင်တယ်”
【ထန်စန်းချန်း - မင်းနဲ့ မဆုံခင်တုန်းက ကျွန်တော် မိန်းကလေးတွေကို စိတ်မဝင်စားခဲ့ဘူး။ ကျင့်ကြံဖို့နဲ့ လက်စားချေဖို့ပဲ စဉ်းစားခဲ့တာ။】
【လျိုဖန်း နတ်သမီးလေး - လက်စားချေဖို့ ဘာအတွက်လဲဟင်】
【ထန်စန်းချန်း - ကျွန်တော့်အမေကို သတ်သွားတဲ့သူတွေကို လက်စားချေဖို့ပါ】
【လျိုဖန်း နတ်သမီးလေး - အို... ရှင့်အမေက မရှိတော့ဘူးလား】
【ထန်စန်းချန်း - ဟုတ်တယ်၊ ကျွန်တော် ငယ်ငယ်လေးကတည်းက အသတ်ခံလိုက်ရတာ။ အခုချိန်ထိ ကျွန်တော်တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ရတာပါ။】
【လျိုဖန်းနတ်သမီးလေး - ရှင် ဒီနှစ်တွေမှာ ဘယ်လိုတွေ ဖြတ်သန်းခဲ့ရမလဲဆိုတာ ကျွန်မ မတွေးရဲဘူး။ အရမ်းပင်ပန်းခဲ့မှာပဲနော်】
အဆောင်မျက်နှာပြင်ပေါ်ရှိ စာသားများကို ကြည့်ရင်း ထန်ချန်းသည် အဆောင်ထဲမှ လျှံထွက်လာသော ဂရုစိုက်မှုကို ခံစားလိုက်ရသည်။
သူ၏ရင်ထဲတွင် နွေးထွေးသွားပြီး ပြန်စာ ရိုက်လိုက်သည် 【ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ကျင့်သားရနေပါပြီ။】
【လျိုဖန်း နတ်သမီးလေး - ဘယ်လိုလုပ် ကျင့်သားရမှာလဲ ရှင်က အဲဒီနာကျင်မှုတွေနဲ့ လွမ်းဆွတ်မှုတွေကို ရင်ထဲမှာ အနက်ရှိုင်းဆုံး မြှုပ်နှံထားပြီး တစ်ယောက်တည်း ကြိတ်ခံစားနေရတာ မဟုတ်လား။ တွေးကြည့်ရုံနဲ့တင် ရှင့်အတွက် ကျွန်မ ရင်ထဲမှာ နာကျင်ရပါတယ်】
“အင့်...”
ထန်ချန်းသည် မသိမသာ ပါးစပ်ကို ပိတ်လိုက်ပြီး နှာခေါင်းထဲတွင်စို့တက်လာပြီ မျက်လုံးမှမျက်ရည်များ ဝဲလာတော့သည်။
သူမ... ငါ့ကို နားလည်ပေးတယ်။
သူမ ငါ့ကိုတကယ်ပဲ နားလည်ပေးတာပဲ။
ငါ့ရဲ့ဟန်ဆောင်မာန်တင်းမှုတွေကို သူမ မြင်အောင် ကြည့်နိုင်ခဲ့တယ်။
ထန်ချန်းက အသက်ပြင်းပြင်းရှူရင်း ပြန်ဖြေလိုက်သည် - 【ကျွန်တော် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ ခံစားချက်တွေကို မင်းက ဒီလိုပဲ မြင်အောင် ကြည့်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော်က အရမ်းအားနည်းတယ်လို့ မင်း ထင်သွားပြီလား】
【လျိုဖန်းနတ်သမီးလေး - ဘယ်လိုလုပ် အဲဒီလို ထင်မှာလဲ ကျင့်ကြံသူတွေအာလုံးဟာ လူသားတွေပဲလေ ခံစားချက်တွေ ရှိကြတာပဲ။
ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကို ရိုးသားစွာ ဖော်ပြတာကမှ ယောကျ်ားစစ် ယောကျ်ားမှန်ပေါ့ တကယ်လို့ တစ်ယောက်ယောက်က မိခင်ရဲ့ သေဆုံးမှုကိုတောင် ဘာမှမဖြစ်သလို နေနိုင်မယ်ဆိုရင် သူက လူသား ဖြစ်ပါဦးမလား】
【ထန်စန်းချန်း - ကျွန်တော့်ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။】
ထန်ချန်း စိတ်လှုပ်ရှားစွာဖြင့်ဆက်ပြီး စာပြန်ရန် ပြင်လိုက်စဉ် တစ်ခုခုကို အာရုံခံမိသဖြင့် အဆောကို လက်စွပ်ထဲသို့ ချက်ချင်း သိမ်းလိုက်သည်။
“မောင်ကြီး... ဘာလုပ်နေတာလဲ”
ခြံစည်းရိုးတံခါးမှ အမျိုးသမီးငယ်တစ်ဦး လျှောက်လာသည်။ သူမမှာ ထန်ချန်း၏ ဇနီး ချူးရှန်းယွဲ့ဖြစ်သည်။
ထန်ချန်း၏မျက်နှာမှာ ပုံမှန်အတိုင်းပင် ပြုံးလိုက်ကာ - “အော်... နောက်ရက်တွေမှာ ကုန်သည်အဖွဲ့က ကိုင်တွယ်ရမယ့် ကိစ္စတွေကို စဉ်းစားနေတာပါ။ မိန်းမက ဘယ်လိုဖြစ်လို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ”
ချူးရှန်းယွဲ့ကနှုတ်ခမ်းစူကာ မကျေမနပ် ပြောသည် - “မေးနေရသေးတယ် မောင်ကြီး ကုန်သည်အဖွဲ့ကိစ္စတွေ စကိုင်ကတည်းက ကျွန်မတို့ မဆုံဖြစ်တာ ဘယ်လောက်ကြာပြီလဲ ကျွန်မသာမလာရင် ကျွန်မရုပ်ကိုတောင် မောင်ကြီး မေ့သွားတော့မှာပဲ”
ထန်ချန်းက အမြန်ချော့ရသည် - “ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ ကိုယ့်နာမည်ကိုယ် မေ့သွားရင်တောင် မိန်းမကိုတော့ ဘယ်တော့မှ မမေ့ပါဘူး”
ထိုအချိုသတ်စကားများကြောင့် ချူးရှန်းယွဲ့မှာ စိတ်ကျေနပ်သွားပြီး ထန်ချန်း၏ လက်မောင်းကို ဖက်လိုက်သည် - “စကားကတော့ ပြောတတ်သားပဲ။ မြို့ပြင်က ဇီးတောလေးက ဒီနှစ်ရက်မှာ အရမ်းလှနေတယ်လို့ ကြားတယ်။ မောင်ကြီး ကျွန်မနဲ့အတူ သွားကြည့်ရအောင်လား”
ထန်ချန်း၏မျက်ခုံးများ မသိမသာ တွန့်သွားသည်။ သူ၏ စိတ်ထဲတွင် လျိုဖန်းနတ်သမီးလေးထံသို့ စာပြန်ရန်သာ စိတ်စောနေသည်။ ဇီးတောထဲတွင် လျှောက်လည်ဖို့ အချိန်ဘယ်မှာ ရှိပါ့မလဲ။
သူသည် စိတ်ထဲမှ သက်ပြင်းချရင်း ခက်ခဲဟန်ဆောင်ကာ - “ဒီနေ့တော့.အဆင်မပြေလောက်ဘူးထင်တယ်။ လန်ယာကုန်သည်အဖွဲ့ရဲ့ လုပ်ငန်းတွေက လီရှောင်မြို့တော်အထိ ရောက်လာပြီလေ သူတို့က ငါတို့ကို တန်ပြန်တိုက်စစ် ဆင်ချင်နေတာ”
“အို... မကြားချင်ဘူး၊ မကြားချင်ဘူး” ချူးရှန်းယွဲ့က နားကို ပိတ်လိုက်သည် - “ကုန်သည်အဖွဲ့မှာ လူတွေအများကြီးရှိတာပဲ မောင်ကြီးက ဘာလို့ ဒီမှာပဲ နေရမှာလဲ ကျွန်မနဲ့ မလိုက်ချင်လို့ ဆင်ခြေပေးနေတာ မဟုတ်လား”
ထန်ချန်း - “ကိုယ် မဟုတ်...”
“ဂရုမစိုက်ဘူး မောင်ကြီး မလိုက်ရင် ကုန်သည်အဖွဲ့ကိစ္စတွေကို ဖေဖေ့ကို ပြောပြီး မောင်ကြီးကို မကိုင်ခိုင်းတော့ဘူး၊ အဲဒါမှ မောင်ကြီးရဲ့ ရင်ထဲမှာ ကျွန်မပဲရှိမှာ”
ဇနီးဖြစ်သူ၏မောက်မာပြီး အလိုလိုက်ခံထားရသော စကားများကို ကြားသောအခါ ထန်ချန်း ခေတ္တ တိတ်ဆိတ်သွားသည်။
''လျိုဖန်းအစ်မတော်သာဆိုရင် ဒီလိုမျိုး ကလေးကလား လုပ်မှာ မဟုတ်ဘူး'' ဟု သူက တွေးမိရင်း ချူးရှန်းယွဲ့ကို ကြည့်သော မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ မသိမသာဖြတ်ပြေးသွားသည်။
သို့သော် ကျိုးကြောင်းဆင်ခြင်မှုက သူ့ကို ထိန်းချုပ်လိုက်သည်။ ဖုန်းလိုင်ကုန်သည်အဖွဲ့၏အရှိန်အဝါကို သူလိုအပ်နေသေးသည်။
သူသည် သားမက်အဖြစ် ဆက်လက် သရုပ်ဆောင်ရဦးမည်။
သူသည် အသက်ပြင်းပြင်းရှူကာ မျက်နှာတွင် ချစ်ခင်နှစ်လိုဖွယ် အပြုံးကို ပြန်လည် ဖော်ဆောင်လိုက်သည် - “ကောင်းပါပြီဗျာ... ကိုယ် လိုက်ခဲ့ပါ့မယ်”
ရှန်းလျောင် ပေါ်ပေါက်လာသည်မှာ ငါးရက် ရှိသွားခဲ့ပြီ။ ၎င်း၏ရေပန်းစားမှုမှာ ယခင် ဖိုရမ် တုန်းကထက်ပင် ပိုမိုကြီးမားလာသည်။
ဖိုရမ်သည် လူအများရှေ့တွင် ဆက်ဆံရသော နေရာဖြစ်သော်လည်း ရှန်းလျောင်မှာမူ ပိုမို လျှို့ဝှက်သော လူမှုပတ်ဝန်းကျင် ဖြစ်သည်။
စိတ်ကူးယဉ်ဆန်သော ကိုယ်ပိုင်ပုံရိပ်တစ်ခုကို တည်ဆောက်ကာ မိမိနှင့် အလှမ်းဝေးသော လူမှုအသိုင်းအဝိုင်းများနှင့် တန်းတူ ဆက်ဆံနိုင်ခြင်းမှာ အောက်ခြေကျင့်ကြံသူများအတွက် အလွန်ပြင်းထန်သော စွဲလမ်းစေသည့် အဆိပ်တစ်ခုကဲ့သို့ပင်။
ဝင်္ကပါအစီအရင်စနစ်၏နောက်ကွယ်ရှိ စာရင်းဇယားများအရ အသုံးပြုသူများက ရှန်းလျောင်ပေါ်တွင် အချိန်ပေးမှုမှာ ဖိုရမ်ထက် အဆပေါင်းများစွာ ပိုများလာသည်။
ကျင့်ကြံသူ အများအပြားမှာ တစ်နေ့လျှင် ၁၂ နာရီလုံးလုံး စာရိုက်ကာ သူငယ်ချင်းဖွဲ့ခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေကြတော့သည်။
အရက်ဆိုင်တစ်ခုအတွင်း၌ ကျင့်ကြံသူ နှစ်ဦးသည် ဝိညာဉ်အစားအစာများကို စားရင်း ထိုင်နေကြသည်။
တစ်ဦးမှာ မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူ ဟွာဖုန်းဖြစ်ပြီး သူသည် အဆောင်ကို ကိုင်ကာ မပြတ် ပြုံးနေမိသည်။
သူ၏သူငယ်ချင်း ချန်ကျန့် က မျက်မှောင်ကြုတ်ကာ - “ဟေ့ လူကလေးဟွာ... မင်း မနက်ကတည်းက အဲဒီအဆောင်ကိုပဲ ကိုင်ပြီးပြုံးနေတာ မနားတမ်းပဲ။ အခု အပြင်မှာ ထမင်းအတူတူ စားနေတာတောင် မချနိုင်ဘူးလား”
ဟွာဖုန်းက ရယ်မောကာ - “ငါ့ကို အပြစ်မတင်ပါနဲ့ သူငယ်ချင်းရာ။ ငါ့မှာ သူငယ်ချင်းတွေ အရမ်းများနေလို့ စာပြန်ရတာ မနိုင်တော့ဘူး”
ချန်ကျန့်က အံ့သြစွာ မေးသည် - “မင်းက တစ်ယောက်တည်း နေတတ်တဲ့သူ မဟုတ်လား ဘယ်တုန်းက သူငယ်ချင်းတွေ ဒီလောက် များသွားတာလဲ”
ဟွာဖုန်းက ခေါင်းခါပြသည် - “ရှန်းလျောင်ပေါ်မှာ တွေ့တာလေ။ လူချင်းတော့ မဆုံဖူးဘူး ဒါပေမဲ့ စကားပြောရတာ အရမ်းကို အဆင်ပြေတယ်။ ဒီမှာကြည့်စမ်း လောကကြီးက ဘယ်လောက်တောင် ကျယ်ပြောသလဲဆိုတာ ငါ အခုမှ သိတော့တယ်”