အခန်း (၁၂) ပါရမီစစ်ဆေးပေးရုံတင်မကဘဲ ဝိညာဉ်ကျောက်တုံးတွေပါ ပေးတယ်
နှစ်ရက်အကြာတွင်။
နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို တရားဝင် စတင်ကျင်းပလေသည်။
ဝမ်မုသည် ဒါလျန်တော်ဝင်နန်းတော်၏ အမြင့်ဆုံးလှေကားထပ်တွင် ရပ်လျက် အောက်ဘက်သို့ ငုံ့ကြည့်နေသည်။ ဖြူစင်သော ကျောက်စိမ်းရင်ပြင်ကျယ်ကြီးထဲတွင် ထောင်နှင့်ချီသော လူများမှာ စုပြုံတိုးဝှေ့နေကြပြီး အားလုံးမှာ ကွပ်မျက်ခံရတော့မည့် အကျဉ်းသားများကဲ့သို့ ခေါင်းငုံ့ကာ တုန်တုန်ရင်ရင် ဖြစ်နေကြသည်။
အချို့သော ကြောက်တတ်သည့် ကောင်လေး၊ ကောင်မလေးများမှာ တရှုံ့ရှုံ့ ငိုပင်ငိုနေကြ၏။
"အဖေ... အမေ... သမီး မသေချင်သေးဘူး..."
နန်းတော်တံခါးဝ၏ အပြင်ဘက်တွင်လည်း ကြည့်ရှုသူများမှာ ပုခုံးချင်း ထိလုမတတ် များပြားနေပြီး အချို့မှာ ငိုကြွေးမြည်တမ်းနေကြသည်။
"ငါ့သမီးလေး သနားစရာပဲ~"
"ငါ့သားလေးရေ... အဲဒီ အောက်တန်းစား ဝမ်သခင်လေး... အဲဒီ တိရစ္ဆာန်ကောင်"
ဝမ်မု: "..."
သူ၏မျက်နှာမှာ တွန့်ရှုံ့သွားကာ လီယွမ်ဟွာ ဘက်သို့ လှည့်ကြည့်လိုက်သည် - "ဒါ ဘာဖြစ်နေတာလဲ"
"အဲ... ဒါက..." လီယွမ်ဟွာ၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရောက်နေသည် - "ဒီ သာမန်လူသားတွေက သခင်လေးရဲ့ စေတနာကို မသိကြလို့ပါ။ ကျွန်တော်မျိုးက မကြည့်ရက်နိုင်တာနဲ့ နည်းနည်းလောက်... စည်းရုံးလိုက်ရုံတင်ပါ"
ဝမ်မု: "......."
တောက် ....ဒါကြောင့်လည်း ဒီလူတွေက ငါ့ကို အရှင်လတ်လတ် ဝါးစားချင်နေတဲ့ ပုံပေါက်နေတာကိုး ဒီကလေးတွေကို အတင်းအဓမ္မ ဆွဲခေါ်လာတာလား။
ငါ့ရဲ့နာမည်ပျက်က တော်တော်ကြီးနေတာကို အခုလို အတင်းအဓမ္မ လုပ်လိုက်တော့ သူတို့ရဲ့ အထင်လွဲမှုတွေကို အတည်ပြုပေးလိုက်သလို ဖြစ်နေပြီ။ ဒါပေမဲ့လည်း လီယွမ်ဟွာကို အပြစ်တင်လို့ မရပေ။ အရင်ပိုင်ရှင်ရဲ့ နာမည်ဆိုးနဲ့ဆိုရင် ဒီလိုနည်းလမ်းမျိုး မသုံးရင် ဒီလောက်လူတောင် စုမိမှာ မဟုတ်ဘူး။ ဟူး... ထားလိုက်ပါတော့ တစ်ဆင့်ချင်းပေါ့။
"စလိုက်တော့"
ဝမ်မုက လက်ယမ်းပြလိုက်ပြီး နဂါးရထားလုံးပေါ်တွင် ထိုင်ချလိုက်သည်။ လီယွမ်ဟွာက ရှေ့သို့ တိုးလာပြီး ရွှေရောင်လိပ်စာချွန်လွှာတစ်ခုကို ဖြန့်လိုက်သည်။
"အထက်မှာ ကောင်းကင်ယံရှိပြီး အောက်မှာ မြေကမ္ဘာရှိသည် ယခုခေတ်တွင် မိစ္ဆာများ သောင်းကျန်းလျက် ကပ်ဘေးများ ဆိုက်ရောက်နေကာ လူသားမျိုးနွယ်မှာ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်"
"ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်တို့ဝမ်မိသားစု၏သခင်လေးသည် ကောင်းကင်ဘုံ၏ မေတ္တာကရုဏာစိတ်ဖြင့် လူသားတို့၏ ဒုက္ခကို ကိုယ်ချင်းစာကာ ယနေ့တွင် ဆုလာဘ်တစ်ခု ပေးသနားတော်မူမည်ဖြစ်သည် မည်သည့် လူသားမျိုးနွယ်မဆို ပါရမီကို အခမဲ့ စစ်ဆေးခွင့်ရှိပြီး မသေမျိုးလမ်းစဉ်ကို ရှာဖွေကာ ကျွန်ုပ်တို့ လူမျိုးကို ကာကွယ်စောင့်ရှောက်ကြလော့"
"..."
လီယွမ်ဟွာ၏ ကြေညာချက်ကို နားထောင်ရင်း ဝမ်မုမှာ မျက်စိမှေးလိုက်မိသည်။ အနှစ်ချုပ်က သူပြောတဲ့အတိုင်း ဖြစ်ပေမဲ့ လီယွမ်ဟွာက တော်ဝင်အမိန့်တစ်ခုလိုမျိုး ကြေညာလိုက်တော့ တစ်မျိုးကြီး ဖြစ်နေသည်။
"နတ်ဘုရားတင်မြှောက်ခြင်းပွဲတော် — တရားဝင် စတင်စေ"
လီယွမ်ဟွာ၏အမိန့်အရ အောက်ဘက်ရှိ တန်းစီနေသော လူတန်းကြီး စတင်ရွေ့လျားလာ သည်။ ဆယ်ကျော်သက်လေးများမှာ မိမိတို့ရရှိထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို ကိုင်ဆောင်ကာ ရင်ပြင်အလယ်ရှိ ဝိညာဉ်စမ်းသပ်စစ်ဆေးရေး ဖွဲ့စည်းပုံထဲသို့ တစ်ဦးချင်း ဝင်သွားကြသည်။
ပထမဆုံး ကောင်လေး ဝင်သွားသည်၊ ဘာတုံ့ပြန်မှုမှ မရှိ။
ဒုတိယ ကောင်မလေး ဝင်သွားသည်၊ အဖြေက အတူတူပင်။
တတိယ၊ စတုတ္ထ... ကိုးယောက်ဆက်တိုက်အထိ ဖွဲ့စည်းပုံမှာ အလင်းမထွက်ခဲ့ပေ။
ဒါက ပုံမှန်ပင်။ အကယ်၍သာ ဝိညာဉ်အမြစ်တွေက ပေါများနေမယ်ဆိုရင် ဝမ်မုအနေနဲ့ ဒီလို လုပ်နေစရာ မလိုတော့ပေ။
နောက်ဆုံးတွင် ရိုးသားသောပုံစံရှိသည့် ကောင်လေးတစ်ဦး ဝင်သွားသောအခါ -
ဝုန့်~
သူကိုင်ထားသော ကျောက်တုံးထဲမှ စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် ဖွဲ့စည်းပုံကြီးမှာ ချက်ချင်း လင်းထိန်သွားသည်။ အဖြူရောင် အလင်းတန်းများ ပေါ်ထွက်လာ၏။
လူအုပ်ကြီးထဲမှ အံ့ဩသံများ ထွက်ပေါ်လာသည်။
"လျူချန် ... အဆင့်နိမ့်ရွှေဝိညာဉ်အမြစ်" ဟု စစ်ဆေးရေးမှူးက အော်ပြောလိုက်သည်။
"နောက်ဆုံးတော့ တစ်ယောက် တွေ့ပြီဟေ့"
"လျူချန်... အဲဒါငါ့သားလေး... ငါ့သားလေး..."
"ဟားဟား... ငါတို့ လျူမိသားစုမှာ မသေမျိုးတစ်ယောက် ပေါ်ပြီ"
ရင်ပြင်ပြင်ပတွင် လျူချန်၏ မိဘများမှာ ပျော်ရွှင်လွန်းသဖြင့် အော်ဟစ်ခုန်ပေါက်နေကြ သည်။ ဘေးကလူများကလည်း အားကျတကြီး ကြည့်နေကြ၏။
သို့သော် တစ်ယောက်က မနာလိုစွာဖြင့် ရေရွတ်လိုက်သည် - "ဝိညာဉ်အမြစ်ရှိတာက ကောင်းချင်မှ ကောင်းမှာနော်၊ ဟိုအပေါ်မှာ ဘယ်သူထိုင်နေလဲ မမေ့နဲ့ဦး... ဝမ်သခင်လေးနော်"
ထိုစကားကြောင့် လျူချန်၏ မိဘများမှာ ရေအေးနှင့် အပက်ခံလိုက်ရသလို ဖြစ်သွားသည်။ ဟုတ်သားပဲ... ဒီပွဲကို ဝမ်သခင်လေးက လုပ်တာလေ။ သူ ဘာကြံစည်နေလဲ ဘယ်သူမှ မသိဘူး။ ဝိညာဉ်အမြစ် ရှိနေတာက ကောင်းချီး မဟုတ်ဘဲ ဘေးဆိုးတောင် ဖြစ်နိုင်တယ်။
...
ထိုစဉ်မှာပင် တာဝန်ခံကျင့်ကြံသူက ထပ်မံ အော်ပြောလိုက်သည် - "သခင်လေးရဲ့ အမိန့်အရ အဆင့်နိမ့်ဝိညာဉ်အမြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိသူတိုင်းကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆုချီးမြှင့်မည်"
ထိုစကားအဆုံးတွင် လူအုပ်ကြီးမှာ သေလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ နားပင် မယုံနိုင်အောင် ဖြစ်သွားကြ၏။
"ဘာ"
"စစ်ဆေးတွေ့ရင် ဝိညာဉ်ကျောက်တုံးတွေတောင် ပေးဦးမှာလား"
"တကယ်ကြီးလား"
"ဟိုး... ဝမ်မိသားစုက တကယ်ကို ရက်ရောတာပဲ" ဟု လူအုပ်ထဲရှိ အစွမ်းထက်ကျင့်ကြံသူ တစ်ဦးက ချီးကျူးလိုက်သည်။ သူတို့သည် ကျွန်းပေါ်ရှိ အခြားသော ဂိုဏ်းအသီးသီးမှ သတင်းလာယူကြသူများ ဖြစ်သည်။ သူတို့လည်း ဝမ်မု၏ ရည်ရွယ်ချက်ကို စဉ်းစားမရ ဖြစ်နေကြသည်။
သာမန်လူသားများမှာတော့ ထိုမျှအထိ မစဉ်းစားအားပေ။ လျူချန်သည် တကယ့်ကို တောက်ပနေသော ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို လက်ခံရရှိလိုက်သည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာ အရောင်တောက်လာသည်။ ဝိညာဉ်ကျောက်တုံး ၁၀ တုံးဆိုသည် မှာ ငွေစင် တစ်သောင်းနှင့် ညီမျှသည်လေ။
ဘာပဲဖြစ်ဖြစ်... ပါရမီရှိတာက ကျိန်စာမဟုတ်ဘဲ လာဘ်လာဘကြီး ဖြစ်နေပြီ။
ခဏချင်းမှာပင် လူအုပ်ကြီး၏ စိတ်ဓာတ်မှာ ပြောင်းလဲသွားသည်။ လူတိုင်းမှာ မိမိတို့၏ သားသမီးများတွင် ပါရမီရှိပါစေကြောင်း စိတ်လှုပ်ရှားစွာ မျှော်လင့်တောင့်တလာ ကြတော့သည်။