အခန်း (၁၁၈) ဒီနတ်သမီးလေးတွေက သဘောကောင်းပြီး စကားပြောတာလည်း အရမ်းချိုတာပဲ
“အထူးသဖြင့် ခင်ဗျားပဲ လီအဘိုးအိုကြီး ”
ဝမ်မုက လီယွမ်ဟွာကို လှမ်းခေါ်လိုက်ပြီး - “မင်းက ဒီနယ်ပယ်မှာ အရည်အချင်းအရှိဆုံး စီနီယာပဲ.မင်း အစွမ်းပြရမယ်နော်”
လီယွမ်ဟွာက ယုံကြည်မှုအပြည့်ဖြင့် - “စိတ်ချပါ သခင်လေး ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်နဲ့ စကားစပြောမိပြီဆိုရင် လွတ်ဖို့ လုံးဝမဖြစ်နိုင်စေရဘူး” ဟု ဆိုလိုက်သည်။
ဝမ်မုက ခေါင်းညိတ်ပြလိုက်ပြီး ရွှေတောင်ပံငဋ္ဌုန်ငှက်ကြီးပေါ်မှ ဆင်းကာ ထိုင်ခုံတစ်ခုတွင် ခန့်ညားစွာ ထိုင်လိုက်သည်။ ဘေးရှိ အစေခံမလေးများကလည်း သူ့အတွက် ထီးမိုးပေးကြသည်။
“ဘယ်လောက်ကြာဦးမလဲ”
“အခုချက်ချင်းပါပဲ၊ စက္ကန့် ၃၀ ပဲ လိုတော့တယ်” ဟု တင်းတင်းက မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။
“အားလုံး အဆင်သင့်ပြင်... စတော့”
အမိန့်ပေးလိုက်သည်နှင့် လူတိုင်းမှာ စက်ယန္တရားကြီးတစ်ခုကဲ့သို့ စနစ်တကျ စတင်လှုပ်ရှားကြတော့သည်။
တစ်ချိန်တည်းမှာပင်... ထျန်းဝမ်ဆက်သွယ်ရေးအဆောင်များက တစ်ဖန် ထပ်မံအဆင့်မြှင့်တင်လိုက်ပြန်သည်။
အရက်ဆိုင်တစ်ခုအတွင်း၌ ကျင့်ကြံသူများမှာ ဆူညံသွားကြသည်။
“ဟေ့... အဆောင်က ထပ်ပြီး အဆင့်မြှင့်တင်ပြီေနပြန်ပြီ”
“ဒီတစ်ခါက ရှန်းလျောင်ဆိုတဲ့ မိတ်ဆွေလုပ်ဆောင်ချက်တဲ့။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ နတ်သမီးလေးတွေနဲ့ပါ မိတ်ဖွဲ့လို့ရတယ်ဆိုပဲ”
“စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ငါတော့ နတ်သမီးလေးတွေကို စိတ်မဝင်စားပါဘူး၊ သူငယ်ချင်းဖွဲ့ချင်လို့ ကြည့်ဦးမယ်”
မကြာမီ အဆင့်မြှင့်တင်ပြီးသွားသောအခါ လူတိုင်း ဖိုရမ်ထဲသို့ ဝင်လိုက်ကြသည်။ စနစ်မှ အသိပေးချက်တစ်ခု ပေါ်လာသည်【မင်္ဂလာပါ မိတ်ဆွေလုပ်ဆောင်ချက်အတွက် သင့်အတွက် သီးသန့် ID - Geng 738965 ကို ထုတ်ပေးလိုက်ပါပြီ】
“ID ဆိုတာ ဘာလဲဟ”
“အော်... သိပြီ ဖိုရမ်အောက်မှာ သူငယ်ချင်းများဆိုတဲ့ ခလုတ်ရှိတယ် အဲဒါကို နှိပ်ပြီး တစ်ယောက်နဲ့တစ်ယောက် သီးသန့် စကားပြောလို့ရတာပဲ”
“ဒါက တော်တော်ပျော်စရာကောင်းတာပဲ၊ ဒီထဲက စတစ်ကာလေးတွေကလည်း ချစ်စရာလေးတွေဗျ။ ဒီမှာကြည့်... ခွေးခေါင်းပုံလေး”
အရက်ဆိုင်ထဲရှိ လူများမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း အဆောင်ထဲမှတစ်ဆင့်သာ စကားပြောနေကြသဖြင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
ထိုစဉ် ဝိုင်ဗူးဆွဲထားသော အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦး ပြုံးဖြီးဖြီးဖြင့် ဝင်လာသည်။ သူသည် ဝိုင်တာအိုသမားဖြစ်သည်။
သူက သူ၏အဆောင်မျက်နှာပြင်ကို လေထဲတွင် ပြသလိုက်သည်။
တစ်ဖက်လူ၏အမည်မှာ 【ကူချင်းနတ်သမီးလေး】ဖြစ်ပြီး ပရိုဖိုင်ပုံမှာ အလွန်လှပကာ အေးစက်မြင့်မြတ်သော နတ်သမီးတစ်ဦး၏ ပုံဖြစ်သည်။ သူတို့နှစ်ဦးမှာ အလွန်ပင်ရင်းနှီးနွေးထွေးစွာ စကားပြောနေကြသည်။
【ကူချင်းနတ်သမီးလေး - အမှန်တော့ ကျွန်မ ရှင့်လို လွတ်လပ်တဲ့ ဘဝမျိုးကို အရမ်းအားကျတာပဲ】
【ဝိုင်တာအိုသမား - ကျင့်ကြံသူဆိုတာ လွတ်လပ်ဖို့ ကျင့်ကြတာပဲလေ။ မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိမှာလဲ】
【ကူချင်းနတ်သမီးလေး - စိတ်မကောင်းစရာက ကျွန်မက ဂိုဏ်းစည်းကမ်းတွေကြောင့် တောင်ပေါ်က ဆင်းခွင့်မရသေးဘူး။ နတ်ဘုရားသန္ဓေတည်ခြင်းအဆင့်ရောက်မှ ဆရာက ခွင့်ပြုမှာတဲ့】
【ဝိုင်တာအိုသမား - မပူပါနဲ့၊ မင်းရဲ့ဆရာက မင်းကောင်းဖို့ လုပ်တာပါ။ ငါ စောင့်နေပါ့မယ်】
【ကူချင်းနတ်သမီးလေး - ရှင်က သဘောကောင်းလိုက်တာ။】
လူတိုင်း ဆွံ့အသွားကြသည်။ “ဝိုင်တာအိုသမား... ဒါ မင်းရဲ့ချစ်သူလား ဘယ်တုန်းက ရသွားတာလဲ”
“မဟုတ်ပါဘူး၊ အခုမှ စကားပြောဖြစ်တာ တစ်နာရီတောင် မပြည့်သေးဘူး” ဟု သူက ဂုဏ်ယူစွာ ပြောသည်။ “သူက ငါ့စာတွေကို ဖတ်ပြီး သဘောကျလို့ အရင်လာအပ်တာ။ ငါ့ရဲ့ ကူချင်းလေးက အရမ်းသဘောကောင်းတယ်၊ စကားပြောတာလည်း ချိုလိုက်တာမှ နားထဲမှာ အေးနေတာပဲ”
ထိုစကားကို ကြားသည်နှင့် အရက်ဆိုင်ထဲရှိ ကျင့်ကြံသူအားလုံး ဖိုရမ်ထဲသို့ အပြင်းအနှင် ဝင်ကြတော့သည်။
“ဟားဟား... ငါ့ဆီကိုလည်း တစ်ယောက်လာအပ်ပြီ သူက နိုင်ငံငယ်လေးတစ်ခုရဲ့ မင်းသမီးလေးတဲ့”
“ငါ့ဆီက တစ်ယောက်ကတော့... အမလေး ရုပ်လေးက ငါ့အကြိုက်ပဲ”
တစ်ခဏအတွင်း အရက်ဆိုင်တစ်ခုလုံးမှာ အချစ်နွံထဲ နစ်နေသူများဖြင့် ပြည့်နှက်သွားတော့သည်။
အလားတူ မြင်ကွင်းမျိုးမှာ နေရာအနှံ့တွင် ဖြစ်ပွားနေသည်။
ဂိုဏ်းတစ်ခု၏ ဝိညာဉ်စပါးခင်းဘေးတွင် မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးမှာ အထက်လူကြီးများကို ဖားယားကာ နှုတ်ဆက်နေရသည်။
ထိုအထက်လူကြီးများ ထွက်သွားသောအခါမှ သူ၏မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏အဆောင်ကို ထုတ်ကြည့်လိုက်လေသည်။