အခန်း (၁၁၇).ငါ့ကို သခင်လေးက ချစ်မိသွားတယ်
ထျန်းဝမ်ဆက်သွယ်ရေးအဆောင် ဈေးကွက်ထဲသို့ စတင်ရောက်ရှိလာစဉ်က ဝမ်မိသားစု၏သခင်လေးဖြစ်သူမှာ အဆင့်နိမ့်အဆောင်လောကကို ပြုပြင်ပြောင်းလဲပြီး အမြတ်ထုတ်ရန် ကြံစည်နေသည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။
ပုံစံဒီဇိုင်းသစ်များနှင့် အဆင့်အတန်းခွဲခြားမှုများသည် ထိုပြုပြင်ပြောင်းလဲမှု၏ အစိတ်အပိုင်းများ ဖြစ်သည်။
သို့သော်လည်း ဝမ်မု၏ စိတ်ကူးထဲတွင် အဆောင်ကိုယ်ထည်မှာ အသုံးချစရာကြားခံနယ်တစ်ခုမျှသာဖြစ်ကြောင်း လူအနည်းငယ်သာ သိကြသည်။
ဆက်သွယ်ရေးလုပ်ဆောင်ချက်နှင့် ပတ်သက်လျှင် သူတို့သည် အစီအရင်အပိုင်းအရ အကြီးအကျယ် တီထွင်လိုက်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုကောင်းမွန်သောကုန်ကြမ်းများနှင့် ဗဟိုချက်ကို အသုံးပြု၍ စွမ်းဆောင်ရည် မြှင့်တင်ထားခြင်းသာ ဖြစ်သည်။
ဝမ်မု၏ တကယ့်ပစ်မှတ်မှာ ထိုကြားခံနယ်ကို အသုံးပြု၍ ထွက်ပေါ်လာမည့် ထုတ်ကုန်အသစ်များ ဖြစ်သည်။ ဖိုရမ်များ၊ လာမည့် လန်ယာဈေးကွက်နှင့် ယခု သူကြည့်ရှုနေသော မိတ်ဆွေလုပ်ဆောင်ချက်တို့ ဖြစ်သည်။
ဤအရာများအနက်တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက ရရှိမည့် အကျိုးအမြတ်မှာ ရိုးရာစီးပွားရေးလုပ်ငန်းများထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
ဖိုရမ်၏ အောက်ခြေတွင် "သူငယ်ချင်းများ" နှင့် "အုပ်စုများ" ဟူသော ခလုတ်နှစ်ခုကို ထပ်မံဖြည့်စွက်လိုက်သော်လည်း ရိုးရှင်းသော ဒီဇိုင်းကြောင့် ရှုပ်ထွေးသွားခြင်း မရှိပေ။
“သခင်လေး ညွှန်ကြားထားတဲ့အတိုင်းပါပဲ မိတ်ဆွေလုပ်ဆောင်ချက် စတင်တာနဲ့ အဆောင်တိုင်းဟာ သင်္ချာဂဏန်းနဲ့ ဗေဒင်တွက်ချက်မှုတွေအပေါ် အခြေခံထားတဲ့ ကုဒ်နံပါတ်တွေ ရရှိမှာပါ။ အဲဒီနံပါတ်ကို ရိုက်ရှာပြီး သူငယ်ချင်းအဖြစ် အပ်လို့ရသလို ဖိုရမ်ထဲမှာ စာဖတ်နေရင်းလည်း ကြိုက်တဲ့သူကို တိုက်ရိုက် သူငယ်ချင်းအဖြစ် အပ်လို့ရပါတယ်”
တင်းတင်းသည် ဆံပင်စလေးကို နားနောက်သို့ သပ်လိုက်ရင်း ဝမ်မု၏ဘေးတွင် ကပ်လျက် အဆောင်၏လုပ်ဆောင်ချက်များကို လက်တွေ့ပြသနေသည်။ ဝမ်မုက ခေါင်းညိတ်ပြလိုက်သည်။
“ဖိုရမ်ထဲမှာ သူငယ်ချင်းလုပ်လို့ရတာ ကောင်းပေမဲ့ ဒါက သီးခြားမဟုတ်တော့ ရှုပ်ထွေသွားနိုင်တယ် အဲ့ဒါကြောင့် သီးသန့်ပုံစံတစ်ခုအနေနဲ့တည်ဆောက်လိုက်ပါတာက ပိုကောင်းမယ်"
“ဟုတ်ကဲ့ပါ သခင်လေး ကျွန်မ အခုချက်ချင်း အပြောလိုက်ပါမယ်”
“ဝင်္ကပါအပိုင်းက မခက်ခဲပါဘူး။ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က အသုံးပြုရတာ အလွန်ချောမွေ့နေဖို့ပဲ။ ပြီးတော့ လူတစ်စုကို အလုပ်ခန့်လိုက်ပါ၊ ကျား/မ မရွေးဘူး အဓိကက စကားပြောတတ်ရမယ်၊ အရှက်မရှိရဘူး၊ အရေးကြီးဆုံးအချက်က ချိုချိုသာသာနဲ့ မြှောက်ပင့်ပြောတတ်ရမယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
“ပြီးတော့ ဝတ္ထုတွေကိစ္စကိုလည်း မျက်ခြေမပြတ်ကြည့်ပြီး တွန်းအားပေးထားပါ” ဝမ်မုက အမိန့်ပေးရင်း စက္ကူဖြူပေါ်တွင် စာများ စတင်ရေးသားလိုက်သည်။
ထျန်းကျွယ်ကျွန်း၏ တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ လျှို့ဝှက်သောအိမ်တော်တစ်ခုအတွင်း၌။
ပညာရှင်ပေါင်းများစွာမှာ စားပွဲရှည်ကြီးများတွင် တန်းစီလျက် စုတ်တံများဖြင့် အပြင်းအထန်စာရေးနေကြသည်။
သူတို့ ရေးနေစဉ်တွင်လည်း ရူးသွပ်သူများကဲ့သို့ စကားလုံးများကို ရေရွတ်နေကြသည် “မြစ်အရှေ့ဘက်သုံးဆယ်၊ မြစ်အနောက်ဘက် သုံးဆယ် ဆင်းရဲတဲ့လူငယ်ကို အနိုင်မကျင့်နဲ့.”၊ “မင်းတို့က သေမင်းဆီ သွားနေတဲ့ ကောင်တွေပဲ”၊ “ငါ့ရဲ့ မဟာတောရိုင်း လက်ညှိုးကို ကြည့်စမ်း”
တင်းတင်းရောက်ရှိလာသောအခါ ပညာရှင်တစ်ဦးက အရိုအသေပေးလျက် - “သခင်လေးရဲ့ ပြင်ဆင်ချက်တွေအတိုင်း ကျွန်တော်တို့ လုပ်ပြီပါပြီ။ ၁၀ ရက်အတွင်း မူကြမ်းအားလုံး ပြီးပါလိမ့်မယ်” ဟု တင်ပြသည်။
တင်းတင်းသည် မူကြမ်းခေါင်းစဉ်တစ်ခုကို ကြည့်လိုက်မိရာ “အာဏာရှင်ဆန်တဲ့ သခင်လေးက ငါ့ကိုချစ်မိသွားတယ်” ဟူသော စာသားကို တွေ့လိုက်ရသဖြင့် ရင်တုန်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။
သူမ၏ အခန်းသို့ ပြန်ရောက်သောအခါ မှန်ထဲတွင် မိမိကိုယ်ကိုယ် ကြည့်ရင်း ဝတ္ထုထဲမှ ရင်ခုန်စရာ စာသားများကို ပြန်လည် မြင်ယောင်နေမိသည်။
"ရိုင်းလိုက်တာ အရမ်းရိုင်းတာပဲ ဒါပေမဲ့ ဒါတွေက သခင်လေးကိုယ်တိုင် အမိန့်ပေးပြီး ရေးခိုင်းထားတာဆိုတော့ သူကများ..."သူမ၏ ရင်ခုန်သံများ မြန်လာပြီး စိတ်ကူးယဉ်နေမိတော့သည်။
နှစ်ရက်အကြာတွင် မိတ်ဆွေလုပ်ဆောင်ချက် ပြီးစီးသွားခဲ့သည်။ ဝမ်မုက ၎င်းကို"လန်ယာရှန်းလျောင်”ဟု အမည်ပေးလိုက်သည်။
ဌာနချုပ်ရှေ့ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် လူပေါင်း တစ်သောင်းမှာ စနစ်တကျ တန်းစီရပ်နေကြသည်။
အားလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး လက်ထဲတွင်အဆောင် ၁၀ ခုစီကိုင်ထားကြသည်။
ဝမ်မုက ရွှေတောင်ပံပိုင်ရှင်ဂဋ္ဌုန်ကြီးပေါ်မှ ဆင်းသက်လာပြီး လူအုပ်ကို ကြည့်လိုက်သည်။
“ဒီနေ့ လုပ်ရမယ့် တာဝန်ကို အားလုံး သိကြပြီလား”
“သိပါပြီ”
“အရေးကြီးဆုံး အချက်ကို ပြောစမ်း”
“အရှက်မရှိဖို့ပါ” ဟု လီယွမ်ဟွာက အကျယ်ဆုံး အော်ပြောလိုက်သည်။
“ကောင်းပြီ” ဝမ်ရှုက ခေါင်းညိတ်လျက် - “ခေတ္တအကြာမှာ ဖိုရမ်ကို အဆင့်မြှင့်တင်ပြီး ရှန်းလျောင်ကို စတင်တော့မယ်။
ပထမအဆင့်အနေနဲ့ မင်းတို့ရဲ့ကိုယ်ရေးရာဇဝင်တွေကို အပြည့်အစုံဖြည့်ကြ။ မိတ်ဆွေလုပ်ဆောင်ချက်အတွက်ပုံတွေကို ညှို့ဓာတ်ပြင်းတဲ့ နတ်သမီးပုံတွေပဲ သုံးရမယ်။ ပြီးရင် တွေ့သမျှလူတိုင်းကို သူငယ်ချင်းအပ်၊ စကားပြောပြီး သူတို့တွေကို အချစ်နွံထဲ နစ်သွားအောင် လုပ်ကြစမ်း”