အခန်း (၁၁၆) မကြာမီ လာမည်
တစ်ချိန်တည်းမှာပင်။
ကုန်သည်အဖွဲ့ကြီး ၃ ခု၏ ဆက်သွယ်ရေးအဆောင်များကို အလဲအထပ်ပြုလုပ်ခြင်းမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ အဆင့်မြှင့်ထားသောအဆောင်အသစ်များကိုလည်း တစ်သုတ်ပြီးတစ်သုတ် ဖြန့်ဝေပေးနေသည်။
ရုတ်တရက် လမ်းထောင့်တစ်ခု၌။
ဒေါသထွက်နေသော လူရာပေါင်း၊ ထောင်ပေါင်းများစွာသည် လူအုပ်ကြီးအသွင်ဖြင့် ချီတက်လာကြသည်။
သူတို့သည် လက်မောင်းများကို မြှောက်ကာ အော်ဟစ်နေကြသည် “ငွေပြန်အမ်း မင်းတို့ ငွေပြန်အမ်းရမယ် ကုန်သည်အဖွဲ့ကြီး ၃ ခုဟာ အသည်းနှလုံးမရှိဘူး၊ ငါတို့ ကျင့်ကြံသူတွေ ခက်ခက်ခဲခဲ ရှာထားတဲ့ ငွေတွေကို လိမ်ညာပြီယူနေတယ်”
“မင်းတို့ ဖိုရမ်ထဲက လမ်းညွှန်ချက်တွေကို ကြည့်ပြီးကျင့်တာ တစ်ယောက်ဆိုရင် သွေးလေချောက်ချားသွားပြီ ဆိုင်တာဝန်ခံ ဘယ်မှာလဲ အခုချက်ချင်း ထွက်ခဲ့စမ်း”
ထိုစကားများ ကြောင့် တန်းစီနေသော ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြသည်။
“ဘာ သွေးလေချောက်ချားတယ် ဟုတ်လား”
“အမယ်လေး... တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းတာလား ပညာရှင်ကြီးတွေ ကိုယ်တိုင်ရေးတာဆို ဘယ်လိုလုပ် သွေးလေချောက်ချားနိုင်မှာလဲ”
“လမ်းညွှန်ချက် လမ်းညွှန်ချက်အပိုတွေပါကွာ အရှည်ဆုံးက စာလုံး ၂၀ လောက်ပဲ ရှိတာ။ ငါဆို ဖတ်လို့တောင် နားမလည်ဘူး”
“ဟိုဘက်က ဖိုရမ်ကို ကြည့်လိုက်ဦး၊ လမ်းညွှန်ချက်တွေက ခိုင်မာပြီး အသေးစိတ်ကျတယ်။ မင်းတို့ဟာကကျတော့”
“ငါတို့က ဟိုဘက်ထက်နှစ်ဆလောက် ပိုပေးထားရတာလေ၊ မင်းတို့မှာ အသိတရား မရှိဘူးလား”
အခြေအနေမှာ တဖြည်းဖြည်းနှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ အဆောင်ဝေပေးနေသော မိန်းကလေးမှာ ဖြူဖျော့သွားပြီး အတင်းဝင်ရောက် ဖျန်ဖြေနေရသည်။
သို့သော် လူအုပ်ကြီးက မကျေနပ်ဘဲ ဆိုင်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသဖြင့် ဆိုင်တာဝန်ခံကို အပြင်သို့ ခေါ်ထုတ်လိုက်ရသည်။
ဆိုင်တာဝန်ခံမှာ အစပိုင်းတွင်တည်ငြိမ်ဟန်ဆောင်နေသော်လည်း ဒေါသထွက်နေသော ကျင့်ကြံသူ ထောင်ပေါင်းများစွာက သူတို့၏လက်နက်များဖြင့် သူ့ကို အဝေးမှ ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသောအခါမှ ပျာပျာသလဲ ဖြစ်သွားသည်။
သူသည် အထက်လူကြီးများထံသို့ အပြင်းအနှင် အကူအညီတောင်းခံရတော့သည်။
လီရှောင်နတ်မြို့တော်တွင် ဆူပူအုံကြွမှုကြီး ဖြစ်ပွားခဲ့သည်။ ဤမြို့တော်တွင် အင်အားကြီး ဂိုဏ်းပေါင်းစုံမှ လူများရှိနေသဖြင့် လူအုပ်နှင့် အနိုင်ကျင့်ကာ ဆိုင်များကို လုယက်ဖျက်ဆီးကြရာ မြို့စောင့်တပ်ဖွဲ့ပင် ဝင်မတားရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကုန်သည်အဖွဲ့ကြီး ၃ ခုမှာ အမှန်တကယ်ပင် အမှားလုပ်ထားသောကြောင့် ဖြစ်သည်။
ဤစိုးရိမ်ဖွယ် အခြေအနေကြောင့် ကုန်သည်အဖွဲ့ကြီး ၃ ခု အရေးပေါ် အစည်းအဝေး ကျင်းပကြရသည်။
“သွေးလေချောက်ချားတဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ”
“ကျွန်တော်တို့ လူလွှတ်ပြီး စစ်ဆေးကြည့်ပြီးပါပြီ။ လမ်းညွှန်ချက်ကတော့ မှန်ပါတယ်။ ဒါပေမဲ့ ရေးထားတာက အရမ်းနက်နဲလွန်းနေတယ်။ အောက်ခြေကျင့်ကြံသူတွေက နားမလည်ဘဲ လွဲမှားစွာ ကျင့်မိသွားလို့ဖြစ်ရတာပါ”
ထန်ချန်းက ထိုလမ်းညွှန်ချက်များကို ရေးပေးသူများကို ပြန်လည် တောင်းဆိုပြီး ရိုးရှင်းအောင် လုပ်ခိုင်းရန် အကြံပြုသော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူကိုယ်တိုင် သိသည်။
ထို့ကြောင့် သူတို့ကိုယ်တိုင်ပင် ထိုနက်နဲသော စကားလုံးများကို သာမန်လူနားလည်နိုင်သော စကားလုံးများအဖြစ် ဘာသာပြန်ဆိုပြီး ပြန်လည် တင်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော်လည်း သွေးလေချောက်ချားခြင်း ဖြစ်ရပ်၏ရိုက်ခတ်မှုမှာ ကြီးမားလွန်းလှသည်။ ကုန်သည်အဖွဲ့ဘက်မှ နောင်တရဟန် ပြသသော်လည်း အသုံးပြုသူများမှာမူ တဖြည်းဖြည်းနှင့် စွန့်ခွာသွားကြပြီး ထျန်းဝမ် ဘက်သို့ ပြောင်းကုန်ကြတော့သည်။
မိမိတို့၏ အသက်နှင့် ကျင့်ကြံခြင်းကို ကုန်သည်အဖွဲ့၏စေတနာပေါ်တွင် မည်သူမျှ လောင်းကြေးမထပ်ရဲကြပေ။
တစ်ချိန်တည်းမှာပင်... ထျန်းကျွယ်ကျွန်း၌။
“သခင်လေး ဖိုရမ်ရဲ့ဝင်္ကပါအစီအရင်အပိုင်းက သတင်းပို့လာပါတယ်။ မိတ်ဆွေလုပ်ဆောင်ချက်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါပြီ။ စမ်းသပ်ကြည့်ပေးပါဦး”
ဆွဲဆောင်မှုရှိသော အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် တင်းတင်းသည် ဝမ်မု၏ နောက်တွင် ရပ်လျက် ဆက်သွယ်ရေးအဆောင်ကို ရိုသေစွာ ကမ်းပေးလိုက်လေသည်။