အခန်း (၁၁၅) - လူတစ်ယောက်ကို ရူးသွားအောင်လုပ်နိုင်တဲ့ လမ်းညွှန်ချက်
ကူဟယ်သည် ဖိုရမ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၊ လုပိုင်ကို တစ်ချက်ကြည့်လိုက်နှင့် တစ်ခုခုကို သဘောပေါက်သွားသည်။
သူ၏မျက်ဝန်းထဲတွင် သနားဂရုဏာရိပ်များ မသိမသာ ပေါ်လာပြီး - “အစ်ကိုလု... ကျွန်တော့်ရဲ့လန်ယာဖိုရမ်ကိုပဲ အတူတူကြည့်ရအောင်လား” ဟု အကြံပေးလိုက်သည်။
လုပိုင်၏မျက်နှာမှာ အနည်းငယ် တွန့်သွားပြီး အဆောင်ကို အမြန်ပြန်လုယူလိုက်သည်။
သူကနှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း - “ညီလေးကူ... မင်း နားမလည်ပါဘူး။ ရှေးလူကြီးတွေ ပြောသလိုပဲ မဟာလမ်းစဉ်ဆိုတာရိုးရှင်းတယ်တဲ့။ နတ်မင်းကြီးတွေရဲ့ အနှစ်ချုပ်ဆိုတာ စာလုံးအနည်းငယ်ထဲမှာပဲ ရှိတာကွ”
“စာလုံးနည်းတာကို မကြည့်နဲ့။ တကယ်လို့ ဒါကိုသာ သေချာပေါက်နားလည်သွားရင် မင်းတို့ လန်ယာဖိုရမ်က စာလုံးသန်းပေါင်းများစွာထက် ပိုတန်ဖိုးရှိတယ်”
လုပိုင်၏ တည်ကြည်လှသော မျက်နှာထားကြောင့် ကူဟယ်ပင် မိမိကိုယ်ကိုယ် ပြန်လည် သံသယဝင်လာမိသည် တကယ်ပဲလား။
လုပိုင်ကလည်း မတ်မတ်ထိုင်ကာ စာလုံး ၂၀ ကျော်ကို အလွန်အမင်း စိတ်ဝင်စားဟန်ဖြင့် စိုက်ကြည့်နေတော့သည်။ ကူဟယ်လည်း ဘေးမှ ကပ်ကြည့်သော်လည်း အကြိမ်တစ်ရာမက ဖတ်ပြီးသည့်တိုင် ဘာကိုမျှ နားမလည်ပေ။ “မရဘူး အစ်ကိုလု... ကျွန်တော်တော့ စာလုံးတွေတောင် ဝေဝါးကုန်ပြီ၊ ဘာအဓိပ္ပာယ်မှ ရှာမတွေ့ဘူး။”
“မင်းက အာရုံစူးစိုက်မှု အားနည်းနေတာကိုး။ ဒီလိုနဲ့ ဘယ်မှာ လမ်းစဉ်ကိုနားလည်ပါ့မလဲ” ဟု လုပိုင်က ခေါင်းမော့ကာ ဆိုသည်။
နှစ်နာရီခန့် ကြာပြီးနောက်။
ကူဟယ်သည် သူ၏လန်ယာဖိုရမ်မှ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံရာ အားအင်များ ပြည့်ဝလာပြီး မျက်နှာမှာလည်း ဝင်းပနေသည်။ သူသည် ဘေးသို့ ကြည့်လိုက်ရာ လုပိုင်မှာမူ ထိုစာလုံး ၂၀ ကို မလှုပ်မယှက် စိုက်ကြည့်နေဆဲပင်။
“အစ်ကိုလု... ဘယ်လိုလဲ”
“နည်းနည်းပဲ၊ နည်းနည်းပဲ လိုတော့တယ်” လုပိုင်က တိုးတိုးလေး ရေရွတ်နေသည်။
အချိန်များ ကုန်ဆုံးသွားပြီး ညဉ့်နက်လာသည်။ ကူဟယ် အိပ်ရာမှ နိုးလာသောအခါ လုပိုင်မှာ မျက်လုံးများ နီရဲလျက် “မကြာခင်တော့မယ်... မကြာခင်တော့မယ်...” ဟု ရူးကြောင်ကြောင် ရေရွတ်နေသည်ကို တွေ့လိုက်ရသဖြင့် စိုးရိမ်သွားသည်။ “အစ်ကိုလု မကြည့်နဲ့တော့။ ကျွန်တော့်ဖိုရမ်ကိုပဲ ကြည့်ပါတော့လား”
“မလိုဘူး” လုပိုင်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ အမှန်တော့ သူသည် မခံချင်စိတ်ကြောင့်သာ ဇွဲနပဲနှင့် ကြည့်နေခြင်း ဖြစ်သည်။
သူငယ်ချင်းဖြစ်သူက ဘေးမှာ အဆင်ပြေပြေ ကျင့်ကြံနေချိန်တွင် သူက ဘာမှနားမလည်လျှင် အဆင့်မရှိသလို ဖြစ်နေမည်ကို သူ အလွန်စိုးရိမ်နေသည်။
တတိယမြောက်နေ့ ရောက်သောအခါ။
လုပိုင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ သူ၏မျက်လုံးများမှာ သွေးကဲ့သို့ နီရဲလာပြီး ဆံပင်များမှာလည်း ဖရိုဖရဲ လွင့်ပျံနေတော့သည်။ သူ၏ အရှိန်အဝါမှာ ကမောက်ကမ ဖြစ်ကုန်သည်။
“အောင်မြင်ပြီ ငါ အောင်မြင်ပြီ ဟားဟားဟား”
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကူဟယ် လန့်နိုးသွားသည်။ “ဘာအောင်မြင်တာလဲ ဒသွေးလေချောက်ချားတာပဲ ဘယ်လို လမ်းညွှန်ချက်မျိုးက လူကိုဒီလိုဖြစ်စေတာလဲ”
ရူးသွပ်သွားသော လုပိုင်သည် ကူဟယ်ကို စတင်တိုက်ခိုက်တော့သည်။ ကူဟယ်သည် လန်ယာဖိုရမ်မှ လေ့လာထားသော အသိပညာများဖြင့် လုပိုင်ကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။ လုပိုင် သတိလစ်သွားသောအခါမှ ကူဟယ် သက်ပြင်းချနိုင်တော့သည်။
သူသည် ကြမ်းပြင်ပေါ်ရှိ ကုန်သည်အဖွဲ့၏အဆောင်ကို ကြည့်ကာ - “ယုတ်မာတဲ့ ကုန်သည်တွေက လူကို ဒုက္ခပေးတာပဲ” ဟု ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လီရှောင်မြို့တော်ရှိ အခြားကျင့်ကြံခန်းတစ်ခု၌
ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဟွမ်ဝမ်သည်လည်း ထိုစာလုံး ၂၀ ခန့်ကို သုံးရက်တိုင်တိုင် စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် အသိတစ်ခုရသွားသလို ပြုံးလိုက်မိသည်။
“ဇွဲရှိခြင်းက အောင်မြင်မှုကို ပေးတယ်ဆိုတာ တကယ်ပဲ... ငါ အချိန်တွေဖြုန်းနေမိမှန်း အခုမှသိတော့တယ်”
သူသည် သုံးရက်တိုင်တိုင် ဘာမှ နားမလည်ခဲ့ပေ။ ၎င်းမှာ လမ်းညွှန်ချက် မဟုတ်ဘဲ အမှိုက်ပုံကြီးသာ ဖြစ်သည်။
ထိုစဉ် သူ၏သူငယ်ချင်းထံမှအသံကြားလိုက်ရသည် “အစ်ကိုဟွမ် အဲဒီဖိုရမ်က လမ်းညွှန်ချက်တွေကိုမဖတ်နဲ့တော့ တစ်ယောက်က အဲဒါကို ဖတ်ပြီး သွေးလေချောက်ချားသွားလို့ သေလုမျောပါး ဖြစ်နေပြီ”
ဟွမ်ဝမ်မှာမူမျက်နှာမှာ ဒေါသဖြင့်တွန့်လိမ်သွားပြီး “သေစမ်း ငါ့ငွေတွေ အကုန်အလဟဿဖြစ်ကုန်ပြီ တောက်... ငွေပြန်အမ်းခိုင်းရမယ်” ဟု ဆိုကာကျင့်ကြံခန်းထဲမှ ဒေါသတကြီးထွက်လာခဲ့တော့သည်။