အခန်း (၁၁၄) ဒါကလမ်းညွှန်ချက် ဟုတ်လား
ရက်အနည်းငယ် ကြာပြီးနောက်။
ကုန်သည်အဖွဲ့ကြီး ၃ ခု၏ ဆက်သွယ်ရေးအဆောင်များကို အလုံးစုံပြင်ဆင်ပြီးနောက် ကျင့်ကြံသူများထံသို့ အသုတ်လိုက် ပြန်လည် ပေးအပ်ခဲ့သည်။
အဆင့်မြှင့်ထားသောအဆောင်များကို ရရှိသည်နှင့် ကျင့်ကြံသူများသည် သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဖိုရမ်၏ လုပ်ဆောင်ချက်အသစ်များကို စစ်ဆေးရန် အလောတကြီး ဖြစ်နေကြသည်။
အမှန်အတိုင်း ပြောရလျှင်သူတို့သည် ထျန်းဝမ်အဆောင်ကိုင်ဆောင်ထားသူများကို ကြည့်ကာ အားကျမနာလို ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုသူများမှာ ဖိုရမ်ပေါ်တွင် တနေကုန် စာဖတ်ကာ ကျင့်ကြံခြင်း အဆင့်များ တရှိန်ထိုး တက်နေကြသော်လည်း သူတို့မှာမူ နောက်ကွယ်မှာ ကျန်ရစ်ခဲ့သလို ခံစားနေရသည်။ ယခုတော့ သူတို့တွင်လည်း ဖိုရမ် ရှိလာပြီ ဖြစ်သည်။
“နောက်ဆုံးတော့ ရပြီဟေ့”
“မြန်မြန် ဖိုရမ်ကို ဖွင့်ကြည့်စမ်း”
“‘နတ်မင်းကြီး၃ပါးဖိုရမ်တဲ့လား နာမည်က တစ်မျိုးကြီးပဲ။”
“ဟော... ဝင်ဝင်ချင်းပဲ ဆရာကြီးတွေရဲ့ လမ်းညွှန်ချက်တွေ ပေါ်လာပြီ ရှေ့ဆုံးမှာတင် တင်ထားတာပဲ”
“ဟင်... တစ်ခုခုတော့ မှားနေပြီ”
ရုတ်တရက် ကျင့်ကြံသူတစ်ဦး၏ စိတ်လှုပ်ရှားနေသော မျက်နှာမှာ အေးခဲသွားပြီး အဆောင်၏ မျက်နှာပြင်ကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားသည်။
သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသူများမှာလည်း ထိုနည်းတူပင် ဆွံ့အလျက် ရှိနေကြသည်။
“ဘာလို့ ဒီလမ်းညွှန်ချက်တွေက စာလုံးရေ ဒီလောက်တောင် နည်းနေရတာလဲ”
“တောက် စုစုပေါင်း ၈ လုံးတည်း ဒါကို လမ်းညွှန်ချက်လို့ခေါ်တာလား”
“‘သဘာဝအတိုင်းနေထိုင်ပါ၊ အကောင်းဆုံးသော အရာသည် ရေကဲ့သို့ ဖြစ်သည် တဲ့။ ဒါပဲလား နောက်နေတာလား”
“စာလုံး၈လုံးတည်းနဲ့ ငါက ဘာကိုကျင့်ရမှာလဲ ငါ အခုလေးတင်ဖွင့်ကြည့်တဲ့ဟာဆိုရင် စာတစ်လုံးမှတောင် မပါဘူး ပုံတစ်ပုံပဲပါတယ် ဘာကို ဆိုလိုမှန်းတောင် မသိဘူး”
“ဒါကတော့ လိမ်တာပဲ သွားကြစမ်း၊ သူတို့ဆီက ရှင်းလင်းချက် တောင်းရအောင်”
လူအုပ်ကြီးသည် ကုန်သည်အဖွဲ့၏ဆိုင်ရှေ့သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြီး ဝိုင်းရံထားကြတော့သည်။
“မင်းတို့ ဖိုရမ်က ကလေးကစားစရာ ထင်နေတာလား”
“လမ်းညွှန်ချက် မရေးတတ်ရင် ထျန်းဝမ် ဘက်က ဘယ်လိုလုပ်လဲဆိုတာ သွားကြည့်ကြစမ်း”
“ငွေပိုပေးပြီး အဆင့်မြှင့်တာ ဒါမျိုးရဖို့လား ငါတို့ကိုလူတေဖျင်းတွေ မှတ်နေလား”
“ငွေပြန်အမ်း ငါတို့ထျန်းဝမ်အဆောင်ပဲ သွားဝယ်တော့မယ်”
ဆိုင်တာဝန်ခံမှာမူ ပြင်ဆင်ထားပြီးသားအတိုင်းထွက်၍ ရှင်းပြသည်။
အားလုံးပဲ စိတ်အေးအေး ထားကြပါ။ ငွေပြန်အမ်းဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မင်းတို့ မြင်ရတဲ့ လမ်းညွှန်ချက်တွေက နာမည်ကျော် ပညာရှင်ကြီးတွေဆီက ဂရုတစိုက် ရွေးချယ်ထားတာပါ။
စာလုံးနည်းပေမဲ့ ဒါတွေကတကယ့် အနှစ်ချုပ်တွေပဲ ဟိုဘက်ကစာလုံးပေါင်း သန်းနဲ့ချီတဲ့ အဓိပ္ပာယ်မရှိတဲ့စာတွေနဲ့ မယှဉ်ပါနဲ့။ မှန်ကန်တဲ့ စကားတစ်ခွန်းက အဓိပ္ပာယ်မရှိတဲ့ စာအုပ်တစ်သောင်းထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။
ဆိုင်တာဝန်ခံ၏ရှင်းပြချက်ကြောင့် ကျင့်ကြံသူများမှာ ကြောင်အသွားကြသည်။ သူတို့လည်း ဟုတ်နိုးနိုးဖြစ်သွားကြပြီး ဒေါသများ အနည်းငယ် လျော့ကျသွားသည်။
လုပိုင်ဆိုသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူမှာလည်း လူအုပ်ထဲတွင် ပါဝင်သည်။ သူသည် ဇဝေဇဝါဖြင့် မိမိငှားရမ်းထားသော ကျင့်ကြံခန်းသို့ ပြန်လာခဲ့သည်။
ထိုစဉ် သူ၏အိမ်နီးချင်း ကူဟယ်နှင့် တွေ့ဆုံခဲ့သည်။ ကူဟယ်က ထျန်းဝမ်အဆောင်ကို သုံးစွဲသူဖြစ်သည်။
“လုပိုင်... မင်းရဲ့အဆောင်က ဖိုရမ် ပါလာပြီဆိုတော့ ငါတို့ အတူတူလေ့လာကြမလား မင်းဘက်က လမ်းညွှန်ချက်တွေက ငါ့အတွက် ပိုအသုံးဝင်နိုင်တာပေါ့” ဟု ကူဟယ်က အကြံပေးသည်။
လုပိုင်ကလည်း သဘောတူကာ ကူဟယ်၏ ကျင့်ကြံခန်းထဲသို့ လိုက်သွားခဲ့သည်။ ကူဟယ်သည် စိတ်လှုပ်ရှားစွာဖြင့် လုပိုင်၏ ဖိုရမ်ကို ဖွင့်ပြရန် ပြောသည်။
မကြာမီ နတ်မင်းကြီးများ၏လမ်းညွှန်ချက် အနှစ်ချုပ်ဆိုသော စာကို ဖွင့်လိုက်သောအခါ ကူဟယ် ဆွံ့အသွားသည်။
“လုပိုင်... မင်းရဲ့အဆောင်ကပျက်နေတာလား”
“ဘာလို့လဲ”
“ဘာလို့ စာလုံးရေ ၂၀ ကျော်ပဲ ရှိတာလဲ အဆင့်မြှင့်တုန်းက တစ်ခုခု မှားသွားတာလား”
လုပိုင်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး - “မပျက်ပါဘူး... လမ်းညွှန်ချက်က ဒီလောက်ပဲ ပါတာပါ” ဟု ဖြေလိုက်သည်။
ကူဟယ်သည် ခေတ္တမျှ ကြောင်ကြည့်နေပြီးနောက် ရယ်မောလိုက်တော့သည် - “လုပိုင်... မင်း နောက်နေတာလား ဒါမျိုးကို လမ်းညွှန်ချက်လို့ ခေါ်တာလား ခွေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး”
လုပိုင်မှာမူ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်နေမိတော့သည်။