အခန်း (၁၁၃) သူတို့အားလုံး သေသင့်တယ်
လီရှောင်နတ်မြို့တော်၏ အရှေ့ဘက်တွင် မြူခိုးများ ဖုံးလွှမ်းနေသော အိုင်ကြီးတစ်အိုင် ရှိသည်။
၎င်း၏မြစိမ်းရောင်ရေပြင်မှာ ကောင်းကင်နှင့် တောင်တန်းများ၏အရိပ်ကို ထင်ဟပ်နေပြီး ရှုခင်းမှာ တစ်သက်မမေ့နိုင်လောက်အောင် လှပလှသည်။
အိုင်၏အလယ်ဗဟိုသို့သွားလေလေ မြူခိုးများမှာ ပိုမို ထူထပ်လာလေလေ ဖြစ်သည်။
၎င်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရတနာမြေဖြစ်ပြီး ကျင့်ကြံသူများ၏ အစီအရင်များကြောင့် လျှို့ဝှက်ချက်ကို မသိသူများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပါက မည်သူမျှပြန်ထွက်နိုင်မည် မဟုတ်ပေ။
ထိုစဉ် ကောင်းကင်ယံ၌အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ၎င်းမှာ ထန်ချန်းပင် ဖြစ်သည်။
သူသည် မြူခိုးများရှေ့တွင် ရပ်တန့်လိုက်ပြီး အရိုအသေပေးကာ -“ဖုန်လိုင်ကုန်သည်အဖွဲ့က မျိုးဆက်သစ် ထန်ချန်းဟာ မြူကျွန်းက စီနီယာကြီးကို ဖိတ်ကြားလွှာနဲ့အတူ လာရောက်တွေ့ဆုံတာပါ” ဟု ဆိုလိုက်သည်။
ခေတ္တမျှအကြာတွင် မြူခိုးများ လမ်းပွင့်သွားပြီး ကောင်းကင်ပေါ်တွင် လမ်းလျှောက်လာသော အဘိုးအိုတစ်ဦး ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါမှာ အလွန်ပင် အားကောင်းလှသည်။
“ဖုန်လိုင်ကုန်သည်အဖွဲ့က တူလေးထန်ချန်းပဲ။ ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ”
ထန်ချန်းက - “ကျွန်တော်တို့ဖုန်လိုင်ကုန်သည်အဖွဲ့က အခု ဖိုရမ်တစ်ခု တည်ထောင်နေပါတယ်။ အဲဒီမှာ လမ်းပျောက်နေတဲ့ ကျင့်ကြံသူတွေအတွက် ကုသိုလ်ဖြစ် လမ်းညွှန်ချက်တွေ တင်ပေးချင်လို့ပါ။
ဒီအတွက် စီနီယာလို ကျင့်ကြံခြင်း နက်နဲတဲ့ ပညာရှင်ကြီးဆီက လမ်းညွှန်ချက်တွေကို လာတောင်းခံတာပါ” ဟု လိမ္မာပါးနပ်စွာ လျှောက်တင်လိုက်သည်။
သူသည် အဖိုးတန်သော လက်ဆောင်သေတ္တာ တစ်လုံးကိုလည်း ကမ်းဆက်လိုက်သည်။ မြူကျွန်း၏ အရှင်သခင်သည် လက်ဆောင်ကို စစ်ဆေးကြည့်ပြီးနောက် မျက်နှာအမူအရာ ပျော့ပျောင်းသွားသည်။
“ကောင်းပြီလေ။ လူအများအတွက်ဆိုတော့ ငါ ကူညီပေးမယ်။” သူသည် လေထဲတွင် လက်ချောင်းဖြင့် ရေးသားလိုက်ရာ တောက်ပသော အမှတ်အသားများမှာ ကျောက်စိမ်းပြားထဲသို့ စီးဝင်သွားသည်။
ထန်ချန်းက ၎င်းကိုလက်ခံရယူပြီး စစ်ဆေးကြည့်ရာ ဆွံ့အသွားသည် - “စီနီယာကြီး... ဒါက... အရမ်းကို ရိုးရှင်းလွန်းမနေဘူးလား”
အဘိုးအိုက ရယ်မောလျက် - “မှန်ကန်တဲ့ စကားတစ်ခွန်းက အဓိပ္ပာယ်မရှိတဲ့ စာအုပ်တစ်သောင်းထက် ပိုတန်ဖိုးရှိတယ်။ အောက်ခြေကျင့်ကြံသူတွေအတွက် ဒါက အလွန်နက်နဲတဲ့လျှို့ဝှက်ချက်ပဲ” ဟု ဆိုကာ ပျောက်ကွယ်သွားတော့သည်။
ထန်ချန်းသည် စာလုံးရေ ၁၀ လုံးပင် မပြည့်သော လမ်းညွှန်ချက်ကို ကြည့်ကာ သွားကြိတ်လိုက်မိသည်။
လက်ဆောင်ကိုတော့ယူပြီး အလုပ်ကိုတော့ ဖြစ်ကတတ်ဆန်း လုပ်တယ်ပေါ့.ဒီအဘိုးကြီးကတော့ သေချင်နေတာပဲ
ထိုနေ့တွင် ထန်ချန်းသည် လီရှောင်မြို့တော်အနီးရှိ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင်များစွာထံသို့ လက်ဆောင်အမြောက်အမြားဖြင့် သွားရောက်ခဲ့သည်။ သို့သော် ရလဒ်မှာမူ အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။
ထိုပညာရှင်များက အောက်ခြေကျင့်ကြံသူများအတွက် လမ်းညွှန်ချက်ရေးပေးရခြင်းကို အဆင့်မရှိဟု ယူဆကြပြီး စာလုံးအနည်းငယ်ဖြင့်သာ ဖြစ်ကတတ်ဆန်း ရေးပေးလိုက်ကြသည်။
သူတို့အတွက်မူ စကားတစ်ခွန်း ပြောပေးခြင်းမှာပင် ဖုန်လိုင်ကုန်သည်အဖွဲ့ကို မျက်နှာသာပေးခြင်း ဖြစ်သည်ဟု ထင်နေကြသည်။
ထန်ချန်းသည် မျက်နှာညိုငယ်စွာဖြင့် ကုန်သည်အဖွဲ့သို့ ပြန်ရောက်လာသည်။ သူသည် မိမိ၏ သီးသန့်ကျင့်ကြံခန်းထဲသို့ ဝင်ကာ အသံလုံဗျူဟာကို ဖွင့်လိုက်ပြီးမှ ဒေါသများကို ပေါက်ကွဲထွက်စေတော့သည်။
“တောက် သူတို့အားလုံး သေသင့်တယ်”
“ငါ့ကို အထင်သေးရဲတယ်ပေါ့”
သူသည် မိမိကိုယ်ကို ဖုန်လိုင်ကုန်သည်အဖွဲ့၏ သမက်ဖြစ်သောကြောင့်သာ အထင်သေးခံရခြင်းဖြစ်သည်ဟု ယူဆကာ ကျိန်ဆဲနေသည်။
သူသည် ဝမ်မုကိုလည်း မနာလိုဖြစ်နေမိသည်။ လန်ယာကုန်သည်အဖွဲ့နှင့် မြောက်ပိုင်းအမှောင်ထု သန့်စင်သောမြေတို့က ဝမ်မုကို အစွမ်းကုန်ထောက်ပံ့ပေးသလိုမျိုး သူ့ကို ဘာလို့ မထောက်ပံ့ကြတာလဲဟု သူ တွေးနေသည်။
“တစ်နေ့ကျရင် မင်းတို့အားလုံးကို ငါ့ခြေဖဝါးအောက်မှာ ထည့်ပြီး ငရဲပို့ပေးမယ်”
သူသည် ဒေါသတကြီးဖြင့် လေ့ကျင့်ရေးအရုပ်များကို ဖျက်ဆီးပစ်လိုက်သည်။ ခေတ္တမျှကြာပြီး စိတ်တည်ငြိမ်သွားသောအခါမှ အခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။
သူသည် အစေခံတစ်ဦးအား ကျောက်စိမ်းပြားကို ပေးလိုက်ရင်း -“ဒါကို ချင်းလျန်ဆီ ယူသွားပေးလိုက်။ ဖိုရမ်ကို ချက်ချင်း စတင်ခိုင်းလိုက်တော့” ဟု အမိန့်ပေးလိုက်လေသည်။