အခန်း (၁၁၁) - ဝမ်မုရဲ့ဦးနှောက်က တကယ်ပဲ ဘယ်လိုဖွဲ့စည်းထားတာလဲ
ဖုန်လိုင်ကုန်သည်အဖွဲ့။
လျှို့ဝှက်အခန်းပြင်ပ၌ ထန်ချန်းသည် မျက်မှောင်ကြုတ်လျက် အေးစက်သော မျက်နှာထားဖြင့် ရှိနေသည်။ "မင်း ဘာပြောလိုက်တယ် လန်ယာကုန်သည်အဖွဲ့က လီရှောင်နတ်မြို့တော်ကို ရောက်နေပြီ ဟုတ်လား"
"ဟုတ်ပါတယ် သူတို့ရောက်နေတာ ရက်အနည်းငယ်တောင် ရှိပါပြီ"
"ဘာလို့ အခုမှ လာပြောတာလဲ"
"အဲဒါက သခင်လေး ကျင့်ကြံခြင်းအတွက် သီးသန့်အနားယူနေတာမို့ပါ။ ဒါက သိပ်ပြီး အရေးမကြီးဘူးလို့ ထင်တာနဲ့ မနှောင့်ယှက်ချင်တာကြောင့်ပါ"
"လျှောက်ပြောမနေနဲ့" ထန်ချန်း ဆဲရေးလိုက်မိသည်။ "ဒါက အရေးမကြီးဘူး ဟုတ်လား ရက်ပိုင်းအတွင်းမှာတင် သူတို့ရဲ့ ဆက်သွယ်ရေးအဆောင်တွေက ရေလိုအလုအယက် ရောင်းနေရတာ။ ဒါကို အရေးမကြီးဘူးဆိုရင် ဘာက အရေးကြီးမှာလဲ"
လက်အောက်ငယ်သားက ခါးသီးသော မျက်နှာဖြင့် ပြန်လည်ရှင်းပြသည် "ဒါက ဆက်သွယ်ရေးအဆောင်တစ်ခုပဲလေ။ ဘယ်လောက်ပဲ ရောင်းရ ရောင်းရ ငါတို့ ကုန်သည်အဖွဲ့မှာ တခြား အကျိုးအမြတ်များတဲ့ စီးပွားရေးတွေ အများကြီး ရှိတာပဲ မဟုတ်လား"
၎င်းမှာ အမှန်ပင်ဖြစ်သည်။ ကုန်သည်အဖွဲ့ကြီး ၄ ခု၏ အတိုင်းအတာအရ ကျင့်စဉ်များ၊ ရတနာများ၊ ဗျူဟာများ၊ သားရဲများနှင့် ကျွန်ကုန်ကူးခြင်းအထိ လုပ်ငန်းပေါင်း ထောင်နှင့်ချီ ရှိသည်။ ဆက်သွယ်ရေးအဆောင်ဆိုသည်မှာ လုပ်ငန်းခွဲလေး တစ်ခုမျှသာ ဖြစ်သည်။
"အမြင်ကျဉ်းလိုက်တာ" ထန်ချန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"လီရှောင်မြို့တော်က ငါတို့ကုန်သည်အဖွဲ့ ၃ ခုရဲ့ နယ်မြေပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လုံးမှာ လန်ယာကို ဟင်းရည်တစ်ဇွန်းတောင် သောက်ခွင့်မပေးခဲ့ဘူး သူတို့က အဆောင်တစ်ခုတည်း ရောင်းနေတာ မဟုတ်ဘူး။ ဒီအဆောင်ကို သုံးပြီး လီရှောင်မြို့တော်ရဲ့ ဈေးကွက်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတာ။ ကြည့်နေလိုက် မြို့ထဲမှာ သူတို့အဆောင်တွေ ပျံ့သွားတာနဲ့ လန်ယာရဲ့ဆိုင်ခွဲတွေ တစ်မြို့လုံးမှာ ပေါ်လာတော့မှာ"
ထန်ချန်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် - "အခု မြို့ထဲမှာ ဆက်သွယ်ရေးအဆောင်လုပ်ငန်းကို ဘယ်သူ တာဝန်ယူထားလဲ"
"ချင်းလျန်နတ်သမီးပါ သခင်လေး။"
"သူ့ကို လာခိုင်းလိုက်"
မကြာမီပင် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပသော အမျိုးသမီးကြီး ချင်းလျန် ရောက်ရှိလာသည်။
"သခင်လေး... ဘာများအမိန့်ရှိလို့လဲ"
"ထျန်းဝမ်ဆက်သွယ်ရေးအဆောင်တွေ အကြောင်း မင်းဘယ်လိုထင်လဲ"
ချင်းလျန်၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပေါ်လာသည် - "အလွန် အခက်တွေ့ရမှာပါ အဆောင်ရဲ့ အရည်အသွေးရော အထဲက လမ်းညွှန်ချက်တွေရောက ငါတို့ထက် အများကြီး သာလွန်နေတယ်။ ဈေးနှုန်းကလည်း ငါတို့ထက် နည်းနည်းပဲပိုတာဆိုတော့ ဒါက ငါတို့အတွက် အလွန် အခြေအနေ မကောင်းဘူး။"
အရင်က မြောက်ပင်လယ်တွင်ဖြစ်ပျက်ခဲ့သော သင်ခန်းစာကြောင့် သူတို့သည် အရည်အသွေးကို မြှင့်တင်ခဲ့သော်လည်း ထျန်းဝမ်နှင့် ယှဉ်လိုက်လျှင်မူ အပြတ်အသတ် ရှုံးနိမ့်နေဆဲ ဖြစ်သည်။
"ဒါကို ဘယ်လို ဖြေရှင်းမလဲပဲ ပြောစမ်း။"
ချင်းလျန်က သက်ပြင်းချကာ "ငါတို့မှာ ရှိနေတဲ့ အားသာချက်က အသုံးပြုသူ အရေအတွက်ပဲ။ မြောက်ပင်လယ်ကလွဲရင် ကျန်တဲ့ နေရာတွေက လူတွေအားလုံးက ငါတို့ အဆောင်တွေကိုပဲ သုံးနေကြတုန်းပဲ။ အဲဒီတော့ ငါတို့ရဲ့အဆောင်တွေထဲမှာလည်း ဖိုရမ် ကို ထည့်လိုက်ရုံပါပဲ ပြီးတော့ ပညာရှင်ကြီးတွေကို ဖိတ်ပြီး လမ်းညွှန်ချက်တွေ ရေးခိုင်းမယ်ဆိုရင် လူတွေကို ပြန်ထိန်းထားနိုင်မှာပါ" ဟု အကြံပေးသည်။
သို့သော် ၎င်းမှာပြောသလောက် မလွယ်ကူပေ။ အသုံးပြုသူတိုင်း၏အဆောင်တွင် ဖိုရမ်ပေါ်လာရန်အတွက် အပြင်မှာ ရှိနေသောအဆောင်အားလုံးကို ပြန်လည် သိမ်းဆည်းပြီး ပြင်ဆင်ရမည် ဖြစ်ရာ လူအင်အားနှင့် ငွေကြေး အမြောက်အမြား ကုန်ကျမည်ဖြစ်သည်။
"လန်ယာရဲ့အဆောင်တွေက စထွက်တုန်းက ဖိုရမ်မပါဘူးလေ။ သူတို့ကျတော့ ဘယ်လိုလုပ်လိုက်တာလဲ" ဟု ထန်ချန်းက မေးသည်။
ချင်းလျန်က - "သူတို့ကအဆောင်ကို ထုတ်ကတည်းက နောက်ပိုင်းမှာ အသစ်တွေ ထည့်နိုင်အောင် တံဆိပ်ခတ်နှိပ်မှုတွေ ကြိုထည့်ထားတာပါ။ အဲဒီတံဆိပ်တွေက ပင်မဗဟိုနဲ့ ဆက်သွယ်ထားတာမို့ သူတို့က သိမ်းစရာမလိုဘဲ အဝေးကနေ အဆင့်မြှင့်တင်လို့ ရနေတာပါ။ ဒါက အလွန် ပါးနပ်တဲ့နည်းလမ်းပဲ" ဟု ရှင်းပြသည်။
ထိုစကားကို ကြားသောအခါ ထန်ချန်း၏ မျက်မှောင်များ ပိုမို ကြုတ်သွားသည်။
ဝမ်မုဆိုသော ထိုကောင်သည် စတင်ကတည်းက ယနေ့အထိ ဖြစ်လာမည့် အရာအားလုံးကို ကြိုတင် တွေးထားခဲ့ခြင်းလော။
သူတို့ကို ဝမ်မုက နှာခေါင်းကို ကြိုးထိုး၍ ဆွဲခေါ်ခံနေရသလို ခံစားနေရသည်။ သူသည် ထိုခံစားချက်ကို အလွန်ပင် မုန်းတီးလှသည်။
သို့သော် အဆိုးဆုံးမှာ သူ ဘာမှမတတ်နိုင်ခြင်းပင်။ ဝမ်မု၏ခြေရာကို မနင်းဘဲနေရန်မှာလည်း လက်တွေ့မကျပေ။ အကျိုးအမြတ် များပြားသော ဤလမ်းကြောင်းသစ်ကို သူတို့ လက်လွှတ်မခံနိုင်ကြပေ။ သို့သော် ထပ်ကြပ်မကွာ လိုက်နေသရွေ့ ဝမ်မု၏ စားကြွင်းစားကျန်များကိုသာ စားရပေလိမ့်မည်။
ဝမ်မု... မင်းက ဘယ်လိုတောင် တွေးလိုက်တာလဲ။
ထန်ချန်းသည် လက်သီးကို တင်းတင်းဆုပ်ကာသွားကြိတ်လျက် ရေရွတ်မိတော့သည်။