အခန်း (၁၁၀) ငါတို့ စီးပွားရေးတွေ အကုန်လုခံလိုက်ရပြီ
“မင်း ကြားပြီးပြီလား လွန်ခဲ့တဲ့နှစ်ရက်က မြို့ထဲမှာ ဆက်သွယ်ရေးအဆောင်တွေကိုပဲ သီးသန့်ရောင်းတဲ့ ဆိုင်အသစ်တစ်ဆိုင် ဖွင့်တယ်ဆိုတာလေ။”
“အဲဒါ ဘာဖြစ်လဲ ငါတို့မှာလည်း ဆက်သွယ်ရေးအဆောင်တွေ ရှိတာပဲကို။”
“မတူဘူးကွ။ အဲဒီဆိုင်ကအဆောင်တွေက အရည်အသွေးလည်း အရမ်းကောင်းသလို အထဲမှာ အသစ်အဆန်း တစ်ခုခု ပါတယ်လို့ ပြောကြတယ်။”
“ဘာအသစ်အဆန်းလဲ”
“သူတို့ကတော့ လန်ယာဖိုရမ် လို့ ခေါ်တာပဲ”
“အဲဒါက ဘာလုပ်တာလဲ”
“ငါလည်း သေချာတော့ မသိဘူး ဒါပေမဲ့ ဝယ်တဲ့သူတွေပြောစကားအရဆိုရင် အဲဒီထဲမှာ မြေကမ္ဘာနတ်ဘုရားအဆင့် ပညာရှင်ကြီးတွေရဲ့ ကျင့်ကြံခြင်း လမ်းညွှန်ချက်တွေ ပါတယ်တဲ့။”
“အလကား လျှောက်ပြောနေတာပါ”
လင်းဟုန်က မယုံကြည်သလို မျက်နှာဖြင့် ရေရွတ်လိုက်သည်။ မြေကမ္ဘာနတ်ဘုရား ဆိုသည်မှာ မည်မျှမြင့်မြတ်သော တည်ရှိမှုမျိုးနည်း။ သူတို့က သူတို့ရဲ့ ကျင့်ကြံခြင်း လျှို့ဝှက်ချက်တွေကို ဒီလိုလွယ်လွယ်ကူကူ လိုက်ဝေနေလိမ့်မည်လား။
“ဒါက သတင်းမှားပဲ ဖြစ်ရမယ်” သူက အပိုင်တွက်ကာ ပြောလိုက်သည်။
လင်းဟုန်သည် မိမိ၏ဓားလမ်းစဉ်ကိုသာ အာရုံစိုက်နေသူ ဖြစ်သည်။
သူ၏ သူငယ်ချင်းစုမု နှင့် စကားပြောနေစဉ် အိမ်စေတစ်ယောက်က အလောတကြီး ပြေးဝင်လာသည်။
“သခင်လေး... သွားပါပြီ ဒုက္ခရောက်ကုန်ပြီ”
“ဘာဖြစ်တာလဲ ဘာလို့ ဒီလောက် အထိတ်တလဲ ဖြစ်နေတာလဲ”
“လီမိသားစုရဲ့ သခင်လေးက ဟွမ်ချွမ်ဓားစိတ်ဆန္ဒရဲ့ တတိယအဆင့်ကို ရောက်သွားပြီတဲ့"
လင်းဟုန် မျက်မှောင်ကြုတ်သွားသည်။ “သူက အဲဒီအဆင့်မှာ ၃ နှစ်လောက် ကျင့်နေတာဆိုတော့ အခုလို အဆင့်တက်သွားတာက သိပ်တော့ မဆန်းပါဘူး။”
သို့သော် မကြာမီ နောက်ထပ် အိမ်စေတစ်ယောက် ပြေးဝင်လာပြန်သည် “သခင်လေး လီမိသားစုရဲ့ တတိယသခင်လေး လီဝမ်လည်း တတိယအဆင့်ကို ရောက်သွားပြန်ပြီတဲ့”
လင်းဟုန် ဆွံ့အသွားသည်။ လီဝမ်ဆိုသည်မှာ နှစ်ဆန်းပိုင်းကမှ ဒုတိယအဆင့်သို့ ရောက်ထားသူ မဟုတ်ပါလား။
“သခင်လေး လီမိသားစုက မျိုးဆက်သစ်တွေ အကုန်လုံး အဆင့်တွေ တက်ကုန်ကြပြီ သူတို့ရဲ့ ၁၀ နှစ်သား သခင်လေးလေးတောင် ဓားစိတ်ဆန္ဒကို နားလည်သွားပြီတဲ့”
လင်းဟုန်နှင့် စုမုတို့ အံ့အားသင့်သွားကြသည်။ “ဓားစိတ်ဆန္ဒကို နားလည်ဖို့ဆိုတာ လျှို့ဝှက်ကျင့်ရတာမဟုတ်လား ဘယ်လိုလုပ် တစ်မြို့လုံး သိသွားတာလဲ”
“သူတို့က အဲဒီ ဆက်သွယ်ရေးအဆောင်ရောင်းတဲ့ ဆိုင်ရှေ့မှာတင် ထိုင်ပြီး ကျင့်ကြံနေကြတာလေ လူတိုင်း မြင်ကုန်တာပေါ့”
“အဲဒီဆိုင်က... ထျန်းဝမ်လား”
“ဟုတ်ပါတယ် သခင်လေး”
လင်းဟုန်နှင့် စုမုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မြေကမ္ဘာနတ်ဘုရားတွေရဲ့ လမ်းညွှန်ချက်ဆိုတာ တကယ်ပဲလား။
“ဘာစောင့်နေတာလဲ အခုချက်ချင်း သွားကြည့်ရအောင်”
လီရှောင်နတ်မြို့တော်တွင် ကောင်းကင်မှ ပျံသန်းခြင်းကို တားမြစ်ထားသဖြင့် သူတို့သည် မြေပြင်မှ အပြင်းအနှင် ပြေးကြရသည်။ ထျန်းဝမ်ဆိုင်ရှေ့သို့ ရောက်သောအခါ သူတို့ မြင်လိုက်ရသော မြင်ကွင်းမှာ တုန်လှုပ်စရာပင်။
လှည်း ၁၂ စီး ယှဉ်မောင်းနိုင်သော လမ်းမကြီးတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက အထဲသို့ တိုးဝင်ရန် ကြိုးစားနေကြပြီး မျက်နှာများမှာ နီရဲနေကြသည်။
“လင်းဟုန် စုမု မင်းတို့လည်း ရောက်လာတာလား” သူတို့၏မိတ်ဆွေ ကျိုးကျန့် က လူအုပ်ကြားမှ အော်ပြောသည်။
သူသည် ဗျူဟာပညာကို အဓိကထားသော ကျိုးမိသားစုမှ ဖြစ်သည်။ “ငါသာ ဒီအဆောင်ကို ရရင် ငါ့မိသားစုပြန်လည် ထွန်းကားလာမှာပဲ”
လင်းဟုန်နှင့် စုမုတို့လည်း အချိန်မဆွဲတော့ဘဲ လူအုပ်ကြားသို့ တိုးဝင်ကြတော့သည်။
“ဖယ်ကြစမ်း ငါကလင်းမိသားစုရဲ့ သခင်လေးဟေ့ ငါ့ကို မျက်နှာသာပေးကြပါဦး အား... ဘယ်သူက ငါ့ကို ထိုးလိုက်တာလဲ”
ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်သူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ အဆောင်တစ်စောင်ရရှိရန်အတွက် သာမန်လူများကဲ့သို့ပင် ရုန်းကန်နေကြရသည်။
အချို့က စိတ်မရှည်ဘဲ တိုက်ခိုက်ကြသဖြင့် မြို့စောင့်စစ်သည်များ၏ ဖမ်းဆီးခြင်းကို ခံရသည်။
ဆိုင်ရှေ့တွင် လူအုပ်က အော်ဟစ်နေကြသည်
“ငါ့ကို ၁၀ စောင်ပေး! အဆင့်မြင့်တွေပဲ ပေး”
“ငါ့ကို ၁၅ စောင်”
ထိုစဉ် ဆိုင်ရှေ့သို့ အစိမ်းရောင်ဝတ်စုံနှင့် လှပသော မိန်းကလေးတစ်ဦး ထွက်လာသည်။
သူမ၏ နူးညံ့သော အသံမှာ လူအုပ်ကြီးကို တိတ်ဆိတ်သွားစေသည် “တောင်းပန်ပါတယ်ရှင်။ ဒီနေ့အတွက် ဆက်သွယ်ရေးအဆောင်တွေ အားလုံး ကုန်သွားပါပြီ။ မနက်ဖြန်မှ စောစောလာပေးကြပါရှင်။”