အခန်း (၁၀၉) - လုပ်ငန်းချဲ့ထွင်ခြင်း၊
နာရီဝက်ခန့်အတွင်းမှာပင်...
သူသည် ငါးကြိမ်မြောက်အဖြစ် အဆင့်တက်သွားခဲ့သည်။ ရွှေအမြုတေဒုတိယအဆင့်မှသည် သတ္တမအဆင့်အထိ တရှိန်ထိုး တက်လှမ်းသွားခြင်း ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ်မှာလည်း တတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရှိသွားရာ ရွှေအမြုတေဆဋ္ဌမအဆင့်နှင့် ယှဉ်နိုင်နေပြီ။
ဤကဲ့သို့သော အရှိန်အဟုန်မှာ တုန်လှုပ်စရာကောင်းသည်ဟု ဆိုရုံဖြင့် မလုံလောက်ပေ။ ကံတရား၏မျက်နှာသာပေးမှုကို ခံရသော ကံကြမ္မာသားတော်သမီးတောင်များပင်လျှင် ဤမျှမြန်ဆန်သော တိုးတက်မှုကို လိုက်မီရန် ခဲယဉ်းပေလိမ့်မည်။
သို့သော် ဝမ်မုမှာမူ အံ့ဩခြင်းမရှိပေ။ ဖိုရမ်ကို ဗဟိုပြု၍ ဆက်သွယ်ရေးအဆောင်များ ရောင်းအားမြှင့်တင်ခြင်းနှင့် နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်မှ ရွေးချယ်ထားသော ကျင့်ကြံသူများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်းမှာ သူ၏စီမံကိန်းတစ်ခုလုံး၏ အစိတ်အပိုင်းများပင် ဖြစ်သည်။
ယခုအခါ မြောက်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းခန့်တွင် သူ၏ဆက်သွယ်ရေးအဆောင်များ ပျံ့နှံ့နေပြီဖြစ်ပြီး ပါရမီရှင် ကျင့်ကြံသူ အရေအတွက်မှာ သန်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
အခြားသော အောင်မြင်မှုများကလည်း ဝမ်မုကို ကျေနပ်စေသည်။
* ဆေးဖော်စပ်ခြင်း : အဆင့် ၄ (၇၁%)
* လက်နက်ဖော်စပ်ခြင်း : အဆင့် ၄ (၇၃%)
* အဆောင်လုပ်ခြင်း : အဆင့် ၄ (၆၅%)
* ဗျူဟာပညာ : အဆင့် ၄ (၇၂%)
မြောက်ပိုင်းအမှောင်ထု သန့်စင်သောမြေမှ အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် ဖိုရမ်မှ အတွေ့အကြုံများကြောင့် ဝမ်မုသည် ကိုယ်တိုင်ဆေးတစ်လုံးမျှ မဖော်ဖူးသေးသော်လည်း လက်တွေ့တွင် အဆင့် ၄ ရှိသော ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူသည် လက်နက်သန့်စင်နန်းဆောင်မှ ပါရမီရှင် ရှမယောင်ယောင်ကိုပင် ကျော်လွန်သွားပြီဖြစ်သည်။
အခုဆိုရင် ငါနဲ့အဆင့်တူတဲ့ ကံကြမ္မာသာတော်တစ်ယောက်နဲ့ဆိုရင်တောင် တိုက်ရိုက်ရင်ဆိုင်နိုင်ပြီ ဟု ဝမ်မုက တွေးမိသည်။
သို့သော် သူသည် ချက်ချင်းပင် ခေါင်းခါလိုက်သည်။ ကံကြမ္မာသားတော်များကို သတ်ရန်ခက်ခဲပြီး သူတို့တွင် မည်သည့်လျှို့ဝှက်လက်နက်များ ရှိနေမည်ကို မသိနိုင်သဖြင့် ကိုယ့်ကိုယ်ကိုလျှိုဝှက်ထားရန် သူ ဆုံးဖြတ်လိုက်သည်။
ဝမ်မု ရေချိုးပြီးနောက် အရှေ့ဘက်ခြံဝင်းသို့ ထွက်လာရာ တင်းတင်းက စောင့်ကြိုနေသည်။
“သခင်လေး အခုဆိုရင် မြောက်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းမှာ ဆက်သွယ်ရေးအဆောင်တွေ ရောက်နေပါပြီ”
“ကောင်းပြီ မြောက်ပင်လယ်ကတော့ တော်လောက်ပြီ။ နောက်ထပ် တောင်ဘက်ကို အာရုံစိုက်ကြရအောင်။”
တောင်ဘက်သို့ ဦးတည်ခြင်းမှာ အခြားသော ကုန်သည်အဖွဲ့ကြီး ၃ ခု ကြီးစိုးရာ ကုန်းတွင်းပိုင်းဒေသသို့ ခြေဆန့်ခြင်းပင် ဖြစ်သည်။
ဝမ်မုသည် ဆက်သွယ်ရေးအဆောင်လုပ်ငန်းကို သီးသန့်ခွဲထုတ်ကာဋ္ဌာနတစ်ခုအဖြစ် တည်ထောင်လိုက်ပြီး အမည်ကို ထျန်းဝမ်ဟု ပေးလိုက်သည်။
“ထျန်းဝမ်ရဲ့တာဝန်ခံကို လီရှောင်နတ်မြို့တော်ကို ချက်ချင်းသွားပြီး လုပ်ငန်းတွေ စတင်ဖို့ ပြောလိုက်”
“ဒီလောက်တောင် မြန်မြန်လား သခင်လေး”
“စစ်ပွဲမှာ အချိန်က အရေးကြီးတယ် ငါတို့မှာ ဆက်သွယ်ရေးအဆောင်တွေ ရှိနေတာပဲ အဝေးကနေပဲ ညွှန်ကြားလို့ ရတယ်။”
ထို့အပြင် ဝမ်မုသည် စာရေးသားမှု ကောင်းမွန်သော ပညာရှိများကိုလည်း ရှာဖွေခိုင်းထားသည်။
သူသည် ဝတ္ထုဇာတ်လမ်းများကို ပြင်ဆင်ထားပြီး ၎င်းတို့ကို လီရှောင်မြို့တော်တွင် လုပ်ငန်းစသည်နှင့် တစ်ပြိုင်နက် စတင်ရန်စီစဉ်နေသည်။
ရက်အနည်းငယ်ကြာပြီးနောက်...
မြောက်ပိုင်းတိုက်ကြီး၏ ငါးခုမြောက် နတ်မြို့တော်ကြီးဖြစ်သော လီရှောင်နတ်မြို့တော်၌။
စည်ကားလှသော လမ်းမကြီးတစ်ခုပေါ်တွင် ဆက်သွယ်ရေးအဆောင်များကိုသာ သီးသန့်ရောင်းချသည့် ထျန်းဝမ်ဆိုင်ခွဲတစ်ခု တရားဝင် စတင်ဖွင့်လှစ်လိုက်သည်။
၎င်း၏အဆောင်များမှာ အခြားကုန်သည်အဖွဲ့များထက် ဈေးကြီးသော်လည်း အရည်အသွေးမှာ သိသိသာသာ သာလွန်လှသည်။
အရေးကြီးဆုံးအချက်မှာ အခြားအဆောင် များတွင် မရှိသော အရာတစ်ခု ပါဝင်နေခြင်းပင် “လန်ယာဖိုရမ် ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ”