အခန်း (၁၀၆) - နောက်ဆုံးမှာမရှိရင်ပဲ တော်ပါပြီ
မြောက်ပိုင်းအမှောင်ထု သန့်စင်သောမြေ။
ဆေးဖော်နန်းဆောင် ။
"ဆရာ... ဆရာ"
မိန်းကလေးငယ်တစ်ဦးသည် ဆက်သွယ်ရေးအဆောင်ကို ကိုင်လျက် အကြီးအကဲ ထျန်းတန်း၏ ဆေးဖော်ခန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာသည်။
"ဘာတွေ ဒီလောက်တောင် ဖြစ်ပျက်နေတာလဲ ငါ မင်းကိုဘယ်နှစ်ခါ ပြောရမလဲ ဆေးဆရာတွေအတွက် အရေးကြီးဆုံးက စိတ်ကို တည်ငြိမ်အောင် ထားဖို့ပဲ။ ဘာပဲဖြစ်ဖြစ် မတုန်လှုပ်ဘဲ အေးအေးဆေးဆေး ရှိရမယ" ဟု အကြီးအကဲ ထျန်းတန်းက တည်ငြိမ်စွာ ဆုံးမလိုက်သည်။
အကြီးအကဲထျန်းတန်း၏ ထိပ်တန်းတပည့်မလေး လင်းစီကျင်က အဆောင်ကို မြှောက်ပြကာ "သိပါတယ် ဆရာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး လန်ယာဖိုရမ်က လူကြိုက်အများဆုံး ဆောင်းပါးဇယားကို ထုတ်ပြန်လိုက်ပြီ။ သန်းနဲ့ချီတဲ့ ဆောင်းပါးတွေထဲကမှ ထိပ်တန်း အခု ၅၀ ကို ရွေးထားတာ... ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ရော၊ ဆရာရော၊ အဒေါ်လေး ထျန်းကုန်းတို့ရော အကုန်စာရင်းထဲ ပါတယ်"
အကြီးအကဲ ထျန်းတန်းက အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။ သူတို့ကဲ့သို့ အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များက အောက်ခြေကျင့်ကြံသူများအတွက် လမ်းညွှန်ချက် ရေးပေးခြင်းမှာ ထိုသူတို့အတွက် မဟာအခွင့်အရေးဖြစ်ရာ လူကြိုက်များနေသည်မှာ မဆန်းပေ။
"ဒါက အပေါ်ယံနာမည်ကျော်ကြားမှုပဲ။ ဘာများ ဝမ်းသာစရာ ရှိလို့လဲ မင်းရဲ့စိတ်ဓာတ်ကတော့ အများကြီး လေ့ကျင့်ဖို့ လိုသေးတယ်" ဟု သူက ဆိုသည်။
လင်းစီကျင်က မျက်စိတစ်ချက် မှိတ်ပြကာ - "ဆရာ... ဒါဆိုနံပါတ် ၁ က ဘယ်သူဖြစ်မလဲ ခန့်မှန်းကြည့်ပါဦး"
အကြီးအကဲ ထျန်းတန်းက ရယ်မောလျက် - "ခန့်မှန်းနေစရာတောင် မလိုဘူး၊ ဂိုဏ်းချုပ် ဖြစ်မှာပေါ့!"
"မှန်တယ် ဒါဆို နံပါတ် ၂ ကရော"
"ငါတို့ထဲမှာဆိုရင် ထျန်းဝူက စကားနည်းပေမဲ့ စိတ်နှလုံး အနူးညံ့ဆုံးပဲ။ သူ ရေးတာက အသေးစိတ်ဆုံး ဖြစ်မှာမို့ ဂိုဏ်းချုပ်ကြီးပြီးရင် သူပဲ ဖြစ်ရမယ်။" သူ၏ လေသံမှာ အလွန်ပင် သေချာနေသည်။
သို့သော် လင်းစီကျင်က ခေါင်းခါလိုက်သည် - "မှားသွားပြီ"
အကြီးအကဲ ထျန်းတန်း အနည်းငယ် အံ့ဩသွားသည် - "မဟုတ်ဘူးလား ဒါဆိုထျန်းကုန်း လား သူ့တပည့်က ဝမ်ရှုနဲ့ ရင်းနှီးတယ်ဆိုတော့ ဖြစ်နိုင်တယ်။"
လင်းစီကျင်က ထပ်မံခေါင်းခါပြပြန်သည် - "မဟုတ်သေးဘူး ဆရာ။ ဆရာ လုံးဝ ခန့်မှန်းလို့ မိမှာမဟုတ်ဘူး"
"ဘယ်သူလဲ"
"လီယွမ်ဟွာတဲ့"
အကြီးအကဲ ထျန်းတန်း မျက်မှောင်ကြုတ်သွားသည် - "ဒါ ဘယ်သူလဲ ဘယ်ဆေးဆောင်က အကြီးအကဲလဲ"
လင်းစီကျင်က ရယ်မောကာ - "ကျွန်မတို့ ဂိုဏ်းက မဟုတ်ဘူးဆရာ။ သူက မြောက်ပင်လယ် ထျန်းကျွယ်ကျွန်းက လီမိသားစုရဲ့ ဘိုးဘေးတဲ့။ ကြားရတာတော့ ဝမ်မိသားစု သခင်လေးရဲ့ အနီးကပ် နောက်လိုက်တစ်ယောက်ဆိုပဲ"
အကြီးအကဲထျန်းတန်းသည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီးအဆောင်ကို လှမ်းယူကြည့်လိုက်သည်။ နံပါတ်၂ နေရာတွင် ရှိနေသော ဆောင်းပါးမှာ လီယွမ်ဟွာ ရေးသားထားသည့် "အခြေခံအုတ်မြစ် တည်ဆောက်စဉ် သွေးလေချောက်ချားခြင်းမှာ ကြောက်စရာမဟုတ် - ဖြေရှင်းနည်း ၈၈ မျိုး" ဖြစ်နေပြီး ကြည့်ရှုသူ ၈ သန်းကျော် ရှိနေသည်။
အကြီးအကဲထျန်းတန်း၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားသည်။ သူသည် အပေါ်ယံ ဂုဏ်ပုဒ်ကို မမက်မောဟု ပြောခဲ့သော်လည်း မိမိတို့ကဲ့သို့ သန့်စင်သောမြေမှ အစွမ်းထက် ကျင့်ကြံသူများက ပြင်ပမှ ကျင့်ကြံသူတစ်ဦးကို ရှုံးနိမ့်နေခြင်းမှာ ရှက်စရာပင်။
သူသည် လီယွမ်ဟွာ၏ဆောင်းပါးကို ဝင်ဖတ်ကြည့်သောအခါ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ၎င်းမှာ အလွန်ပင် ကောင်းမွန်လွန်း၍ မဟုတ်ဘဲ စာလုံးရေ အလွန်များပြားလွန်းခြင်းကြောင့် ဖြစ်သည်။
လီယွမ်ဟွာသည် အသေးစိတ်မှအစ ကလေးကို သင်ကြားပေးသကဲ့သို့အလွန် ရိုးရှင်းလှသော စကားလုံးများဖြင့် ရေးသားထားခြင်း ဖြစ်သည်။
"ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပဲ ဘယ်လိုလုပ် ဒီလောက်အသေးစိတ်စကားလုံးတွေ သုံးနိုင်ရတာလဲ" ဟု သူက ရေရွတ်မိသည်။
သူသည် စာရင်းကိုဆက်ကြည့်ရာ နံပါတ် ၃၊ ၄၊ ၅ နေရာများမှာလည်း ပြင်ပမှ ကျင့်ကြံသူများကသာ ကြီးစိုးထားသည်ကို တွေ့ရသည်။ နံပါတ် ၁၀ နေရာရောက်မှသာ သူတို့ဂိုဏ်းမှ အကြီးအကဲ ထျန်းဝူ၏ ဆောင်းပါးကို တွေ့ရသည်။
"မဖြစ်နိုင်တာ ဒီဇယားမှာ တစ်ခုခုမှားနေပြီ" ဟု သူက ဒေါသတကြီး ပြောလိုက်သည်။
ထိပ်တန်း ၁၀ ယောက်ထဲတွင် သူတို့ဂိုဏ်းမှ နှစ်ယောက်သာ ပါဝင်နေခြင်းမှာ ဂုဏ်သိက္ခာကျစရာပင်။
လင်းစီကျင်က အမှန်အတိုင်းပင် - "ဆရာရဲ့ ဆောင်းပါးက နံပါတ် ၃၆ မှာ ရှိနေတာပါ" ဟု ပြောပြလိုက်သည်။
နံပါတ် ၃၆ အကြီးအကဲ ထျန်းတန်းမှာ လက်များ တုန်ယင်လာသည်။ ထိုစဉ် လင်းစီကျင်က အားပေးစကား ဆိုလိုက်သည် - "ဆရာ စိတ်မပူပါနဲ့။ ဟို ထျန်းဟဲရဲ့ ဆောင်းပါးဆိုရင် စာရင်းထဲတောင် မပါဘူး"
အကြီးအကဲ ထျန်းတန်း အံ့ဩသွားပြီး စာရင်းကို ပြန်စစ်ကြည့်ရာ မည်သည့် သားရဲထိန်းသိမ်းရေးနန်းဆောင်မှ ဆောင်းပါးကိုမျှ မတွေ့ရပေ။
"အင်း... ဒါဆိုရင်တော့ တော်သေးတာပေါ့။ ငါက နောက်ဆုံးတော့ မဟုတ်ဘူးပဲ" အကြီးအကဲ ထျန်းတန်းမှာ သက်ပြင်းချရင်း ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။