အခန်း (၉၉) - မြေအောက် လောက မှ သခင်မလေး
ဝက်ဝံနက် တစ်ယောက် ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် နို့သောက်နေသည့် ယု ကို ကြည့်ပြီး ဒေါသထွက်လာ လေသည်။ သူ အရှက်ရသလောက် နှစ်ဆ ပြန်ပေးဆပ်ခိုင်းရန် ဆုံးဖြတ်လိုက် လေသည်။
ထို့နောက် ၀က်ဝံ ဟိန်းဟောက်သံ ကို အသုံးပြုပြီး မြေကြီးထဲက ကျောက်တုံးတွေကို လွင့်ပျံ စေလိုက်သည်။ထို့နောက် ကျောက်တုံး များက သူ့ခန္ဓာကိုယ်ပေါ်ကို လာကပ်တွယ်လာကာ အကာအကွယ် တစ်ခု ဖြစ်လာတော့သည်။ ဒီကျောက်တုံးတွေက အပေါ်ယံကြည့်ရင် သာမန်ကျောက်တွေနဲ့ တူပေမယ့် တကယ်တမ်းကျတော့ မှော်စွမ်းအားနဲ့ သန့်စင်ထားတာမို့လို့ ဖောက်ထွင်းဖို့ မဖြစ်နိုင်တဲ့ ကျောက်ချပ်ကာ အင်္ကျီကြီးတစ်ခုလို ဖြစ် နေပြီး အားနည်းချက် ရှာမရအောင်ကို ကျစ်လစ်ခိုင်မာလွန်းလှသည်။
ဒါကိုမြင်တော့ ယု က သောက်လက်စ နွားနို့ခွက်ကို အသာလေး ချလိုက်ပြီး အီဂေးလ် ကို လှမ်းပြောလိုက်သည်။
“ဒီကောင့်ကို ငါပဲ ကိုင်တွယ်လိုက်တော့မယ်...”
အီဂေးလ် က ဘာမှ ပြန်မပြောပဲ စိတ်၀င်တစားကြည့် နေလိုက် သည်။ အရင်က ယု တစ်ယောက် ကိုင်လ် ရဲ့ ဦးလေး ဂျက်စတာ နှင့် တိုက်တုန်းက သူမ သေချာ မမြင်လိုက်ရဘဲ ဂျက်စတာ မြေပေါ်မှာ ဒူးထောက်ပြီး သေလူလို ဖြစ်သွားတာကိုပဲ တွေ့လိုက်ရသည်။ အခု တစ်ခါ တော့ ယု ၏တိုက်ခိုက်စွမ်းရည် ကို အတုယူရန် မျက်စိ မမှိတ်တမ်း ကြည့် နေလိုက်သည်။
အီးဂဲလ် ကြည့်နေစဉ် မှာပင် ယု ဟာ လျှပ်စီးထက်မြန်တဲ့ အရှိန်နဲ့ ဝက်ဝံနက် ရဲ့ ရှေ့ကို ရောက် သွားလေသည်။ ထို့နောက် ၀က်၀ံနက် တစ်ယောက် ဘာဖြစ်လို့ ဖြစ်မှန်းတောင် မသိလိုက်ခင်မှာပဲ အရှိန်ပြင်းပြင်း လက်သီးတစ်ချက်က ကျောက်သားတွေ ဖုံးအုပ်ထားတဲ့ ဗိုက်ဆီကို တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။
ဝုန်းးးးး!
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ၀က်ဝံ နက် ရဲ့ ဗိုက်ကို ဗဟိုပြုပြီး တစ်ကိုယ်လုံးက ကျောက်ချပ်ကာတွေဟာ အက်ကြောင်းတွေ ထသွားကာ မြေပေါ်ကို တဖွဲဖွဲ ကြွေကျကုန်တော့သည်။ နောက်ဆုံးမှာတော့ ကျောက်တုံးတွေ အကုန် ကွာကျသွားပြီး မူလ ကိုယ်ခန္ဓာကြီးပဲ ကျန်ရစ်ခဲ့တော့သည်။
“ဒါ... ဒါ... မဖြစ်နိုင်တာ... မင်း... မင်းက ဘယ်သူလဲ...”
ဝက်ဝံနက် ဟာ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ ယု ကို ကြည့်နေမိသည်။ ယခု ယု က အနက်ရောင်ဝတ်စုံ ဝတ်မထားပေမယ့် ဆံပင်အနက်ရောင်နဲ့ မယုံနိုင်စရာ ကောင်းလောက်တဲ့ ဒီအရှိန်အဝါကြောင့် ဝက်ဝံနက်ကြီးဟာ ယု ရဲ့ အထောက်အထားကို ရိပ်မိလိုက်သည်။ ဒါပေမဲ့ သူ စကားတောင် ဆုံးအောင် မ ပြောလ်ုက်နိုင် ပဲ. မျက်လုံးအိမ်ကြီးတွေ လန်တက်သွားပြီး တစ်ကိုယ်လုံး ပျော့ခွေကာ မြေပေါ်ကို ဘုန်းဘုန်းလဲ ကျကာသတိလစ်သွားတော့သည်။
ဘေးက ကြည့်နေတဲ့ လူအားလုံး ကတော့ ဆွံ့အ နေကြသည်။ ၀က်ဝံ နက် နဲ့ ပါလာသည့် မြေအောက်ဂိုဏ်းသားတွေကတော့ ခဏတာ အံ့ဩသွားပြီးတာနဲ့ ချက်ချင်းပဲ လက်နက်တွေ ထုတ်ကာ ယု ကို ဝိုင်းထားလိုက်ကြသည်။
အဲဒီအချိန်မှာပင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက်က အစ်ကိုကြီး ဗျောင် ကို အော်ပြောလိုက် တော့သည်။
“မြန်မြန်သွားပြီး သခင်မလေး ကို သွားခေါ်ချေ! ဒီမှာ လူတစ်ယောက်က လာသောင်းကျန်းနေပြီး မင်းရဲ့ ခဲအိုကြီးကို သတ်လိုက်ပြီလို့သာ ပြောလိုက်!”
ဗျောင် လည်း စကားအပို မပြောတော့ဘဲ ချက်ချင်းပဲ အပြေးအလွှား ထွက်သွားတော့သည်။ ဗျောင် ထွက်သွားတာနဲ့ တစ်ပြိုင်နက် အခြေအနေက ပိုပြီး တင်းမာလာတော့သည်။
ပိန်ရှည်ရှည် လူမိုက်က ယု ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းက တိုက်ဂါး မာစတာ ဘက်က လွှတ်လိုက်တဲ့ လူလား?”
သူက စကားပြောရင်းနဲ့ လက်ထဲမှာ မီးမှော်စွမ်းအားတွေကို စုစည်းထားကာ တိုက်ခိုက်ဖို့ အသင့်ပြင်နေသည်။ သူတို့ရှေ့မှာတင် ဝက်ဝံနက်ကြီးကို တစ်ချက်တည်းနဲ့ လဲပစ်လိုက်တာမို့ ယု ကို လျှော့တွက်လို့ မရဘူးဆိုတာ သူ သိထားသည်။ ဒါပေမဲ့ ဝက်ဝံနက် ရှုံးတာက တစ်ယောက်တည်း ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။ အခု သူတို့ဘက်မှာ မှော်ဆရာ ၁၀ ယောက်အပြင် တိုက်ခိုက်ရေးသမား ၂၀ ကျော် ရှိနေတာဆိုတော့ ဝက်ဝံနက် ဆိုရင်တောင် ဒီအခြေအနေမျိုးမှာ ပြန်ပြေးရမှပဲ ဖြစ်သည်။
ယု ကတော့ ကြောင်တောင်တောင် မျက်နှာပေးနဲ့ ပြန်ဖြေလိုက်သည်။
“မင်းပြောနေတဲ့ တိုက်ဂါးလား၊ ကြောင်လားဆိုတာ ငါ တစ်ယောက်မှ မသိဘူး...”
ထို စကားက ပိန်ရှည်ရှည် လူမိုက်ကို ပိုပြီး ဒေါသထွက်သွားစေသည်။
“လာပြီး ဟန်ဆောင်မနေနဲ့! ဒီ ‘တောင်ပတ်လမ်း’ နယ်မြေတစ်ခုလုံးက ငါတို့ အရှင် စနိတိ ပိုင်တာကွ! ငါတို့လူကို သတ်ပြီး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မယ် ထင်နေလား!”
သူက စကားတွေ အော်ပြောရင်း ဝင်မတိုက်သေပဲ သခင်မလေး ရောက်လာတဲ့အထိ အချိန်ဆွဲနေ လိုက်သည်။
“ငါ သူ့ကို မသတ်ပါဘူး။ ပြီးတော့ မင်းတို့က ငါ့သူငယ်ချင်းကို အရင်လာပြီး စော်ကားဖို့ ကြိုးစားတာလေ။ ငါက ပြန်လုပ်တာ ဘာမှမမှားဘူး မဟုတ်လား?”
ယုက အေး အေး ဆေး ဆေး ပင်ပြန် ဖြေ လိုက်သည်
လူမိုက်ခေါင်းဆောင်မှာ ဒေါသ ပေါက်ကွဲနေပြီ ဖြစ်သည်။ ဒီနယ်မြေမှာ အရှင် စနိတ် ကလွဲရင် ဘယ်သူမှ လူသတ်ခွင့်မရှိ ပေ။
အခုလို အလုပ်ခံရတာဟာ သူတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပဲလို့ သူ ခံယူထားသည်။ အဲဒါကြောင့် သူလည်း သခင်မလေးကို မစောင့်နိုင်တော့ဘဲ လက်ထဲက မီးလျှံတွေကို မီးဓား ၄ လက်အဖြစ် ပြောင်းလဲကာ ယု ဆီကို တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်တော့သည်။ ဒီမီးဓားတွေက ခန္ဓာကိုယ်အတွင်းပိုင်းအထိ လောင်ကျွမ်းစေနိုင်တဲ့ အစွမ်းရှိတာမို့လို့ တော်ရုံတန်ရုံလူဆိုရင် အသားထဲ၊ အရိုးထဲထိ မီးလောင်ပြီး အသည်းနှလုံးတွေပါ ပြာကျသွားနိုင်သည် ထိ အစွမ်းထက်လှသည်။
မီးဓားတွေက ယု ရဲ့ ရှေ့ကို ရောက်လာတဲ့ ခဏမှာပဲ... အားလုံးက ယု တစ်ယောက် ပြာ ပုံကြီး ဖြစ်သွားတော့မယ်လို့ ထင်လိုက်ကြသည်။မယုံနိုင်စရာ ကောင်းလောက် အောင်ပင် ယု ဟာ ကိုယ်ကို အသာလေး လှုပ်ရှားလိုက်ပြီး ထောင့်ဖြတ်အနေအထားနဲ့ မီးဓား ၄ လက်လုံးကို ရှောင်ပြလိုက်သည်။ထို့နောက် လူမိုက်ခေါင်းဆောင်ရဲ့ ရှေ့ကို ချက်ချင်း ရောက်သွားပြီး သူ့ကို မြေပြင်ပေါ်မှာ ဖိနှိပ်ထားလိုက်တော့သည်။
ယု ရဲ့ အရှိန်က မီးဓားတွေထက်တောင် ပိုမြန်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခေါင်းဆောင်ဖြစ်သူဟာ မြေပေါ်မှာ အဖိခံထားရပြီ ဖြစ်သည်။ ကျန် လူတွေလည်း ကြောက်ရွံ့ကာ ရှေ့တိုးဖို့ပင် သတ္တိမရှိကြတော့ ပေ။ ယု က လက်ကလေး တစ်ချက်လောက် လှည့်လိုက်ရုံနဲ့ သူတို့ခေါင်းဆောင်ရဲ့ လည်ပင်း ကျိုးကာ အသက် ပျောက်သွားနိုင်သည်။
မြေပေါ်မှာ အဖိခံထားရတဲ့ လူမိုက်ခေါင်းဆောင်ကတော့ မကြောက်မရွံ့ဘဲ ဆက်အော်နေတုန်း ပင်ဖြစ်သည်။
“သတ်လိုက်စမ်းပါ! သတ္တိရှိရင် သတ်လိုက်! မင်းတို့ရဲ့ တိုက်ဂါး မာစတာ က အင်ပါယာမြို့တော်မှာပဲ ဆရာကြီး လုပ်လို့ရမှာကွ။ ဒါက ဂါစတာ နယ်မြေ! ငါတို့ အရှင် စနိတ် နဲ့ သခင်မလေးက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး!”
ယု ကတော့ ခေါင်းကုတ်ရင်း...နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“စိတ်မနှံ့တာလား? ဘာလို့ ပါးစပ်ဖွင့်လိုက်တိုင်း သတ်ဖို့ပဲ ပြောနေတာလဲ? မင်းတို့ သခင်မလေးကလည်း အမျိုးသမီးတစ်ယောက်ပဲ မဟုတ်လား? သူက မင်းတို့ ဒီလို ရိုင်းစိုင်းတာကို ခွင့်ပြုထားတာလား?”
“ရိုင်းစိုင်းတာ? မင်းက လူစိမ်းမို့လို့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒီ ဂါစတာ မြို့မှာ ငါတို့ အရှင်သခင်စနိတ် ကပဲ ဥပဒေကွ။ မင်းရဲ့ တိုက်ဂါး မာစတာ ဆိုတာ အမှိုက်ပဲ! ခဏတစ်ဖြုတ်ပဲ နာမည်ကြီးနေတာ၊ တစ်သက်လုံး ဆရာကြီး လုပ်လို့ရမှာ မဟုတ်ဘူး!”
သူကတော့ ယု ကို တစ်ဖက်ဂိုဏ်းက လွှတ်လိုက်တဲ့ လူမိုက်လို့ပဲ တစ်ထစ်ချ မှတ်ယူထားကာ ကြိမ်းမောင်းနေလိုက်သည်။ သူ စိတ်ထဲမှာတော့ ‘ငါ့ကို အခု မသတ်ရင်တော့ သခင်မလေး လာရင် မင်း အလှည့်ပြင်ထားတော့’ လို့ ကြုံးဝါးနေလိုက်သည်။
ထိုစဉ်မှာပဲ လက်နက်ကိုင် လူအုပ်ကြီးက အရက်ဆိုင်ထဲကို ဝုန်းဒိုင်းကြဲ ဝင်လာပြီး ယု ကို ထပ်ပြီး ဝိုင်းထားလိုက်ကြသည်။ အဲဒီနောက် လူအုပ်ကြီးက ဘေးကို ဝဲပေးလိုက်ကာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် အတွက်လမ်းဖယ်ပေးသလိုမျိုး လမ်းတစ်ခု ပေါ်လာသည်။ အားလုံးကတော့ ဘယ်လိုလူကြီးများ လာမလဲလို့ ထင်နေချိန်မှာ ထွက်လာတာကတော့ ဆံပင်ကောက်ကောက် ညိုညိုနဲ့ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေသည်။
ပိန်ရှည်ရှည် လူမိုက်က သခင်မလေးကို မြင်တာနဲ့ အားတက်သရော အော်တော့သည်။
“ဟားဟား! မင်းတော့ သေပြီသာမှတ်! ငါတို့ သခင်မလေးက အဆင့်မြင့်မှော်ဆရာမ ပဲ။ သူ့ကို ဆန့်ကျင်တဲ့သူတွေ ဘယ်သူမှ ကောင်းကောင်းမနေရဘူး၊ ပြီးတော့ သူက ရက်စက်ကြမ်းကြုတ်ရာမှာလည်း နာမည်ကြီးတယ်... မင်း ဒီနေ့ ငါတို့ကို စော်ကားခဲ့သမျှ...”
သူ့စကားတောင် မဆုံးသေးခင်မှာပင်... “ရက်စက်ကြမ်းကြုတ်ပါတယ်” ဆိုတဲ့ သခင်မလေးဟာ ယု ကို မြင်လိုက်တာနဲ့ ဝမ်းသာအားရ ပြေးဖက်လိုက်ပြီး ကလေးလေးတစ်ယောက်လို ချွဲနွဲ့တဲ့ လေသံနဲ့ အော်လိုက်တော့သည်။...
“ယု အစ်ကိုကြီးးး!!! နောက်ဆုံးတော့ ကျွန်မကို လာရှာပြီပေါ့!!!!!!”
“အမ်...”