အခန်း (၉၈) - တောင်ဖြိုတိုက်ကွက်
ဤအရက်ဆိုင်သို့ အဝင်အထွက်ရှိသူများအကြားတွင် “အစ်ကိုကြီး ဗျောင်” ကို မသိသူ မရှိသလောက်ပင်။ သူ၏ နာမည်ရင်းမှာ ဘရက် ဖြစ် သော်လည်း ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်၊ ရိုင်းစိုင်းကြမ်းတမ်းသော ရုပ်သွင်တို့ကြောင့်ပင် “အစ်ကိုကြီး ပျောက်” ဟု လူသိများခြင်း ဖြစ်သည်။
သူကိုယ်တိုင်၏ အစွမ်းအစမှာ သာမန်မျှသာ ဖြစ်သော်လည်း နောက်ကွယ်တွင် မြေအောက်လောက လူမိုက်ဂိုဏ်း၏ အထောက်အပံ့ ရှိနေသဖြင့် မည်သူမျှ မပတ်သက်ရဲကြချေ။ သူနှင့်အတူ အမြဲပါလေ့ရှိသည့် နောက်လိုက်သုံးဦးမှာလည်း အရပ်ခြောက်ပေနီးပါး မြင့်မားကာ ကြွက်သားအမြောင်းမြောင်းနှင့် ကြောက်စရာကောင်းလှသော လူသန်ကြီးများ ဖြစ်ကြသည်။
သို့သော် ယခုအခါတွင်မူ ထိုသို့သော လူသန်ကြီးလေးဦးစလုံးမှာ မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲကျနေကြပြီ ဖြစ်သည်။ သူတို့ကို နှိမ်နင်းလိုက်သူမှာ အခြားသူမဟုတ်ဘဲ သူတို့ လာရောက်နှောင့်ယှက် စော်ကားခဲ့သည့် “အီဂေးလ်” ပင် ဖြစ်သည်။
အီဂေးလ်က သူမ၏ လက် ကို အသာအယာ ဆန့်ထုတ်လိုက်ရင်း မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေသော လူမိုက်များကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“ရှင်တို့ လေးယောက်လုံးက ဒီလောက်တောင် အသုံးမကျလိမ့်မယ်လို့ မထင်ထားဘူး။ တော်သေးတာပေါ့... ငါက အားကုန်တောင် မသုံးရသေးလို့၊ မဟုတ်ရင် ရှင်တို့တော့ ဒုက္ခလှလှ တွေ့တော့မှာ”
အစ်ကိုကြီး ပျောက်မှာ ရောင်ကိုင်းနေသော ပါးကို အုပ်ကိုင်ရင်း မြေပြင်မှ လူးလဲထလာပြီး အီဂေးလ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းဝါးပါတော့သည်။
“တောက်! ဖာသည်မ... နင် ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာ မသိသေးလို့ပါ။ ဒီမှာပဲ စောင့်နေလိုက်စမ်း! ငါ့ခဲအိုကြီးကို ခေါ်ပြီး နင့်ကို အစဖျောက်ခိုင်းမယ်!”
စကားဆုံးသည်နှင့် သူတို့လေးဦးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် အရှက်တကွဲ ဖြစ်လျက် လူအုပ်ထဲသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားကြလေသည်။
အနားတွင်ရှိနေသော ဆိုင်ဝန်ထမ်းတစ်ဦးက အီဂေးလ်ထံ အပြေးအလွှား ရောက်လာပြီး စိုးရိမ်တကြီး သတိပေး လိုက်သည်။
“မမ... အမြန်ပြေးတော့ဗျ။ သူ့ခဲအိုက ဒီလမ်းမတစ်ခုလုံးရဲ့ မြေအောက်လောကကို စိုးမိုးထားတဲ့ ‘ဝက်ဝံနက် ဘီလ်’ ဗျ!”
သို့သော် အီဂေးလ်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“ဝက်ဝံနက်ပဲဖြစ်ဖြစ်၊ ဝက်ဝံဖြူပဲဖြစ်ဖြစ်... နေ့ခင်းကြောင်တောင် မိန်းကလေးတစ်ယောက်ကို ဒီလိုစော်ကားတာဟာ ဥပဒေမဲ့လွန်းရာ မရောက်ဘူးလား။ ဒီနေ့ ငါ့ကိုလုပ်လို့ ဘာမှမဖြစ်ပေမယ့် နောက်နေ့ တခြားမိန်းကလေးတစ်ယောက်ကို လုပ်ရင် ဘယ်လိုလုပ်မလဲ?”
မကြာမီမှာပင် အစ်ကိုကြီး ပျောက်သည် လူတစ်စုနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ ယခုတစ်ခေါက် ပါလာသူများမှာ အရင်လူမိုက်များနှင့် လုံးဝမတူတော့ဘဲ အရှိန်အဝါ တစ်မျိုး ဖြစ်နေသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဆံပင်ရွှေရောင်၊ ထွားကျိုင်းသန်မာသော ကိုယ်လုံးကိုယ်ပေါက်နှင့် အသားညိုညို လူတစ်ယောက် ဖြစ်သည်။ သူသည် ဆိုင်ဝန်ထမ်း ပြောဆိုခဲ့သည့် ‘ဝက်ဝံနက်’ ပင် ဖြစ်သည်။
“ခဲအိုကြီး! အဲဒီကောင်မလေးပဲ ကျွန်တော်တို့ကို ရိုက်လိုက်တာ!” အစ်ကိုကြီး ဗျောင်မှာ ဝက်ဝံနက်ရှေ့တွင်မူ အရင်က အရှိန်အဝါများ ပျောက်ဆုံးကာ ဖခင်ဖြစ်သူကို တွေ့ရသည့်အလား ရိုရိုကျိုးကျိုးဖြင့် တိုင်တောနေတော့သည်။ ဝက်ဝံနက်ကမူ သူ့ခဲအို၏ အကျင့်ကို သိထားသည့်အလား ခက်ထန်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သဖြင့် အစ်ကိုကြီး ဗျောင် မှာ ချက်ချင်းပင် နှုတ်ဆိတ်သွားရရှာသည်။
ဝက်ဝံနက်က အီဂေးလ်၏ ရှေ့သို့ လျှောက်လာပြီး အေးစက်စက် လေသံဖြင့် ဆိုသည်။
“ငါ့ခဲအိုက မိန်းမလိုက်စားတာတော့ မှန်တယ်။ ဒါပေမဲ့ မင်းက သူ့ကို ဒီလောက်အထိ ရိုက်ပစ်တာတော့ နည်းနည်းလွန်သွားပြီ။ ငါတို့ ‘အရှင်သခင် စနိတ်” နယ်မြေမှာ ဒါမျိုးကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး!”
အီဂေးလ်ကလည်း မလျှော့ဘဲ ပြန်လည်အော်ဟစ်လိုက်သည်။
“စနိတ် က ဘာကောင်လဲ? နင့်လူက ငါ့ကို နေ့ခင်းကြောင်တောင် စော်ကားဖို့ ကြိုးစားတာလေ။ ငါက ငြိမ်ခံနေရမှာလား!”
ဝက်ဝံနက်က မိုက်ရူးရဲဆန်စွာဖြင့် “ဟုတ်တယ်! ငါတို့ အရှင်သခင် စနိတ် နယ်မြေမှာဆိုရင် ဗျောင် က မင်းကို စော်ကားချင်တယ်ဆိုရင် မင်းက ငြိမ်ငြိမ်လေး လဲနေပေးရမယ်။ လှုပ်တောင် မလှုပ်ရဘူး!” ဟု ဆိုကာ အီဂေးလ်ကို ဖမ်းဆီးရန် လက်လှမ်းလိုက်သည်။
အီဂေးလ်က လျင်မြန်စွာ ရှောင်တိမ်းပြီး ဝက်ဝံနက်ကို လေထဲမှ ပျံကန်လိုက်သော်လည်း ဝက်ဝံနက်မှာ တုပ်တုပ်မျှ မလှုပ်ပေ။ သေချာကြည့်လိုက်မှ ဝက်ဝံနက်၏ ခြေထောက်နှင့် လက်ဖဝါးများမှာ ကျောက်တုံးများအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသဖြင့် အီဂေးလ် ထိတ်လန့်သွားတော့သည်။ သူသည် သာမန်လူမိုက်မဟုတ်ဘဲ မြေ မှော်စွမ်းအားသုံးနိုင်သည့် ‘ကျောက်ဝက်ဝံ’ ဖြစ်နေခြင်းပင် ဖြစ်သည်။
အီဂေးလ်မှာ လက်နက်မပါဘဲ မှော်စွမ်းအားရှိသော လူမိုက်ခေါင်းဆောင်ကို ရင်ဆိုင်ရန် အခက်တွေ့နေစဉ် ဝက်ဝံနက်က အီဂေးလ်၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ အပေါ်ထပ်သို့ လှမ်းပစ်လိုက်သည်။ ထို့နောက် အီဂေးလ်ရှိရာသို့ ခုန်တက်သွားပြီး လေထဲတွင် ဖမ်းဆွဲရန် ပြင်ဆင်လိုက်သည်။ ဒါသည် ဝက်ဝံနက်၏ နာမည်ကျော် တိုက်ကွက်ဖြစ်သော တောင်ဖြို တိုက်ကွက် ပင် ဖြစ်သည်။ ရန်သူကို လေထဲမြှောက်ကာ မိမိ၏ ပြင်းထန်သော အလေးချိန်ဖြင့် ဖိချလိုက်ခြင်းဖြင့် ရန်သူ၏ ခြေထောက်များကို ကျိုးသွားစေကာ ဒုက္ခိတဖြစ်စေမည့် တိုက်ကွက်မျိုး ဖြစ်သည်။
သို့သော် ဝက်ဝံနက်က အီဂေးလ်ကို လေထဲတွင် ဖမ်းဆွဲရန် လက်လှမ်းလိုက်သည့် ခဏ၌ပင် သူ၏ရှေ့တွင် မည်းမည်းအရိပ်တစ်ခု ဗြုန်းခနဲ ပေါ်လာသည်။
ငါ့ထက်မြန်တဲ့သူ ရှိသေးတာလား? ဟု ဝက်ဝံနက် တွေးနေတုန်းမှာပင် မျက်စိထဲ၌ အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး သူ သတိပြန်ဝင်လာသည့်အခါတွင်မူ မြေပြင်ပေါ်၌ ပက်လက်လန် လဲကျနေပြီ ဖြစ်သည်။
“ဘာ... ဘာဖြစ်သွားတာလဲ?” ဝက်ဝံနက်က ခေါင်းကို ခါယမ်းရင်း အံ့အားသင့်စွာ မေးလိုက်သော်လည်း မည်သူမျှ ပြန်မဖြေနိုင်ချေ။ ဘာဖြစ်သွားမှန်း မည်သူမျှ မမြင်လိုက်ရသောကြောင့်ပင်။ အဆိုပါအချိန်တွင် ဝက်ဝံနက် မြင်လိုက်ရသည်မှာ ဆံပင်နက်နက်နှင့် ကောင်လေးတစ်ဦးက အီဂေးလ်ကို ရင်ခွင်ထဲတွင် ပွေ့ချီထားသည်ကိုပင်။
ထိုကောင်လေးက မည်သူနည်းဟု မမေးရသေးခင်မှာပင် ကောင်လေးက စားပွဲပေါ်မှ နွားနို့တစ်ခွက်ကို ယူကာ အေးအေးလူလူ သောက်နေသည်ကို တွေ့လိုက်ရသဖြင့် ဝက်ဝံနက်၏ မာန်မာနများမှာ တစ်စစီ ကြွေလွင့်သွားတော့သည်။ သူ၏ တိုက်ကွက်ကို အရှင်သခင် စနိတ် မှလွဲ၍ မည်သူမျှ မဖြိုခွဲနိုင်ခဲ့ဖူးချေ။ ယခုမူ နွားနို့သောက်နေသော ကလေးတစ်ဦးက သူ၏တိုက်ကွက်ကို အလွယ်တကူ ဖြိုခွဲလိုက်သဖြင့် ဝက်ဝံနက်မှာ အလွန်ပင် အရှက်ရသွားလေတော့သည်။