အခန်း (၉၃) - ကျောင်းတော်သို့ ပြန်ရောက်ခြင်း
ယု နှင့် ကီးလ် နှစ်ယောက်သား အမြန်ဆုံး ရထားလုံးကို ငှားရမ်း၍ ကျောင်းတော်သို့ တိုက်ရိုက် ဦးတည် ပြန်ခဲ့ကြသည်။ သီတင်းပတ် နှစ်ပတ်ခန့် ကြာမြင့်ပြီးနောက်တွင်မူ ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရထားလုံးပေါ်မှ ဆင်းသည်နှင့် ကီးလ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ အာဆီမန်းစ် ၏ ရုံးခန်းရှိရာသို့ တန်း သွားလိုက်သည်။ သူမသည် အာဆီမန်းစ် ၏ သေဆုံးမှုကို လျှို့ဝှက်ထားရန်နှင့် သူမ၏ မှော်စွမ်းအားများကို အမြန်ဆုံး ပြန်လည်ရရှိရန် နည်းလမ်းရှာဖွေရန် အလျင်လို နေသောကြောင့် ဖြစ်သည်။
ယု ကမူ ကျောင်းတော်သို့ ရောက်သည်နှင့် အဆောင်ရှိရာသို့ အပြေး သွားတော့သည်။ တစ်လကျော်မျှ ခွဲခွာခဲ့ရသော အိုင်းရှာ ကို အလွန်အမင်း လွမ်းဆွတ်နေမိသဖြင့် သူမကို အမြန်ဆုံး တွေ့ဆုံကာ ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားချင်နေမိသည်။ သို့သော် အဆောင်ခန်းတံခါးကို ဖွင့်လိုက်ချိန်တွင်မူ
“ဟင်...”
ယု တစ်ယောက် ကြောင်ပြီး ရပ်ကြည့်နေမိသည်။
အခန်းတွင်း၌ ကုတင်နှစ်လုံးမှာ ယခင်အတိုင်း ရှိနေသော်လည်း အိုင်းရှာ၏ အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းများမှာကား လုံးဝ မရှိတော့ပေ။ အခန်းတွင်း၌ ဖုန်နံ့အနည်းငယ် ထွက်ပေါ်နေခြင်းကို ကြည့်ခြင်းဖြင့် အခန်းမှာ လူမနေတာ အနည်းဆုံး တစ်လလောက် ရှိနေပြီ ဖြစ်သည်။
‘ထူးဆန်းလိုက်တာ... အိုင်းရှာ က သူ့ အခန်းဟောင်းကို ပြန်ပြောင်းသွားတာလား’
ယု သည် သူထွက်ခွာမည့် နံနက်ခင်းက အိုင်းရှာ ၏ ထူးဆန်းသော အမူအရာကို ပြန်လည်သတိရသွားသည်။
ထိုစဉ်ကအိုင်းရှာ ၏ လက်စွပ်ကို သူ့ထံ ပေးအပ်ခဲ့သော ဆေးလ်ဖ် ကို မေးလိုက်သည်။
“ ဆေးလ်ဖ်... ငါတို့ ထွက်မသွားခင် မနက်က အိုင်းရှာ ဘာပြောသေးလဲ?”
“အဲ့ဒီနေ့က အိုင်းရှာ ဟာ တစ်ခုခုကို စိုးရိမ်နေပုံရတယ် သခင်... သခင်ဘေးကနေ ဘယ်တော့မှ မခွာဘဲ ကာကွယ်ပေးဖို့ ကျွန်မကို ထပ်ခါတလဲလဲ မှာကြားခဲ့တယ်” ဟု ဆေးလ်ဖ် က ပြန်လည်ဖြေကြားလိုက်သည်။
ယုသည် တစ်ခုခု လွဲချော်နေသည်ဟု တွေး လ်ုက်မိသည်။
“အီဂေးလ် ဆီ သွားမေးကြည့်တာ ပိုကောင်းမယ် ထင်တယ်...၊ ညနေပိုင်း အချိန်ဆို တော့ လေ့ကျင့်ရေး ကွင်း မှာ ရှိလောက်မယ်...”
လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ အီဂေးလ်သည် ဧရာမ ပုဆိန်ကြီးကို ကိုင်စွဲကာ “မီးလျှံကျား” ကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ အခြားကျောင်းသားများမှာမူ ဘေးမှနေ၍ သူမ၏ တိုက်ကွက်များကို အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။
သို့သော် ထိုကျောင်းသားများထဲတွင် အိုင်းရှာ ကို မတွေ့ရဘဲ မျက်နှာသစ် ကျောင်းသားအချို့ကိုသာ တွေ့လိုက်ရသည်။
အီဂေးလ်သည် မှော်ပညာကို အသုံးပြု၍ လျင်မြန်သော အရှိန်ဖြင့် မီးလျှံကျားကို တိုက်ခိုက်နေသည်။ သူမ၏ ပြင်းထန်သော အရှိန်အဝါကြောင့် မီးလျှံကျားပင် တုန်လှုပ်နေရ၏။
မီးလျှံကျားက မီးလုံးများဖြင့် ပြန်လည်တိုက်ခိုက်သော်လည်း အီဂေးလ်သည် ရှောင်တိမ်းခြင်းမပြုဘဲ သူမ၏ ပုဆိန်ကြီးဖြင့် မီးလုံးများကို ရိုက်ခွဲပစ်လိုက်သည်။
“ဝိုး... မိုက်လှချည်လား!”
“ကြည့်စမ်း... တကယ့် စစ်နတ်သမီးပဲ!”
ဘေးမှ ကြည့်နေသော ကျောင်းသားများမှာ အားကျစွာ ချီးကျုးနေကြသည်။
နောက်ဆုံးတွင် မီးလျှံကျားသည် အီဂေးလ်၏ တိုက်ခိုက်မှု ကို မယှဉ်နိုင်ဘဲ အမြီးကုပ်ကာ ထွက်ပြေးသွား တော့သည်။
“အီဂေးလ် က တော်လိုက်တာ!”
“ဟုတ်ပ... ၅ လအတွင်းမှာ ဒီလောက်ကြီး အစွမ်းထက်လာလိမ့်မယ်လို့ မထင်ထားဘူး!”
ကျောင်းသားဟောင်းတစ်ယောက်က ပြောနေတုန်းမှာပင် ကွင်းရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ ယု ကို သတိထားမိသွားကြသည်။
“ဟေ့... ဟိုကောင်က ဘယ်သူလဲ? တခြားအတန်းက ထင်တယ်၊ ဒီအချိန်ကြီး လာချောင်းနေတာလား?”
“ကြည့်ရတာ B-Class လောက်က ထင်ပါတယ်၊ ငါတို့ အထူးတန်းကို လာငေးနေတာပေါ့။”
“ပါးစပ်ပိတ်ထားကြစမ်း! အဲဒီလူက...”
ကျောင်းသားဟောင်းတစ်ဦးက ထိုသူများကို သတိပေးရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် အီဂေးလ်သည် သူမ၏ ပုဆိန်ကြီးကို ပစ်ချကာ ယုရှိရာသို့ လျှပ်စစ်အလား ပြေးလာပြီး ယု၏ လည်ပင်းကို ဖက်လိုက်တော့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ကျောင်းသားသစ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြကုန်သည်။
“ဟာ... ဒါ... ဒါက အီဂေးလ်ရဲ့ ချစ်သူလား!”
“မဖြစ်နိုင်တာ! ငါ ဒီလူကို တစ်ခါမှ မမြင်ဖူးဘူး!”
“စီနီယာ... ဒီကောင်က ဘယ်သူလဲဗျ!?”
ကျောင်းသားဟောင်းက ယု ကို ကြည့်ပြီး သက်ပြင်းချရင်း ပြန်ပြောလိုက်တော့သည်။
“မင်းတို့... လုံးဝ (လုံးဝ) သွားမစသင့်တဲ့ လူပေါ့...”