မှော်အင်အားတွေ တဖြည်းဖြည်း ပြန်ပြည့်လာတာနဲ့အမျှ ကီးလ် တစ်ယောက် သူမ၏မျက်ဝန်းများကို ညင်သာစွာ ဖွင့်ဟလိုက်သည်။
ယုံကြည်ရဆုံးသော ဆရာ၏ သစ္စာဖောက်မှုကို ခံခဲ့ရပြီး စွမ်းအားအားလုံး ဆုံးရှုံးခဲ့ရသော်လည်း နိုးထလာချိန်တွင် ခံစားလိုက်ရသည့် နွေးထွေးမှုမှာ ဖော်ပြမတတ်အောင်ပင် ထူးခြားနေ၏။
သူမ သတိဝင်လာချိန်တွင် ပထမဆုံး သိရှိလိုက်ရသည်မှာ သူမ၏ နှုတ်ခမ်းများပေါ်သို့ နူးညံ့သောအရာတစ်ခုက ဖိကပ်ထားခြင်းပင်။
"အံမာ... ငါ့ရဲ့ ငတုံး တပည့်က ငါသတိလစ်နေတုန်း အမြတ်ထုတ်နေတာလား!"
"ဒီငတုံးကတော့ တကယ်ကို အတင့်ရဲတာပဲ။ ငါက ဟိုမှူးမတ်တွေ ရန်ကနေ ဝေးအောင်လို့ သူ့ကို ငါ့ရဲ့ 'စေ့စပ်ထားသူ' ပါဆိုပြီး လိမ်ပြောထားတာကို... သူက တကယ်ကြီး မှတ်နေတာလား မသိဘူး!"
ကီးလ်သည် ယုကို တွန်းထုတ်ရန် ကြိုးစားသော်လည်း အင်အားချင်းမှာ အဆမတန် ကွာခြားနေသည်။
ယု သည် ကီးလ်၏ ရုန်းကန်မှုကို သတိပြုမိသော်လည်း ပိုမို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
မကြာမီမှာပင် ယု သည် သူမကို အခွင့် ကောင်း ယူနေခြင်းမဟုတ်ဘဲ သူမ၏ မှော်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
ယု ၏ ဖုန်မှုန့်များပေကျံနေသော မျက်နှာနှင့် စုတ်ပြဲနေသော အင်္ကျီ ကို ကြည့်ခြင်းဖြင့် သူတို့နှစ်ဦး လွတ်မြောက်လာရန် မည်မျှ ကြိုးစားခဲ့ရမည်ကို သူမ တွေးမိလိုက်သည်။
ငယ်စဉ်ကတည်းက ယုံကြည် အားကိုးခဲ့ရသော ဆရာက သစ္စာဖောက်ခဲ့သော်လည်း သိကျွမ်းခဲ့သည်မှာ ခြောက်လပင် မပြည့်သေးသော တပည့်ဖြစ်သူကမူ သူမအတွက် အသက်ကိုပင် ပဓာနမထားဘဲ ကယ်တင်ခဲ့သည်။
ထိုခံစားချက်တို့ကြောင့် ကီးလ် တစ်ယောက် ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်တွေ ဝိုင်းလာပြီး ယု ရဲ့ အနမ်းတွေကို အလိုက်သင့်လေး ပြန်တုံ့ပြန်မိသွားသည်။ အဲဒီအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ နှလုံးခုန်သံကလွဲရင် ဘာသံမှ မကြားရတော့ဘူး။
ခဏအကြာ နောက်ဆုံး မှော်စွမ်းအင် တစ်စက်အထိ ပြန်ဖြည့်ပေးပြီးမှ နှစ်ယောက်သား မခွဲချင် ခွဲချင် ဖြင့် နမ်းနေရာ မှ ခွာလိုက်ကြသည်။
"ကီးလ်..."
ယုကသူမကို မြတ်နိုးစွာ စိုက်ကြည့်ရင်း ခေါ်လိုက်သည့်အခါ ကီးလ်၏ မျက်နှာမှာ ရဲခနဲ နီသွား တော့သည်။ သူမသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ဟန်ကိုယ်ဖို့ကာ ငေါက်ငမ်းလိုက်တော့သည်။
"ဟို... ဟိုလေ! ဒါက... တခြားနည်းလမ်း မရှိလို့ လုပ်လိုက် ရတာနော်! မင်းကို ငါ နဲ့ စေ့စပ်ထားသူလို့ ပြောလိုက်တာကလည်း တကယ်ကြီး မဟုတ်ဘူး! မင်းက ငါ့တပည့်ပဲ... အဲဒါကို မမေ့နဲ့! ခုနက ဖြစ်သွားတာတွေကိုလည်း အခုချက်ချင်း မေ့ပစ်လိုက်တော့! ကြားလား!!"
သူမကိုယ်သူမတောင် သတိမထားမိပဲ စကားတွေ အများကြီး ပြော ကာ ဖြေရှင်းချက် ပေးနေမိသည်။ အရင်က လူတွေရှေ့မှာ ပြုမူနေကျ အေးစက်စက် "စုန်းမလေး" ပုံစံပျောက်ဆုံးနေပြီး မိမိကိုယ်မိမိ ခုခံကာကွယ်နေသော မိန်းကလေးတစ်ဦးကဲ့သို့ ချစ်စဖွယ် ဖြစ်နေတော့သည်။
"အယ်..."
ယု တစ်ယောက် ကြောင် တောင်တောင် ဖြစ် နေ သည်။ခုနက သူမ ကိုယ်တိုင်အားတက်သရော ပြန်နမ်းနေပြီးတော့မှ... အခုကျမှ လေသံပြောင်းသွားတာလား။ ငါကတော့ သူ့ကို လက်ထပ်ဖို့အထိ စဉ်းစားနေတာ... ။
"အူကြောင်ကြောင် လုပ်မနေနဲ့! မေ့လိုက်ဆို မေ့လိုက်! ဒါနဲ့... ဆရာ အာစီမန်းစ် နဲ့ ဝမ်ဒီ တို့ကော? မင်းကရော ဘယ်လို လွတ်လာတာလဲ?"
ယု ကတော့ ကြိုတင်ပြင်ဆင်ထားသော ဇာတ်လမ်းကိုပင် ပြောပြလိုက်သည်။
"အော်... ကျွန်တော် ဆေးလ်ဖ် ရဲ့ အကူအညီနဲ့ ထွက်ပြေးလာတုန်းက သူတို့က ဟိုကျောက်မျက်ရတနာအတွက် သတ်နေကြတာ။ အဲဒီမှာ အာစီမန်းစ် ရဲ့ မှော်က အရမ်းပြင်းတော့ တောင်ကမ်းပါးကြီး ပြိုကျသွားရော။ ကျွန်တော်လည်း အချိန်ကိုက်လေး ကျောက်မျက်ကို ကောက်၊ ဆရာမကို ပွေ့ပြီး ထွက်ပြေးလာတာပေါ့။ အပြင်ရောက်တော့ မီးတောင်က ပေါက်ကွဲပြီလေ... သူတို့လည်း အထဲမှာပဲ ပိတ်မိပြီး ပါသွားပြီ ထင်တာပဲ။"
ကီးလ်သည် အခြေအနေကို သုံးသပ်ကြည့်ရင်း စိုးရိမ်ပူပန်လာရသည်။
"အင်း... ဝေါ်ကာ ကတော့ ဟင်းလင်းပြင်ထဲ ဝင်ပြေးနိုင်တော့ အသက်ရှင် ကျန်နိုင်သေးတယ်။ ဒါပေမဲ့ ကာပယ်လာ မိသားစုနဲ့ ဆရာကြီး အာစီမန်းစ် ကတော့ သေပြီထင်တယ်။ အခုတော့ အင်ပါယာရဲ့ အင်အားစုတွေကြားမှာ ဟန်ချက်ပျက်သွားပြီ။ မကြာခင် ပြဿနာကြီးတွေ တက်တော့မယ်။"
ကီးလ် က ယု ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငတုံးတပည့်... အင်ပါယာမှာ မကြာခင် အပြောင်းအလဲကြီးတွေ ဖြစ်တော့မယ်။ ငါ့ရဲ့ မှော်စွမ်းအင်ကလည်း အရင်လို မရှိတော့ဘူး။ မင်း ငါနဲ့အတူရှိနေရင် အန္တရာယ်များလိမ့်မယ်။ ဒါကြောင့် ဆေးလ်ဖ် ကို ခေါ်ပြီး ဝေးရာကို အမြန်ဆုံး ထွက်ပြေးတော့"
"မပြေးနိုင်ဘူး။"
ယုကမူ မဆိုင်းမတွပင် ငြင်းဆန်လိုက်သည်။
"ဘာလို့ ဒီလောက် စကားနားမထောင်ရတာလဲ! အင်ပါယာရဲ့ အင်အားကြီး သုံးခုက အခု ပျက်စီးသွားပြီ။ ဧကရာဇ်ကလည်း နာမည်ပဲ ရှိတာ... အခု သူ့ကို ကာကွယ်ပေးမယ့် အာစီမန်းစ် ကလည်း မရှိတော့ဘူးဆိုတော့ ပြည်တွင်းစစ်က မလွဲမသွေပဲ!"
ယု က ကီးလ် ကို စိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
"ဒါဆို... ဆရာမကကော ကျွန်တော်နဲ့အတူ မပြေးဘူးလား?"
ကီးလ် တွေဝေသွားရသည်။ သူမတွင် နန်းတော်အတွင်း၌ ကျန်ရှိနေသော သူငယ်ချင်းဖြစ်သူကို ပစ်မထားနိုင်သည့် အကြောင်းပြချက် ရှိနေသည်။
ယုကဆက်လက်၍
"ဆရာမက မပြေးဘူးဆိုရင် ကျွန်တော်လည်း မပြေးဘူး။ ကျွန်တော်က ဆရာမရဲ့ တပည့်ပဲလေ... ဘယ်တပည့်က ဆရာကို ပစ်ထားခဲ့မှာလဲ။ ပြီးတော့... ကျောင်းမှာ အိုင်းရှာလေးကလည်း ကျွန်တော့်ကို စောင့်နေဦးမှာ... သူ့ကိုလည်း ပစ်မထားနိုင်ဘူး။"
ကီးလ်သည် ယုကို ကြည့်ရင်း ရင်ထဲ၌ နွေးထွေးသွားရသည်။ ကံတရား သည် သူမအား ဆိုးညစ်သော ဆရာတစ်ဦးကို ပေးခဲ့သော်လည်း တန်ဖိုးရှိသော တပည့်တစ်ဦးကို ပြန်လည်ပေးသနားခဲ့သည်ဟု တွေးတော နေမိသည်။
သူတို့နှစ်ယောက် ကြည်နူးနေတုန်း...ဆေးလ်ဖ် တစ်ယောက် မျက်လုံးလေး ပွတ်ပြီး ကြားထဲက ပေါ်လာကာ မေးလိုက်သည်။
"သခင်... နမ်းလို့ ပြီးကြပြီလားဟင်"
စောစောက အကြာကြီး စောင့်နေရတာ ပျင်းလို့ အိပ်ပျော်သွားတဲ့ ဆေးလ်ဖ် က အခုမှ နိုးလာတာပါ။
"ဘာ... ဘာနမ်းတာလဲ! ဒါက အရေးပေါ် ကုသတာလေ! မှော်ဖြည့်ပေးတာပါဆို! နင်တို့ နှစ်ယောက်စလုံး အခုချက်ချင်း အဲဒါကို မေ့လိုက်စမ်း! နောက်တစ်ခါ ထပ်မပြောနဲ့နော်!"
ကီးလ်သည်ရှက်လွန်းလှသဖြင့်မျက်နှာတစ်ခုလုံးနီရဲကာအော်ဟစ်လိုက်တော့သည်။