အခန်း (၉၀) - မှော်စွမ်းအင် လွှဲပြောင်းခြင်း
ယုသည် ပူပြင်းလှသော အပူရှိန်ကို အံတုရင်း ဂူအတွင်းမှ အပြင်းအထန် ပြေးထွက်လာခဲ့သည်။ ဂူဝသို့ ရောက်ရှိသောအခါ သတိလစ်နေသော ကီးလ်ကို ကျောပိုးထားရင်း စိုးရိမ်တကြီး စောင့်ကြိုနေသည့် ဆေးလ်ဖ် ကို တွေ့လိုက်ရ၏။
“သခင်... အဆင်ပြေရဲ့လား!”
ယု ထွက်လာသည်နှင့် ဆေးလ်ဖ် က အလောတကြီး မေးမြန်းလိုက်သည်။ သူမသည် “ငရဲမီးလျှံ” အကြောင်းကို သေချာစွာ မသိသော်လည်း စောစောက ထွက်ပေါ်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားကိုမူ ကောင်းစွာ အာရုံခံမိနေခဲ့သည်။
“အဆင်ပြေပါတယ်။ ဒါပေမဲ့ ချော်ရည်တွေ မကြာခင် ရောက်လာတော့မယ်။ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်”
ယု ယု ၏ နောက်ကွယ်ရှိ မီးတောင်မှာ ပေါက်ကွဲနေပြီဖြစ်ပြီး ဂူထဲမှ ချော်ရည်များသည် တောင်အောက်သို့ စီးကျလာနေသည်။ ယု သည် စည်းတံဆိပ် ကို အနည်းငယ် ဖြေလျော့လိုက်ကာ ကီးလ်ကို ပွေ့ချီပြီး တောင်အောက်သို့ အပြင်းအထန် ပြေးဆင်းတော့သည်။ဆေးလ်ဖ် သည်လည်း ယု၏ အရှိန်အတိုင်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ လေသည်။
သူတို့သည် စောင့်ကြိုနေမည့် ရထားလုံးမောင်းသမားများရှိရာ ရွာအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ရွာသားများနှင့် ရထားမောင်းသမားများမှာမူ မီးတောင်ပေါက်ကွဲမှုကို ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဖြစ်သည်။
ယုသည်အထီးကျန် တိတ်ဆိတ်နေသော ရွာကလေးကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ကီးလ်ကို ပွေ့ပိုက်လျက်ပင် ဝေးရာသို့ ဆက်လက် ပြေးထွက်ခဲ့ ပြန်သည်။
အတန်ကြာ ပြေးလာပြီးနောက်တွင်မူ မီးတောင်၏ အပူရှိန်ကို မခံစားရတော့သည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ ယုသည် ပြန့်ပြူးသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် နေရာယူကာ သတိလစ်နေသော ကီးလ်ကို သူ၏ရင်ခွင်ထဲ၌ အသာအယာ လှဲလျောင်းစေလိုက်သည်။
ပြင်းထန်သော တိုက်ပွဲကြောင့် သူမ အတော်လေး ပင်ပန်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်တွင် “ကျောက်စိမ်း” ကို ကိုင်ထားသော ဆေးလ်ဖ်က ပြောလိုက်သည်။
“သခင်... ကျွန်မ ကီးလ်ရဲ့ ကိုယ်ထဲမှာ ဘာမှော်စွမ်းအင်ကိုမှ အာရုံ ခံမရတော့ဘူး”
ယု မှင်သက်သွားရသည်။ အာစီမန်းစ်သည် ‘လုယက်ခြင်း’ စွမ်းရည်ကို အသုံးပြုပြီး ကီးလ်ထံမှ မှော်စွမ်းအားအားလုံးကို ခိုးယူသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။
ယု သည် ကီးလ်၏ အဝတ်အစားများကို အနည်းငယ် ဟလိုက်ပြီး သူမ၏ ဝမ်းဗိုက်ပေါ်တွင် လက်တင်ကာ စမ်းသပ်ကြည့်လိုက်သည်။ အမှန်ပင် သူမ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် မှော်လှိုင်းမျှ မရှိတော့ပေ။ လူသားတို့တွင် ရှိတတ်သော အခြေခံမှော်စွမ်းအားပင် မကျန်တော့ချေ။
အကယ်၍ သူသာ ဟင်းလင်းပြင်ထဲမှ စောစော ပြန်ထွက်လာနိုင်ခဲ့လျှင် ဤကဲ့သို့ ဖြစ်မည်မဟုတ်ပေ။ ကီးလ်အတွက် ဤသတင်းမှာ အလွန်ပင် ဆိုးဝါးလှသည်။
အင်ပါယာ၏ ထိပ်တန်းမှော်ဆရာမ တစ်ဦးအတွက် မှော်စွမ်းအားမဲ့သွားခြင်း၊ သူမ အားကိုးရသော ဆရာက သစ္စာဖောက်သွားခြင်းတို့ကို ကီးလ် နိုးလာလျှင် ခံစားနိုင်ပါ့မလားဟု ယု စိုးရိမ်နေမိသည်။
ထိုစဉ် ဆေးလ်ဖ်က ထပ်မံ၍ အကြံပြုလာပြန်သည် ။
“သခင်... သခင်ရဲ့ ကိုယ်ထဲမှာ ကီးလ်ရဲ့ မှော်စွမ်းအင်တွေ ကျန်နေသေးတယ် မဟုတ်လား”
ယု ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ လွန်ခဲ့သော ရက်များက ကီးလ်သည် သူ၏ ကိုယ်တွင်းသို့ မှော်စွမ်းအင်များ ဖြည့်ဆည်းပေးခဲ့သဖြင့် ထိုစွမ်းအားများမှာ ယခုတိုင် ကျန်ရှိနေသေးခြင်း ဖြစ်သည်။
ထိုစွမ်းအားများကို ကီးလ်၏ ကိုယ်တွင်းသို့ ပြန်လည် ထည့်သွင်းပေးရန်သာ လိုအပ်တော့သည်။ သို့သော် ကီးလ်တွင် မှော်စွမ်းအား လုံးဝမရှိတော့သဖြင့် သာမန် ‘စာချုပ်အမှတ်အသား’ မှတစ်ဆင့် မှော်ပညာ လွှဲပြောင်းရန် မဖြစ်နိုင်တော့ပေ။
ရှေးဟောင်းလူသား ကျမ်းစာများတွင် ဖော်ပြထားသော ရိုးရာနည်းလမ်းအရသာ မှော်စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်တော့မည်ဖြစ်သည်။ ထိုနည်းလမ်းမှာ ခန္ဓာကိုယ်ချင်း ဆက်သွယ်ကာ နှုတ်ခမ်းချင်း ထိတွေ့ပြီး သွားရည်ကို ကြားခံနယ်အဖြစ် သုံးကာ မှော်စွမ်းအားများကို တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်စေခြင်းပင် ဖြစ်သည်။
ယု၏ ရင်ခုန်သံများ မြန်ဆန်လာရသည်။ အိုင်းရှာ အပေါ် သစ္စာဖောက်ရာ ရောက်မည်လောဟု တွေးတောမိသော်လည်း ဆေးလ်ဖ်ကမူ “အိုင်းရှာ နားလည်ပေးမှာပါ သခင်... အချိန်တွေ အရမ်းနှောင့်နှေးသွားရင် ကယ်တင်ဖို့ အချိန်မမှီ ပဲ နေလိမ့်မယ် “ ဟု တိုက်တွန်းနေသည်။
ယုသည် ကီးလ်ကို မည်သို့မျှ အဆုံးရှုံးမခံနိုင်ပေ။ ကီးလ်ကဲ့သို့ အစွမ်းထက်သော မိန်းကလေးတစ်ဦး သမိုင်းထဲတွင် ပျောက်ကွယ်သွားမည်ကို သူ မကြည့်ရက်ပေ။ ဤအနမ်းနှင့်အတူ ယု သည် ကီးလ်အပေါ် အဆုံးအထိ တာဝန်ယူရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူက ပထမ တမန်တော် ပဲဥစ္စာ၊ မိန်းမ နှစ်ယောက် ယူလို့ ရတာပဲ မဟုတ်လား?
ယုသည် မဆိုင်းမတွတော့ဘဲ ကီးလ်၏ ခေါင်းကို အသာအယာ မတင်ကာ သူ၏ နှုတ်ခမ်းများကို ကီးလ်၏ နူးညံ့လှသော နှုတ်ခမ်းနီနီလေးများပေါ်သို့ ဖိကပ်လိုက်ပါတော့သည်။ ထိုခဏ၌ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည့်အလား ခံစားလိုက်ရပြီး သူ၏ ကိုယ်တွင်းမှ မှော်စွမ်းအင်များသည် ကီးလ်၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စီးဝင်သွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဆေးလ်ဖ်သည် တိတ်ဆိတ်စွာပင် တစ်ဖက်သို့ လှည့်သွားပြီး သူမ လက်ထဲက ‘ကျောက်စိမ်းတုံး’ ကိုသာ အသာအယာ ပွတ်သပ်နေလေတော့သည်။