အခန်း (၉) - မျှော်စင်ထက်မှ စကားဝိုင်း
ကျောင်းဝင်ခွင့်စာမေးပွဲများ ပြီးဆုံးသွားသည့် ညဉ့်နက်ပိုင်းအချိန်တွင် မျှော်စင်ထိပ်ဖျားရှိ အခန်းတစ်ခန်း၌သာ မီးလင်းနေဆဲ ဖြစ်သည်။ ၎င်းမှာ ကျောင်းအုပ်ကြီး၏ ရုံးခန်းဖြစ်ပြီး ကီးလ်၊ ကလဲယားနှင့် အင်ပါယာ၏ အကြီးမြတ်ဆုံး မှော်ဆရာကြီး အာစီမန်းစ် တို့ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဒီတစ်ခေါက် အထူးတန်း အတွက် လူရွေးချယ်မှုတွေ ပြီးသွားပြီလား?"
အာစီမန်းစ်ဟာ မီးလင်းဖိုဘေးမှာ ရပ်နေရင်း ရှေ့က ကလဲယားနဲ့ ကီးလ်တို့ကို သူ၏ နူးညံ့သော အကျင့်စရိုက်အတိုင်း ကြင်နာသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ကဲ့ ဆရာကြီး။ အခုလောလောဆယ် အထူးတန်းမှာ ကျောင်းသား ၃၂ ယောက် ရှိပါတယ်။ အဲ့ဒီထဲက ၁၂ ယောက်ကတော့ အရင်က ရေခဲနဂါးကို သွားရောက်နှိမ်နင်းခဲ့တဲ့ စွန့်စားသူ လူငယ်လေးတွေပါပဲ။"
ကီးလ်က အာစီမန်းစ်ရဲ့ မေးခွန်းကို အလွန်ရိုသေလေးစားတဲ့ လေသံနဲ့ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ... အဲ့ဒီကလေးတွေကို ဒုတိယအခွင့်အရေး ပေးလိုက်ကြတာပေါ့။တကယ်တော့ အဲ့ဒီလောက် အစွမ်းထက်တဲ့ ရေခဲနဂါးကြီးကို မြင်လိုက်ရရင် ကြောက်ပြီး ထွက်ပြေးကြတာက သဘာဝပါပဲ။"
"ဆရာကြီး... တမန်တော် နဲ့ ပတ်သက်တဲ့သူက ဒီကျောင်းသားတွေထဲမှာ ရောနှောပြီး ပါလာနိုင်တယ်လို့ ဆရာကြီး မတွေးမိဘူးလား?"
"မဖြစ်နိုင်တာ။ ငါတို့ကျောင်းက ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ တမန်တော်ရဲ့ အာရုံစိုက်မှုကို ခံရလောက်တဲ့အရာ ဘာမှမရှိဘူး။ ဒါကြောင့် အဲ့ဒီလူက လမ်းကြုံလို့ ရေခဲနဂါးကို ရှင်းထုတ်ပေးသွားတာပဲ ဖြစ်လိမ့်မယ်။"
အာစီမန်းစ်က အခိုင်အမာ ပြောဆိုလ်ုက်သည်။ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းမှာ မှော်အရင်းအမြစ်တွေ ကြွယ်ဝတယ်ဆိုပေမဲ့ တမန်တော်တစ်ယောက်ကို ဆွဲဆောင်နိုင်လောက်တဲ့အထိတော့ မဟုတ်ဘူးဆိုတာ သူ အသိဆုံး ပင် ဖြစ်သည်။
"..."
"ဘာလို့ ဒီမေးခွန်းကို ရုတ်တရက် မေးရတာလဲ?"
ကီးလ်၏ စဉ်းစားနေသော မျက်နှာထားကို ကြည့်ပြီး အာစီမန်းစ် က တစ်ခုခု ထူးခြားနေပြီဟု ခံစားလိုက်ရသည်။
"ဒီလိုပါ အရှင်အာစီမန်းစ်။ ဒီနေ့ ဝင်ခွင့်စာမေးပွဲမှာ မီးတောက်ဝံပုလွေကို ကန်ထုတ်နိုင်တဲ့ ကျောင်းသားတစ်ယောက် ရှိခဲ့တယ်။ အရေးကြီးဆုံးက သူ ဘယ်လို တိုက်ခိုက်လိုက်လဲဆိုတာကို ကျွန်မတို့ လုံးဝ မမြင်လိုက်ရတာပဲ။ ကျွန်မတို့ မြင်လိုက်ရတာက သူ ဝံပုလွေရဲ့ ရှေ့ကို ရောက်သွားတာပဲ၊ ပြီးတော့ ဝံပုလွေကြီးက သူ့ကိုယ်သူ မထိန်းနိုင်ဘဲ လွင့်ထွက်သွားတာပဲ။"
ကလဲယား ပြောနေတဲ့သူကတော့ ယု ပါပဲ။ ဒီနေ့မွန်းလွဲပိုင်းက သူတို့ အချင်းချင်း ပွင့်ပွင့်လင်းလင်း မပြောခဲ့ကြပေမဲ့ ကလဲယားရော ကီးလ်ပါ ရင်ထဲမှာ သိနေကြသည်။
သာမန် လေအကာရံ တစ်ခုတည်းနဲ့ မီးတောက်ဝံပုလွေကို တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင် ပေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုအချိန်က လေအကာအရံ ၏ အခြားတစ်ဖက်တွင် ရှိနေသော ယု ပင် ဖြစ်သည်။ သို့သော် ယု က မည်သည့်မှော်အတတ်ကို သုံးလိုက်သည်ဆိုသည်ကိုမူ သူတို့ မမြင်လိုက်ရပေ။
"ဟားဟား~ မင်းတို့တွေ အတွေးလွန်နေကြပြီ။ မီးတောက်ဝံပုလွေ တစ်ကောင်ကို ကန်ထုတ်လိုက်တာပဲ၊ ဒါက အံ့ဩစရာမှ မဟုတ်တာ။ မင်းတို့ တစ်ခါမှ မမြင်ဖူးတဲ့ မွေးရာပါ ပါရမီ မှော် အစွမ်း တစ်ခုခု ဖြစ်ရင် ဖြစ်မှာပေါ့။"
ကီးလ်နဲ့ ကလဲယားတို့ရဲ့ မျက်နှာတွေကို ကြည့်ပြီး အာစီမန်းစ်က ပြုံးရင်း ပြောလိုက်သည်။
ဤကမ္ဘာတွင် မွေးရာပါ ပါရမီ မှော် အစွမ်း ဆိုသည်မှာ အလွန်ရှားပါးသော်လည်း လုံးဝမရှိသည်တော့ မဟုတ်ပေ။ ထိုသို့သော ပါရမီရှင်များသည် သာမန်မှော်ဆရာများ မလုပ်နိုင်သည့် အရာများကို လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် ကလဲယား ၏ ကုသမှော်မှာလည်း မွေးရာပါ ပါရမီ မှော် အစွမ်း တစ်မျိုးဖြစ်ပြီး သူမ ကုသ၍မရသော ဒဏ်ရာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
"တကယ်ပဲ အဲ့ဒီလိုလား..."
ကီးလ်က မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှာ သံသယဖြစ်နေပေမဲ့ အဲ့ဒီသံသယကို ရင်ထဲမှာပဲ ပြန်မြှုပ်နှံထားလိုက်သည်။
"ကဲ... နောက်ကျနေပြီ၊ သွားနားကြတော့။ တမန်တော်ရဲ့ ကိစ္စကို အများကြီး မတွေးပါနဲ့။ အဲ့ဒီ စုံစမ်းစစ်ဆေးမှုကို ငါပဲ တာဝန်ယူပါ့မယ်။"
အာစီမန်းစ်က ဘေးနားက လှုပ်ကုလားထိုင်ပေါ်မှာ လှဲလျောင်းရင်း ပြောလိုက်သည်။
"ဒါဆို ဆရာကြီး၊ ကျွန်မတို့ သွားခွင့်ပြုပါဦး။ ဂွတ်နိုက်ပါ။"
"အရှင်အာစီမန်းစ်၊ စောစော နားပါဦးရှင်။"
ကလဲယားနဲ့ ကီးလ်တို့ဟာ အာစီမန်းစ်ကို အရိုအသေပေးပြီးနောက် ရုံးခန်းထဲကနေ ထွက်ခွာသွားကြ တော့သည်။
"..."
အခုအချိန်မှာတော့အခန်းထဲမှာအာစီမန်းစ်တစ်ယောက်တည်းကျန်ခဲ့ရင်းမီးလင်းဖိုဘေးကလှုပ်ကုလားထိုင်ပေါ်မှာငြိမ်သက်စွာလှဲနေ လေသည်။အိတ်ကပ်ထဲမှ 'ငရဲမီးလျှံ' ထည့်ထားတဲ့ပုလင်းလေးကိုဖြည်းဖြည်းချင်းထုတ်ယူပြီး လက်ထဲမှာကိုင်ထားရင်းအတွင်းကနီညိုရောင်မီးလျှံတွေကိုငေးကြည့်ကာအတွေးနယ်ချဲ့နေ လေတော့သည်။