အခန်း (၈၉) - ယု
“မင်း... မင်းက လူသားမဟုတ်ဘူး... တကယ်တော့ မင်းက ဘာကောင်လဲ!”
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က “သတ္တမတမန်တော်” ဆေလီယာနှင့် တိုက်ခိုက်ဖူးသော အာစီမန်းစ် သည် သူ၏ရှေ့မှ ယုမှာ သေချာပေါက် လူသားတစ်ဦး မဟုတ်ကြောင်း ချက်ချင်း သိမြင်လိုက်သည်။
သို့သော် သူသိထားသော တမန်တော်များ၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ယု၏ စွမ်းအားမှာ အလွန်နိမ့် ကျ နေသည်ဟု သူ ထင်နေဆဲ ဖြစ်သည်။
“ငါက ကီးလ်ရဲ့ တပည့်ပါလို့ ပြောသားပဲ၊ မင်းကမှ မယုံတာ။ ဒါပေမဲ့ အခုလောလောဆယ်တော့ လူတွေက ငါ့ကို သူမရဲ့ လက်တွဲဖော် လို့ ခေါ်ကြတာပေါ့”
ယုက ပြောရင်းနှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်၌ တောက်လောင်နေသော ငရဲမီးလျှံများသည် သူ၏လက်ဝါးအတွင်းသို့ စုစည်းသွားပြီးနောက် အစိမ်းရောင် အငွေ့အဖြစ် ပြောင်းလဲကာ ကွယ်ပျောက်သွားတော့သည်။
ငရဲမီးလျှံများ ပျောက်ကွယ်သွားသည်နှင့် အပူရှိန်မှာလည်း ရုတ်တရက် ကျဆင်းသွားသည်။ မီးတောင်ဝ၏ အပူရှိန်ကြောင့် ပွက်ပွက်ဆူနေသော ချော်ရည်များသည်ပင် ငရဲမီးလျှံ၏ လောင်ကျွမ်းမှုကို ခံလိုက်ရပြီးနောက် သိသိသာသာ အေးစက်သွားကြသည်။
ယုသည် အာစီမန်းစ် ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာကာ အေးစက်တည်ငြိမ်သော လေသံဖြင့် မေးမြန်းလိုက်သည် ။
“ဒါနဲ့... ငါ့ရဲ့ ဇနီးလောင်းအပေါ် မင်းလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဘယ်လို ပြန်ပေးဆပ်ဖို့ ကြံရွယ်ထားလဲ?”
ယု၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ တောက်လောင်နေသော ဒေါသများကို အာစီမန်းစ် သတိပြုမိလိုက်သည်။
သို့သော်လည်း အာစီမန်းစ်သည် အရှုံးမပေးသေးပေ။ ယုထံမှ ကြီးမားသော စွမ်းအင်လှိုင်းများကို မခံစားရသဖြင့် ဤသူသည်လည်း တမန်တော်၏ မှော်ပညာကို ခိုးယူထားသော လူသားတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။
အာစီမန်းစ် သည် နှစ်ပေါင်းငါးရာတိုင်တိုင် ကျင်လည်ခဲ့သူဖြစ်ပြီး ပညာရှင်ပေါင်း ထောင်ချီကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် စံချိန်မှာ ခွန်အားနှင့် ကံကောင်းမှုကြောင့်သာ မဟုတ်ဘဲ သူ၏ မွေးရာပါ ပါရမီမှော် ဖြစ်သော ‘လုယက်ခြင်း’ ကြောင့်လည်း ဖြစ်သည်။
‘လုယက်ခြင်း’ ဆိုသည်မှာ အခြားသူ၏ မှော်ပညာကို ခိုးယူခြင်းသာမက ထိုသူ၏ မှော်စွမ်းအား၊ အသိပညာ၊ မှတ်ဉာဏ်နှင့် အရာအားလုံးကိုပါ မိမိပိုင်ဆိုင်အောင် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို ‘လုယက်သူ မိစ္ဆာဘုရင်’ ဟု ဘွဲ့အမည် ပေးထားကြခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာက သတ္တမမြောက် တမန်တော် ဆေလီယာသည်ပင် ဤ ‘လုယက်ခြင်း’ စွမ်းအားကြောင့် ခဏတာ စိတ်အာရုံ ထွေပြားသွားခဲ့သဖြင့် အာစီမန်းစ်အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယု အနားသို့ ရောက်လာသည်နှင့် အာစီမန်းစ်သည် သူ၏မျက်ဝန်းများမှတစ်ဆင့် ‘ လုယက်ခြင်း ‘ စွမ်းရည် ကို ထုတ်လွတ်လိုက်သည်။ သူသည် ယု၏ စွမ်းအားနှင့် မှတ်ဉာဏ်အားလုံးကို ဝါးမြိုရန် ကြံစည်လျက် အောင်နိုင်သူအမှတ်ဖြင့် ရယ်မောလိုက်သော်လည်း ထိုရယ်သံမှာ တစ်စက္ကန့်ပင် မခံလိုက်ပေ။
အာစီမန်းစ် သည် ကြောက်မက်ဖွယ်ကောင်းသည့် အဆုံးမရှိ သော အနန္တစွမ်းအားကြီးကို ခံစားလိုက်ရသည်။ ၎င်းမှာ မှော်ပညာလည်း မဟုတ်၊ တိုက်ခိုက်ရေး အရှိန်အဝါလည်း မဟုတ်ဘဲ အမည်မသိ ကြောက်စရာကောင်းသော စွမ်းအားကြီး ဖြစ်နေသည်။
ယု ၏ မှတ်ဉာဏ်များကို ဆက်လက် ကြည့်ရှုလိုက်သည့်အခါတွင်မူ သူ၏ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားအောင် ကြောက်လန့်သွားတော့သည်။ ဤလူမှာ တမန်တော်၏ စွမ်းအားကို ခိုးယူထားသော လူသားမဟုတ်ပေ။ ထိုသူ ကိုယ်တိုင်ကပင် ‘တမန်တော်’ ဖြစ်ပြီး၊ တမန်တော်များထဲတွင်မှ အစွမ်းအထက်ဆုံး အကြမ်းဆုံး သော ‘အနန္တ တမန်တော်’ ယု ဖြစ်နေသည်။
‘ ယု’ သည် လူသားသမိုင်းတွင် တစ်ကြိမ်သာ ပေါ်ထွန်းခဲ့ဖူးပြီး ခပ်သိမ်းသော သတ္တဝါတို့ကို ကြောက်ရွံ့စေနိုင် ခဲ့သူ ဖြစ်သည်။ သူ ဘာကို အလိုရှိသည်၊ ဘာကို လုပ်ဆောင်လိုသည်ကို မည်သူမျှ မသိကြပေ။
စည်းစိမ်၊ အာဏာနှင့် အရှိန်အဝါတို့မှာ သူ့ အတွက် အမှိုက်သရိုက်သာသာ ဖြစ်သည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် သူ ကိုမှ သူက ရန်သူအဖြစ် သတ်မှတ်မိခဲ့လေပြီ ဖြစ်သည်။
ထိုစဉ် အာစီမန်းစ် ၏ ‘လုယက်ခြင်း’ စွမ်းရည် ကြောင့် ယု ၏ စည်းခတ်ထားသော စွမ်းရည် မှာ အနည်းငယ် ပွင့်သွားပြီး စစ်မှန်သော စွမ်းအားအချို့မှာ အာစီမန်းစ် ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ သို့သော် သာမန်လူသား ခန္ဓာကိုယ်တစ်ခုက အနန္တ တမန်တော် ၏ စွမ်းအားကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
ခဏချင်းမှာပင် အာစီမန်းစ် ၏ ခန္ဓာကိုယ်မှာ ပုံပျက်ပန်းပျက် ဖြစ်လာပြီး လေမှုတ်သွင်းထားသော မိုးပျံပူဖောင်းကဲ့သို့ ဖောင်းကားလာသည်။ နောက်ဆုံးတွင် အာစီမန်းစ် ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအားဒဏ်ကြောင့် ပေါက်ကွဲထွက်သွားကာ အသွေးအသားများမှာ အငွေ့ပျံ၍ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယုသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ထို့နောက် သူသည် သေအံ့ဆဲဆဲ ဖြစ်နေသော မီးလျှံချီလင်ရှိရာသို့ သွားရောက်ကာ ၎င်း၏ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ချီလင်သည်အဖိုးတန် ‘ကျောက်စိမ်း’ ကို ကာကွယ်ရန် သူ၏ အသက်ကို ရင်းခဲ့သည် မဟုတ်ပါလား။
အကယ်၍ ချီလင်သာ သူ၏ စွမ်းအားအစစ်အမှန် ကို ထုတ်သုံးခဲ့ပါက ဤကမ်းပါးမှာ ကြာမြင့်စွာကတည်းက ပြိုကျပြီး ချော်ရည်များထဲသို့ နစ်မြုပ်သွားခဲ့မည် ဖြစ်သည်။ ချီလင်က သူ၏ စွမ်းအားကို ထိန်းချုပ်ထားခြင်းမှာ ကျောက်စိမ်းတုံးအတွင်းရှိ တမန်တော်သစ်တစ်ဦး ဖြစ်လာမည့် သန္ဓေသားလောင်းကို ကာကွယ်လိုသောကြောင့်ပင် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့... ဒီကလေးကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်”
ယု၏ စကားကို နားလည်သည့်အလား ချီလင်သည် မျက်လုံးများကို အေးချမ်းစွာ ပိတ်၍ နောက်ဆုံးထွက်သက်ကို စွန့်လွှတ်လိုက် တော့ သည်။
ထိုခဏ၌ပင် ကမ်းပါးကြီးမှာ ပြိုကျသွားပြီး ချီလင်၏ ရုပ်အလောင်းမှာ ချော်ရည်များအတွင်းသို့ နစ်မြုပ်သွားတော့သည်။ ထို့နောက် မီးတောင်အတွင်း၌ ပြင်းထန်သော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာကာ လာဒါ မီးတောင်သည် ဒုတိယအကြိမ်အဖြစ် ဟုန်းဟုန်းတောက်၍ ပေါက်ကွဲသွား လေတော့သည်။
မီးတောင် ပထမအကြိမ် ပေါက်ကွဲခဲ့ခြင်းမှာ ချီလင်က ‘ကျောက်စိမ်း’ ကို ယူဆောင်လာခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအကြိမ် ပေါက်ကွဲခြင်းမှာ ယု က ထို ‘ကျောက်စိမ်း’ ကို ယူဆောင်ပြီး ထွက်ခွာသွားခြင်းကြောင့်ပင် ဖြစ်သည်။
ဤကျောက်စိမ်းထဲတွင် တမန်တော်၏ အရှိန်အဝါများ ပါရှိနေသဖြင့် ချီလင်က အဘယ့်ကြောင့် ဤနေရာသို့ ယူဆောင်လာရသည်ကို တော့ ယု တစ်ယောက် ဆက်လက် စုံစမ်းရဦးမည် ဖြစ်လေတော့သည်။