အခန်း (၈၆) - လုယက်သူ မိစ္ဆာဘုရင် (၂)
“ဆရာ? ဆရာ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ?”
ကီးလ်သည် အာစီမန်းစ်ကို မြင်လျှင် အစပိုင်း၌ ဇဝေဇဝါဖြစ်သွားသော်လည်း၊ မကြာမီမှာပင် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိလိုက်သည်။ အမြဲတမ်း နွေးထွေးကြင်နာတတ်သော အာစီမန်းစ် ၏ မျက်နှာတွင် ထိုအရိပ်အယောင်များ လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်သည်။
အာဆီမန်းသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဝေါ်ကာ ၏ ကိုယ်ပေါ်ကို ကျော်နင်းကာ ကီးလ်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
“ဟက်... အဲ့ဒီမြေခွေးအိုကြီးရဲ့ အမြီးကတော့ နောက်ဆုံးတော့ ထွက်လာပြီပဲ”
ဝေါ်ကာ သည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ဝေဒနာများကြားမှ လှောင်ပြောင်လိုက်သည်။
“ဆရာ? ဘာတွေ ဖြစ်နေတာလဲ? ဘာလို့ ဒီကို ရောက်နေတာလဲ?”
ကီးလ်သည် ‘နတ်မီးလျှံ’ ကို ပိုင်ဆိုင်ထားသော်လည်း အာစီမန်းစ် နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ ယုံကြည်ချက်များမှာ ပျောက်ဆုံးနေသည်။ အာစီမန်းစ် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူ၏ ကိုယ်မှ ထွက်ပေါ်လာသော မှော်စွမ်းအားမှာ နှစ်ဆစီ တိုးလာနေသည်။ ယခုအချိန်တွင် ကီးလ်နှင့် ချီလင်တို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် အာစီမန်းစ် ကို အနိုင်ရရန် မသေချာတော့ပေ။
ဝေါ်ကာ က ရယ်မောရင်း ကီးလ်ကို ပြောလိုက်သည်။
“မင်း မသိသေးဘူးလား ကောင်မလေး... ဒီအဖိုးကြီးက သူ့ကိုယ်ကျိုးပဲ ကြည့်တာ။ မင်းက သူ့အတွက်တော့ ခွေးတစ်ကောင်ထက် မပိုဘူး။ သူက မင်းရဲ့ မှော်ပါရမီတွေ နိုးထလာမယ့်နေ့ကို အစကတည်းက စောင့်နေတာ။ လုယက်သူ မိစ္ဆာဘုရင် ဆိုတဲ့ ဘွဲ့က အလကားရထားတာ မဟုတ်ဘူး”
“လုယက်သူ မိစ္ဆာဘုရင်?”
ကီးလ် မှင်သက်သွားသည်။ လွန်ခဲ့သော အနှစ် ၅၀၀ ခန့်က အခြားသူများ၏ မှော်ပါရမီကို ခိုးယူနိုင်သော မိစ္ဆာတစ်ကောင် ပေါ်ထွက်ခဲ့ဖူးသည့် ဒဏ္ဍာရီကို သူမ ပြန်လည် သတိရလိုက်သည်။
ထိုမိစ္ဆာသည် လူသားသမိုင်းကို အနှစ် ၂၀၀ တိုင် စိုးမိုးခဲ့ပြီး တစ်ကြိမ်မျှ မရှုံးနိမ့်ခဲ့ပေ။နောက်ဆုံးတွင် ‘သတ္တမမြောက် တမန်တော်’ ဆေလီယာ ၏ လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့သည်ဟု ဆိုကြသည်။
သို့သော် ထိုဒဏ္ဍာရီထဲက မိစ္ဆာက သူမ၏ ကြင်နာတတ်သော ဆရာကြီး ဖြစ်နေလိမ့်မည်ဟု သူမ မည်သို့ ယုံနိုင်မည်နည်း။
ယခင်ကဆိုလျှင် ဝေါ်ကာ မည်မျှပင် ရန်တိုက်ပေးစေကာမူ ကီးလ် ယုံမည်မဟုတ်ပေ။ သို့သော် ယခု အာစီမန်းစ် ၏ ပြင်းထန်လှသော အရှိန်အဝါကို မြင်ရသောအခါ သူမ ယုံကြည်ရန်မှတစ်ပါး အခြားမရှိတော့ပေ။
အာစီမန်းစ် သည် ကီးလ်၏ ရှေ့သို့ ရောက်လာကာ သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။ အားဆီမန်း၏ မှော်စွမ်းအားမှာ မမြင်ရသော လက်ဝါးကြီးတစ်ခုကဲ့သို့ ကီးလ်ကို ဖိနှိပ်ထားသဖြင့် သူမ မလှုပ်နိုင်တော့ပေ။
“မင်းကို ဒီထက်ပိုပြီး အသက်ရှင်ခွင့် ပေးမလို့ပဲ... ဒါပေမဲ့ မင်းက ငါ့ခွေးတစ်ကောင်အနေနဲ့ တာဝန်မကျေဘူး။ ငါ့ကို အများကြီး ဖုံးကွယ်ခဲ့တဲ့အပြင် ငါ့ခွင့်ပြုချက်မပါဘဲ ချီလင်ကို လာရှာခဲ့သေးတယ်။ ဒါပေမဲ့ ကံကောင်းတာက မင်း မီးလျှံအပေါင်းတို့၏ အရှင်သခင် အစွမ်းကို နိုးထစေခဲ့တာပဲ။ ဒါကြောင့် ဒီနေ့တော့ ငါ အဲ့ဒီအစွမ်းကို သိမ်းယူလိုက်မယ်... ဒါက မင်းကို ငါ ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တာလို့ပဲ သဘောထားလိုက်ပါ။ဒီစွမ်းအားနဲ့ ‘ငရဲမီးလျှံ’ သာ ရှိရင် ငါ တမန်တော် တေွကို ယှဉ်နိုင်ပြီ”
အာစီမန်းစ် ၏ မျက်လုံးများထဲတွင် မှောင်မိုက်သော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။ ကီးလ်သည် ထိုမျက်လုံးများထဲသို့ စုပ်ယူခံလိုက်ရသလို ခံစားရပြီးနောက်၊ သူမ၏ ကိုယ်ပေါ်ရှိ ရွှေရောင်မီးလျှံများနှင့် မှော်စွမ်းအင်များမှာ အာစီမန်းစ်၏ ကိုယ်ထဲသို့ ကူးပြောင်းသွားတော့သည်။
အာဆီမန်း၏ စစ်မှန်သော ပင်ကိုမှော်စွမ်းအင်မှာ လုယက်ခြင်း ပင် ဖြစ်သည်။ သူ ပြောလေ့ရှိသော ‘မှော်အာရုံခံနိုင်စွမ်း’ ဆိုသည်မှာ အပေါ်ယံ ဟန်ပြသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ က သူသည် ‘လုယက်သူ မိစ္ဆာဘုရင်’ အဖြစ် ‘မှော်အာရုံခံခြင်း’၊ ‘အိုမင်းခြင်း’၊ ‘နဂါးဟိန်းသံ’ အပါအဝင် မွေးရာပါမှော် ၃၀ ခန့်ကို လုယက်သိမ်းပိုက်ခဲ့ဖူးသည်။ ထိုစဉ်က စစ်သည် တစ်သောင်းပင်လျှင် သူ့ကို မယှဉ်နိုင်ခဲ့ပေ။
သို့သော် ထိုမိစ္ဆာဘုရင်သည် သတ္တမမြောက် တမန်တော် ရှေ့တွင်မူ အရှုံးကြီး ရှုံးခဲ့ရသည်။ ထိုတိုက်ပွဲအပြီးတွင် သူ သေဆုံးသွားပြီဟု ကောလာဟလ ထွက်ခဲ့သော်လည်း သူသည် အင်ပါယာအတွင်း၌ တိတ်တဆိတ် ပုန်းအောင်းကာ ကလဲ့စားချေရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ ယခု ‘မီးလျှံအပေါင်းတို့၏ အရှင်သခင် အစွမ်း’ နှင့် ‘ငရဲမီးလျှံ’ နှစ်ခုလုံးကို ရရှိသွားပြီဖြစ်ရာ သူ၏ ကလဲ့စားချေမှုခရီးစဉ်မှာ ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။
ကီးလ်သည် သူမ၏ ဆရာကို ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူမ၏ ရင်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။ သူမ ငယ်စဉ်က မိသားစု အသတ်ခံရချိန်တွင် ကယ်တင်ပြီး မှော်ပညာ သင်ပေးခဲ့သူမှာ အားဆီမန်း ဖြစ်သည်။ သူမသည် သူ့ကို အမြဲ ကြည်ညိုလေးစားခဲ့သည်။ သို့သော် အားဆီမန်းသည် သူမကို သတ်စားရန် မွေးထားသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ သဘောထားခဲ့မည်ဟု သူမ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
ကီးလ်သည် ကြိုးပြတ်သွားသော ရုပ်သေးရုပ်ကဲ့သို့ မြေပြင်ပေါ်သို့ ခွေကျသွားသည်။ သူမ သေဆုံးခြင်း မရှိသော်လည်း မူလမှော်စွမ်းအင်ကို အတင်းအဓမ္မ အလုခံလိုက်ရသဖြင့် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
“မင်းကို ဆက်ထားနေလို့လည်း အပိုပဲ”
အာစီမန်းစ် သည် သတိလစ်နေသော ကီးလ်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အေးစက်စွာ ကြည့်လိုက်သည်။
ထို့နောက် သူသည် ‘နတ်မီးလျှံ’ ကို အသုံးပြုကာ ကီးလ်ကို ပြာအဖြစ် ပြောင်းလဲပစ်ရန် ပြင်လိုက်စဉ်..
“ဂျွမ်း... ကွဲ...”
တစ်ခုခု ကွဲအက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
အတွေ့အကြုံရင့်သော အားဆီမန်းသည် အန္တရာယ်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ဤအသံမှာ အလိုလို ထွက်လာခြင်း မဟုတ်ပေ။ တစ်ခုခု ပေါ်လာတော့မည်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်တွင် ဘာမှ မတွေ့ရပေ။
ရုတ်တရက် အာကာသဟင်းလင်းပြင်ကြီးမှာ “ဗြိ” ခနဲ အသံနှင့်အတူ စုတ်ပြဲသွားပြီး ကွဲအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။တစ်စက္ကန့်အတွင်းမှာပင် ထိုအက်ကြောင်းမှာ လေထဲတွင် လျင်မြန်စွာ ပြန့်နှံ့သွားသည်။ နောက်ဆုံးတွင် “ခရက်” ဟူသော အသံနှင့်အတူ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြဲထွက်သွားတော့သည်။
ဟင်းလင်းပြင် ပြဲထွက်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စွမ်းအားလှိုင်းကြီးတစ်ခု ဂူတစ်ခုလုံးကို ရိုက်ခတ်သွားသည်။
အားလုံးကို ပို၍ အံ့ဩသွားစေသည်မှာ ထိုဟင်းလင်းပြင်ကြီးကို ဖြဲပြီး ထွက်ပေါ်လာသူမှာ ဝေါ်ကာ ပြောခဲ့သည့် ‘ဟင်းလင်းပြင် သခင်’ ရဲ့ ဝါးမြိုခြင်း ခံလိုက်ရသည် ဆိုသော ‘ ယု ‘ ပင် ဖြစ်သည်။
ယုသည် လက်တစ်ဖက်တွင် ကျောက်မျက်ရတနာကို ပွေ့ပိုက်ထားပြီး၊ နောက်လက်တစ်ဖက်တွင်မူ စိမ်းမြမြ အရောင်တောက်နေသော ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ သူ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများ တောက်ပနေပြီး၊ တစ်ကိုယ်လုံးမှာလည်း အပြာရောင် သွေးများဖြင့် စိုရွှဲနေသည်။
သူ၏ ခြေထောက်အောက်တွင်မူ ဟင်းလင်းပြင်၏ အင်အားအကြီးဆုံး သတ္တဝါ ‘ဟင်းလင်းပြင်သခင်’ ၏ အလောင်းကြီး ရှိနေလေတော့သည်။