အခန်း (၈၅) - လုယက်သူ မိစ္ဆာဘုရင် (၁)
ကီးလ်သည် “ကြက်သွေးရောင် မီးလျှံဓား” ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လေထဲသို့ ခုန်တက်ကာ ဝေါ်ကာ ရှိရာသို့ အားကုန်လွှဲ၍ ပိုင်းချလိုက်သည်။
ဝေါ်ကာသည် ဟင်းလင်းပြင် မှော်ပညာကို သုံး၍ ရှောင်တိမ်းလိမ့်မည်ဟု သူမ ထင်ထားသော်လည်း၊ အံ့ဩစရာကောင်းသည်မှာ သူသည် နေရာမှာတင် မလှုပ်မယှက် ရပ်နေခြင်းပင်။ သူသည် လက်ဝါးကို ဖြန့်လိုက်ပြီး ခရမ်းရောင် မှော်အင်အားများ ပါဝင်သည့် ဟင်းလင်းပြင် ကျည်ဆန် ကို ပစ်လွှတ်လိုက်သည်။ ဤတိုက်ကွက်မှာ ချီလင်ကို ဒုက္ခပေးခဲ့သော တိုက်ကွက်ပင် ဖြစ်သည်။
ထိုမှော်ကျည်ဆန်သည် မီးလျှံဓားနှင့် ထိတွေ့မိသည်နှင့် ဓား၏ မီးလျှံများမှာ ကျည်ဆန်၏ စွမ်းအင်ကြောင့် ပုံပျက်ရှုံ့တွသွားကာ ဝါးမြိုခြင်း ခံလိုက်ရသည်။
ကီးလ်မှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ၏ အစွမ်းထက်လှသော မီးလျှံဓားမှာ ရေခဲနဂါး နှင့် တိုက်ခိုက်စဉ်ကပင် အရေးမနိမ့်ခဲ့ပေ။
“ဝေါ်ကာ မှာ ဒီလိုစွမ်းရည်မျိုး ရှိနေရင် ရေခဲနဂါးကို ဘာလို့ ကိုယ်တိုင်မတိုက်ခဲ့တာလဲ? ငါ့ကို ရေခဲနဂါးဆီ လွှတ်လိုက်တာက
အာဆီမန်စ်းရဲ့ အရှိန်အဝါကို လျှော့ချဖို့ ထောင်ချောက်ဆင်ခဲ့တာလား?” ဟု သူမ တွေးမိသည်။
အဆင့်မြင့်မှော်ဖြစ်သော ‘မီးလျှံဓားနီ’ ပင် အလုပ်မဖြစ်ပါက နောက်ထပ် မည်သည့်မှော်ကို သုံးသုံး ထူးခြားမည်မဟုတ်ကြောင်း ကီးလ် နားလည်လိုက်သည်။
ထိုစဉ် ကီးလ်သည် ဘေးတွင် လဲလျောင်းနေသော မီးချီလင်ကို လှမ်းကြည့်လိုက်သည်။ သူမသည် အကြံတစ်ခု ရသွားသည်။ လက်ရှိမှော်များက အသုံးမဝင်ပါက သူမ၏ စွမ်းအားကို နောက်တစ်ဆင့် တက်အောင် လုပ်ရတော့မည်။
ကီးလ်သည် လက်နှစ်ဖက်ကို စုစည်းလိုက်ကာ ‘ချော်ရည်ဗုံး’ ခုနစ်လုံး ကို ဝေါ်ကာထံသို့ တစ်ပြိုင်နက် ပစ်လွတ်လိုက် လေသည်။
ဝေါ်ကာ က တည်ငြိမ်စွာပင် လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ သူ၏ရှေ့တွင် ကြီးမားသော အနက်ရောင် ဝဲဂယက်ကြီးတစ်ခု ပေါ်လာကာ ဗုံးခုနစ်လုံးစလုံးမှာ ဝဲဂယက်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
သို့သော် ကီးလ်၏ ရည်ရွယ်ချက်မှာ ထိုဗုံးများ မဟုတ်ပေ။ ၎င်းတို့မှာ အာရုံလွှဲရန်သာ ဖြစ်သည်။ ထိုအချိန်တွင် ကီးလ်သည် ချီလင်၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် ချီလင်၏ ပါးစပ်ထောင့်မှ စီးကျနေသော သွေးများကို လက်ဖြင့်ခံကာ ဘာမှမစဉ်းစားဘဲ သောက်ချလိုက်သည်။
ခဏချင်းမှာပင် ချီလင်၏ သွေးများသည် ကီးလ်၏ ပါးစပ်ထဲတွင် မီးတောက်ကဲ့သို့ လောင်မြိုက်လာသည်။ သူမ၏ လည်ချောင်း၊ အစာအိမ်နှင့် တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားရသဖြင့် လည်ပင်းကို အတင်းဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေတော့သည်။
“မိုက်မဲလိုက်တာ! မင်းက အဲ့ဒီ အဖိုးကြီး အာစီမန်းစ်ရဲ့ စကားကို တကယ် ယုံတာလား? ချီလင်ရဲ့ သွေးကို သောက်တာက မင်းကိုယ်မင်း အရှင်လတ်လတ် မီးရှို့သတ်တာနဲ့ အတူတူပဲ”
ဝေါ်ကာ က နာကျင်နေသော ကီးလ်ကို ကြည့်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။
“မ... မဖြစ်နိုင်ဘူး... ဆရာက ကျွန်မကို လိမ်မှာ မဟုတ်ဘူး...”
ကီးလ်က ညည်းတွားရင်း ပြန်ပြောသော်လည်း သူမ၏ ဆရာအပေါ် ထားရှိသော ယုံကြည်ချက်က မပျက်ပြယ်သွားပေ။
အာစီမန်းစ် က သူမ၏ မိသားစုကို သတ်ဖြတ်ခဲ့သူများမှာ “တမန်တော်” ရဲ့ လက်ပါးစေတွေဖြစ်ကြောင်းနှင့် ကလဲ့စားချေချင်ပါက ချီလင်၏ သွေးကို သောက်၍ “နတ်မီးလျှံ” ကို ရယူရမည်ဟု သင်ကြားပေးခဲ့ဖူးသည်။
“မလိမ်ဘူး ဟုတ်လား? အနှစ် ၅၀၀ လောက် အသက်ရှင်နေတဲ့ မိစ္ဆာဘုရင် တစ်ယောက်အကြောင်း မင်း ဘယ်လောက် သိလို့လဲ?”
ကီးလ်သည် ထိုစကားကြောင့် ဆွံ့အသွားသည်။ ခန္ဓာကိုယ်မှာ မီးလောင်နေသော်လည်း သူမ၏ စိတ်မှာ ရှင်းလင်းနေသည်။ အာစီမန်းစ် သည် သူကိုယ်သူ အသက် ၃၀၀ ကျော်ပြီဟု ပြောခဲ့သည်။ သို့သော် ဝေါ်ကာ က အဘယ်ကြောင့် ၅၀၀ ဟု ပြောရသနည်း? အာစီမန်းစ် တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေသလော?
ဝေါ်ကာသည် ကီးလ် သေချာပေါက် သေလိမ့်မည်ဟု ယူဆကာ ကျောခိုင်း၍ လှည့်ထွက်သွားသည်။ သို့သော် ထိုစဉ်မှာပင် သူ၏ အနောက်မှ အလွန်ပြင်းထန်လှသော မှော်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ ကီးလ်သည် ရွှေရောင်မီးလျှံများ ဝန်းရံလျက် ဖြည်းဖြည်းချင်း ထရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမီးလျှံများသည် သာမန်မီးနှင့် မတူပေ။ အရာအားလုံးကို သန့်စင်ပေးနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။ ကီးလ်၏ အရှိန်အဝါမှာလည်း မီးချီလင်တစ်ကောင်ကဲ့သို့ ပြင်းထန်နေသည်။
ကီးလ်သည် ဒေါသနှင့် ဝမ်းနည်းမှုများကို ထိန်းချုပ်ရင်း မျက်ရည်များကို သုတ်ကာ ဝေါ်ကာ ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ငါ့မှာ မွေးရာပါ ပင်ကိုမှော်စွမ်းအင် မရှိဘူးလို့ အမြဲ ထင်ခဲ့တာ... ဒါပေမဲ့ အခု ငါ သဘောပေါက်သွားပြီ... ငါ့ရဲ့ ပင်ကိုမှော်စွမ်းအင်က ဒါပဲ!
သူမ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် မီးလျှံများသည် ရွှေရောင်နဂါး ၉ ကောင်အဖြစ် ပြောင်းလဲသွားပြီး ဝေါ်ကာ ထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ဝေါ်ကာသည်ထိတ်လန့်သွားကာ ‘ဟင်းလင်းပြင် ဝဲဂယက်’ ကို အမြန်သုံးလိုက်သည်။ သို့သော် ရွှေနဂါးများသည် ဝဲဂယက်ကို ရှောင်ကွင်းကာ ပတ်သွားကြသည်။ ၎င်းတို့သည် အသက်ရှိသကဲ့သို့ လှုပ်ရှားနေကြသည်။
ဝေါ်ကာသည် အန္တရာယ်ကို သတိပြုမိသွားပြီး ဝဲဂယက်ကို ထပ်မံထုတ်ရန် ကြိုးစားလိုက်သည်။ ထိုစွမ်းရည် မှာ ထပ်မံ အသုံးပြုရန် အချိန်လိုအပ်ပြီး ‘ဟင်းလင်းပြင်ကျည်ဆန်’ ကလည်း နဂါးကိုးကောင်၏ အရှိန်ကို မမီပေ။ ပို၍ ထူးဆန်းသည်မှာ သူ ဆင့်ခေါ်နေသည့် “ဟင်းလင်းပြင်သခင်’ ထံမှ ဘာတုံ့ပြန်မှုမျှ မရှိခြင်းပင်ဖြစ်သည်။
နောက်ဆုံးတွင် ရွှေရောင်နဂါး ၉ ကောင်မှာ တစ်ကောင်တည်းအဖြစ် ပေါင်းစည်းကာ ဝေါ်ကာ ကို ရွှေရောင်မီးလျှံများဖြင့် လွှမ်းခြုံပစ်လိုက်သည်။
“မီးလျှံအပေါင်းတို့၏ အရှင်သခင် “
ဒါဟာ ကီးလ် ယခုမှ နိုးထလာသော မွေးရာပါ မှော်စွမ်းအင်ပင် ဖြစ်သည်။ သူမသည် မည်သည့် မီးလျှံကိုမဆို စိတ်ကြိုက် ထိန်းချုပ်နိုင်သည်။ သို့သော် ကီးလ်မှာ မပျော်နိုင်ပေ။ အစွမ်းတွေ ရလာသော်လည်း သူမအတွက် အရေးကြီးဆုံးဖြစ်သော ယုကို ဆုံးရှုံးလိုက်ရပြီ မဟုတ်ပါလား။
“ ယု... ကျွန်မ လက်မလွှတ်ချင်ဆုံးဖြစ်တဲ့ အဲ့ဒီ ငတုံ တပည့်လေး...”
မီးလျှံများ ငြိမ်သက်သွားသောအခါ ဝေါ်ကာ သည် မြေပြင်ပေါ်တွင် မည်းတူးကာ လဲနေသည်။ သူ သတိရနေသေးသော်လည်း ခန္ဓာကိုယ်မှာမူ မလှုပ်နိုင်တော့ပေ။
လူတိုင်းသည် ကီးလ်ကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အာစီမန်းစ် နှင့် အဆင့်တူသည်ဟု ဆိုသော ‘ဝေါ့ဒ်ဝေါ်ကာ’ ပင်လျှင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားသည်။ သူတို့ကဲ့သို့ လူများမှာ သူမရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။
မည်သူမှ အသံ မထွက် ရဲပဲ တိတ်ဆိတ်နေစဉ် မှာပင် ဂူဝဘက်မှ လက်ခုပ်တီးသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း အံ့အားသင့်ကာ လှည့်ကြည့်လိုက်ကြသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဆရာကြီး အာစီမန်းစ် ပင် ဖြစ်လေတော့သည်။