အခန်း (၈၄) - ဟင်းလင်းပြင် လျောက်လှမ်းသူ
ယု သည် လေထဲတွင် ‘ကျောက်စိမ်း’ ကို ဖမ်းယူလိုက်ပြီး နောက် ချီလင်၏ ခန္ဓာကိုယ်ကို နင်းကာ ကမ်းပါးပေါ်သို့ ပြန်တက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြသည်။
ကီးလ်သည် ယု ကို ဆေးဖော်စပ်ရာတွင် ပါရမီပါရုံနှင့် တပည့်အဖြစ် လက်ခံထားသည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုမှပင် ယူ၏ ကိုယ်ခံပညာမှာ အလွန်ထူးချွန်ကြောင်း သိလိုက်ရသည်။
အကယ်၍ မှော်ပညာကို အသုံးမပြုပါက သူတို့သည် ယု ကို အနိုင်တိုက်နိုင်မည် မဟုတ်ပေ။ သို့သော် ကံဆိုးသည်မှာ ဤကမ္ဘာသည် မှော်ပညာကိုသာ အဓိကထားသည့် ကမ္ဘာဖြစ်သည်။ ကိုယ်ခံပညာ မည်မျှပင် တော်စေကာမူ မှော်စွမ်းအား မရှိပါက အလကားပင် ဖြစ်သည်။
လူတိုင်း သတိမဝင်နိုင်မီမှာပင် ချော်ရည်ထဲ ကျသွားသော ချီလင်သည် အပေါ်သို့ ခုန်တက်လာသည်။ ၎င်းသည် ယု ၏ ရှေ့တည့်တည့်တွင် လာရပ်လိုက် လေ သည်။ ကီးလ်က ယူကို ကူညီရန် ပြင်လိုက်သော်လည်း ယု က လက်မြှောက်ကာ တားလိုက်သည်။ သူမကို အနားမလာရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။
ယု သည် ‘အဖိုးတန်ကျောက်စိမ်း’ ကို ရင်ခွင်ထဲတွင် ပိုက်ထားကာ ချီလင်ကို စိုက်ကြည့်နေသည်။ သူ သည် မည်သည့် ဖိအားမှ ထုတ်မသုံးခဲ့ပေ။ ထူးဆန်းသည်မှာ ချီလင်သည် ယူကို တိုက်ခိုက်မည့်ပုံ မပြပဲ ယု၏လက်ထဲမှ ‘ကျောက်စိမ်း’ ကိုသာ အံ့အားသင့်စွာ ကြည့်နေသည်။
ထိုစဉ် ‘ကြက်သွေးရောင် မီးလျှံကျောက်
ပေါ်မှ မီးလျှံများမှာ အရှိန် လျော့ကာ ယု၏ လက်ထဲတွင် ရှိနေရသည်ကို သဘောကျနေသည့်အလား ရှိ နေ သည်။ ဤကျောက်စိမ်းပေါ်မှ မီးလျှံများကို သာမန်လူများ မကိုင်တွယ်နိုင်ပေ။ ယခုကဲ့သို့ ကိုင်တွယ်နိုင်ခြင်းမှာ ကျောက်စိမ်းက ယုကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။
တင်းမာမှုများ ချက်ချင်း လျော့ကျသွားကာ ချီလင်သည် ကျောက်စိမ်းကို ပြန်လုရန် အကြံမရှိတော့ပေ။ ယုတွင် သားရဲများကို ထိန်းကျောင်းနိုင်သည့် စွမ်းရည် ကြောင့် ဟု ကီးလ်က ထင်လိုက်သည်။ သူမသည် ယုနမန်၏ အနားသို့ လျှောက်သွားလိုက်ကာမေးလိုက်သည်။
“တုံးအတဲ့ တပည့်လေး၊ ဒါက ဘာဖြစ်တာလဲ”
“ဆရာမ ပြောတာ အစကတည်းက မှားနေတာ။ ဒါက ‘ကြက်သွေးရောင် မီးလျှံကျောက်’ မဟုတ်ဘူး၊ တကယ်တော့...”
ယု စကားမဆုံးမီမှာပင် သူတို့နှစ်ဦး၏ နောက်တွင် အနက်ရောင် ဝဲဂယက်တစ်ခု ပေါ်လာသည်။ ဘယ်သူမှ သတိမထားမိခင်မှာပင် ဝဲဂယက်ထဲမှ နှာမောင်းတံများစွာ ထွက်ပေါ်လာသည်။ ထိုနှာမောင်းတံများက ယူကို ချက်ချင်း ရစ်ပတ်လိုက်သည်။
ယုသည် ရုန်းကန်မည့်အစား ကီးလ်ကို အမြန်တွန်းထုတ်လိုက်သည်။ ထို့ကြောင့် ကီးလ်မှာ တိုက်ခိုက်မှုမှ လွတ်မြောက်သွား လေ သည်။
“ ယု!!!!!!”
ကီးလ် နောက်လှည့်ကြည့်လိုက်သည်။ နှာမောင်းတံများက ယု ကို အနက်ရောင် ဝဲဂယက်ထဲသို့ ဆွဲခေါ်ကာ ပျောက်ကွယ်သွားတော့သည်။
ယု နှင့် ကျောက်စိမ်းတုံး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချီလင်သည် ဒေါသအကြီးအကျယ် ထွက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှ မီးလျှံများ ပေါက်ကွဲထွက်လာသည်။ သို့သော် မည်မျှပင် ရှာဖွေစေကာမူ အနက်ရောင် ဝဲဂယက်၏ အရင်းအမြစ်ကို ရှာမတွေ့ပေ။
ထိုစဉ် ချီလင်၏ နောက်တွင် အနက်ရောင် ဝဲဂယက်တစ်ခု တိတ်တဆိတ် ထပ်မံ ပေါ်လာပြန်သည်။ ချီလင်မှာ ဒေါသထွက်နေသဖြင့် ၎င်းကို သတိမထားမိပေ။
“သတိထား!” ဟု ကီးလ်က အော်ဟစ်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဝဲဂယက်ထဲမှ ဖောက်ထွင်းမြင်ရသော ခရမ်းရောင် မှော်လုံးကြီး တစ်လုံး ထွက်လာသည်။ ၎င်းသည် လေထုကိုပင် တုန်ခါသွားစေသည်။ ထိုမှော်လုံးသည် ချီလင်၏ ကျောကုန်းကို ပြင်းထန်စွာ ထိမှန်သွားသည်။
ချီလင်သည် မီတာအတော်ဝေးဝေးသို့ လွင့်ထွက်သွားသည်။ ကျောရိုးမှာ သိသိသာသာပင် ကျိုးသွားကာ ချီလင်မှာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ ကီးလ်သည် တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက် သော် လည်းပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားပြန်ကာ ရန်သူ၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ဤသည်မှာ သာမန်လူများ သုံးနိုင်သည့် မှော်မဟုတ်ပေ။ ၎င်းမှာ ရေ၊ မီး၊ လေ၊ မြေ၊ လျှပ်စစ်၊ အလင်းနှင့် အမှောင် ဆိုသည့် အခြေခံမှော် ခုနစ်မျိုးထဲတွင် မပါဝင်သော ‘ဟင်းလင်းပြင်’ မှော် ပင်ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ဤမှော်ကို အသုံးပြုနိုင်သူ တစ်ဦးသာ ရှိခဲ့သည်။ ထိုသူမှာ ဟင်းလင်းပြင် မှော်ဆရာ ‘ဝေါ့ဒ်ဝေါ်ကာ’ ပင် ဖြစ်သည်။
“ဝေါ်ကာ ! မင်း ချီလင်ကို သတ်တာ ထားလိုက်ဦး၊ ငါ့တပည့်ကို ဘာလို့ ဆွဲထည့်ရတာလဲ?!”
ကီးလ် ဟာ ဒေါသကြောင့် တစ်ကိုယ်လုံး မီးလျှံတွေ ဟုန်းဟုန်းတောက်နေ တော့သည်။
ဘေးတွင် ရပ်နေသော ရိုင်ယန်နှင့် ဝမ်ဒီကို ကြည့်ကာ ကီးလ်က ဟိန်းဟောက်လိုက်သည်။
“ရိုင်ယန်! မင်းရဲ့ ဆရာက ဘာလုပ်နေတာလဲ?!”
ရိုင်ယန်က ပြုံးလျက် ပြန်ဖြေသည်။
“ဘာမှမဟုတ်ပါဘူး။ မင်းတို့ သေဖို့က ဒီနေ့ အစီအစဉ် ထဲက တစ်ခုပဲလေ”
ကီးလ်သည် ဒါကို ထောင်ချောက်မှန်း ချက်ချင်း သိလိုက်သည်။ ကာပယ်လာ မိသားစုသည် ဆရာကြီး အာစီမန်စ်း နှင့် ပတ်သက်မှု ရှိသဖြင့် သူမကို ရန်ပြုမည်မဟုတ်ဟု သူမ ထင်ခဲ့သည်။
သို့သော် ယခုမူ သူတို့သည် အာစီမန်စ်းကို အားကိုးရန် မလိုတော့ပေ။ သူတို့တွင် ‘ဝေါ့ဒ်ဝေါ်ကာ’ ရှိနေပြီ ဖြစ်သည်။
ကီးလ်သည် အလွန်အမင်း ဒေါသထွက်သွားကာ လက်ထဲတွင် လူတစ်ရပ်စာထက် ရှည်သော ကြက်သွေးရောင် မီးလျှံဓား”တစ်လက် ကို ထုတ်ဖော် လိုက် သည်။
“ငါ မင်းကို ရွေးချယ်မထားခဲ့တာ မှန်သွားပြီ။ တကယ်လို့ ယုသာ တစ်ခုခုဖြစ်ရင် မင်းတို့ မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်”
ယု၏ တုံးအအပုံစံ၊ ယု ချက်ကျွေးသော ထမင်းများနှင့် သေခါနီးတွင် သူမကို တွန်းထုတ်ခဲ့သော ယု ၏ အပြုအမူကို ကီးလ် ပြန်မြင်ယောင်လာသည်။ ထို့နောက် ကီးလ်၏ ဒေါသမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာကာ ခန္ဓာကိုယ်မှ မီးလျှံများသည် ကောင်းကင်သို့ ထိုးတက်သွားသည်။
“ဆရာ! ကီးလ်ကို အခုချက်ချင်း သတ်လိုက်တော့!” ဟု ရိုင်ယန်က လေထဲသို့ အော်ပြောလိုက်သည်။
ကီးလ်၏ နောက်တွင် အနက်ရောင် ဝဲဂယက်တစ်ခု တိတ်တဆိတ် ပေါ်လာပြန်သည်။ ရိုင်ယန်က ဒါကိုမြင်ပြီး ပြုံးလိုက်သည်။ ကီးလ်လည်း ချီလင်ကဲ့သို့ပင် အဆုံးသတ်ရတော့မည်ဟု သူ ထင်နေသည်။ သို့သော် ကီးလ်သည် စစ်မြေပြင်မှာ မိစ္ဆာပေါင်းများစွာကို နှိမ်နင်းခဲ့တဲ့ ဝါရင့်တစ်ယောက် ပီပီ ဒေါသထွက်လေ ပိုတည်ငြိမ်လေ ဖြစ်သည်။
ပထမတစ်ကြိမ်တွင် သူမ သတိမထားမိခဲ့ပေ။ သို့သော် ဒုတိယအကြိမ်တွင် ဝဲဂယက်ပေါ်လာသည့် မှော်လှိုင်းများကို သူမ မှတ်သားထားလိုက်သည်။
ကီးလ်သည် ချက်ချင်း နောက်လှည့်ကာ ဝဲဂယက်ထဲသို့ ဓားဖြင့် ထိုးလိုက်သည်။ ထို့နောက် ‘ချော်ရည်ဗုံး’ သုံးလုံးကို ဝဲဂယက်ထဲသို့ ဆက်တိုက် ပစ်သွင်းလိုက်သည်။ ဤဗုံးများသည် အဆင့်မြင့် မီးမှော်များ ဖြစ်သည်။ ၎င်းတို့သည် ထိမှန်သည့် အရာမှန်သမျှကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည်။
သို့သော် ပေါက်ကွဲမှုများအပြီးတွင် ဘာတုံ့ပြန်မှုမျှ မရှိပေ။ ထို့နောက် ဝဲဂယက်မှာ ကြီးမားလာပြီး ခရမ်းရောင် ဝတ်ရုံခြုံထားသော အဖိုးကြီးတစ်ဦး ထွက်လာသည်။ သူကား အင်ပါယာ၏ ထိပ်တန်း ဟင်းလင်းပြင်မှော်ဆရာ ဝေါ့ဒ် ဝေါ်ကာ ပင် ဖြစ်သည်။
“ဝေါ်ကာ!! ငါ့တပည့်ကို ဘာလုပ်လိုက်တာလဲ?!”
မင်းရဲ့ တပည့်လား... သူကတော့ ‘ဟင်းလင်းပြင် သခင်’ ရဲ့ အစာ ဖြစ်သွားလောက်ပြီ”
ဝေါ်ကာ ၏ စကားကို ကြားသောအခါ ကီးလ်သည် ဘာမှ ပြန်မပြော ပဲ မီးလျှံဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်၀န်းများတွင် မကြုံစဖူး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။