အခန်း (၈၃) - မီးလျှံစုန်းမ
ချီလင်က စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည့် ခဏမှာပင် လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ အပေါ်ယံကြည့်လျှင် လူအုပ်က ဝိုင်းဝန်းတိုက်ခိုက်နေသဖြင့် အသာစီးရနေသည်ဟု ထင်ရသော်လည်း သေချာကြည့်လျှင်မူ ချီလင်သည် တစုံတရာ ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အပြင် ‘သိပ်သည်းရေဓား’ ဖြင့် တိုက်ရိုက်အပစ်ခံရသည့်တိုင် နောက်ဆုတ်သွားမည့် အရိပ်အယောင်ပင် မပြပေ။
ထိုအချိန်တွင် လူတိုင်း၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရေခဲနဂါးကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကီးလ်သာ ဖြစ်တော့သည်။ ယခင်က သူမကို သတ်ရန် ရည်ရွယ်ခဲ့ကြသော်လည်း ယခုမူ သူတို့ကို ကယ်တင်နိုင်မည့်သူမှာ ကီးလ်တစ်ယောက်သာ ရှိသည်ဟု နားလည်သွားကြသည်။
သို့သော် အဖွဲ့ထဲတွင် အင်အားအကောင်းဆုံး ရေခဲမှော်ဆရာဖြစ်သည့် ဂရင်းကမူ ထိုသို့မတွေးပေ။ သူ၏အမြင်တွင် ဤမီးသားရဲကို သူ၏ရေခဲမှော်ဖြင့်သာ နှိမ်နင်းရမည်ဟု ယုံကြည်နေသည်။
သူသည် လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့ အားပြုထောက်လိုက်ရာ ချက်ချင်းပင် ကြီးမားသော အပြာရောင်မှော်စက်ဝိုင်းကြီးတစ်ခု ပေါ်လာတော့သည်။ ထိုစက်ဝိုင်းသည် ဂရင်း၏ ခြေထောက်အောက်မှ စတင်ကာ ချီလင်၏ ခြေဖဝါးအောက်သို့ လျင်မြန်စွာ ရွှေ့လျားသွားသည်။ ထို့နောက် ချီလင်၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသေးသော ရေစက်အနည်းငယ်မှာ ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားလေသည်။ ဒါကို မြင်လိုက်ရသည့် ချီလင်သည် ၎င်း၏မှော်စွမ်းအားကို အသုံးပြုကာ မီးလျှံများကို မြှင့်တင်ရန် ကြိုးစားသော်လည်း ဂရင်း၏ ဟစ်အော်သံက အရင်ဦးစွာ ထွက်ပေါ်လာသည်။
“နောက်ကျသွားပြီ! ‘ရေခဲခေါင်းတလား’ !”
ချက်ချင်းဆိုသလိုပင် မှော်စက်ဝိုင်းပေါ်တွင် ရေခဲနံရံလေးခု ပေါ်လာပြီး ချီလင်ကို ဝိုင်းပတ်ပိတ်ဆို့လိုက်သည်။ အန္တရာယ်ကို အာရုံခံမိသည့် ချီလင်က ခုန်ထွက်ရန် ကြိုးစားသော်လည်း မခုန်နိုင်မီမှာပင် ကြီးမားသော ရေခဲအဖုံးကြီးက အပေါ်မှ ဖိနှိပ်ချလိုက်သည်။ ထို့နောက် ချီလင်သည် ရေခဲဖြင့် ပြုလုပ်ထားသော ခေါင်းတလားကြီးထဲတွင် လုံးဝ ပိတ်လှောင်ခံလိုက်ရတော့သည်။ ဤခေါင်းတလားမှာ ပိတ်လှောင်ရုံသက်သက်မဟုတ်ဘဲ အတွင်းပိုင်းမှာ အလွန်အမင်း အေးစက်လှသဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် ချီလင်မှာ ခဲသွားတော့မည်ဖြစ်သည်။
ဒါကို မြင်လိုက်ရသည့်အခါ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ ‘ရေခဲခေါင်းတလား’ သည် ‘မိုင်ထောင်ချီအေးခဲခြင်း’ ကဲ့သို့ အလွန်မြင့်မားသော မှော်အတတ်ကို မမီသော်လည်း အဆင့်မြင့်မှော်များထဲတွင် အလွန်အစွမ်းထက်သည့် မှော်တစ်ခု ဖြစ်သည်။ ဤမှော်၏ ထိမှန်ခြင်းကို ခံရခြင်းမှာ ခေါင်းတလားထဲတွင် သံမှိုရိုက်ခံရသကဲ့သို့ ဖြစ်ပြီး သေခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
မီးလျှံချီလင်ပင်လျှင် သူတို့အားလုံး၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားပြီဟု လူတိုင်းက ထင်မှတ်သွားကြသည်။ သို့ဆိုလျှင် သာမန်လူသားတစ်ယောက်ဖြစ်သည့် ကီးလ်က ချီလင်ထက် ဘယ်လိုလုပ် ပိုစွမ်းနိုင်မည်နည်း? သူမ ရေခဲနဂါးကို သတ်ခဲ့သည်ဆိုလျှင်ပင် ဘာဖြစ်သနည်း? စစ်သည်ငါးထောင်၏ အကူအညီဖြင့် ဝမ်ဒီပြောသကဲ့သို့ပင် နဂါးအသေကောင်ကို အသာလေး အမြတ်ထုတ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
လူတိုင်းက ကီးလ်ကို ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် သူမက မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။
“ပြေးကြတော့!”
အစပိုင်းတွင် မည်သူမျှ နားမလည်ခဲ့သော်လည်း ချီလင်ကို ပိတ်လှောင်ထားသည့် ‘ရေခဲခေါင်းတလား’ သည် ချက်ချင်းဆိုသလိုပင် ရွှေနီရောင်သို့ ပြောင်းလဲသွားသည်။ ထိုခေါင်းတလားထဲတွင် ချီလင်ရှိနေသည်မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် ပြင်းထန်လှသော မီးတောက်ကြီး ရှိနေသကဲ့သို့ပင်။
ထို့နောက် နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ခေါင်းတလားကြီးမှာ အတွင်းမှ ပေါက်ကွဲထွက်သွားတော့သည်။ ရွှေရောင်မီးလျှံများ ဝန်းရံလျက်ရှိသော ချီလင်သည် လူတိုင်း၏ရှေ့တွင် တစ်ဖန်ပြန်လည် ပေါ်လာပြန်သည်။ ၎င်းသည် ဘာဒဏ်ရာမျှ မရရှိသည့်အပြင် ရွှေရောင်မီးလျှံများမှာ ယခင်ကထက်ပင် ပိုမိုတောက်ပနေသေးသည်။
ထို့နောက် ချီလင်က ရှေ့ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ ချက်ချင်းပင် ပူပြင်းသော အပူလှိုင်းနှင့်အတူ ကြီးမားသော မီးတောက်ဝဲဂယက်ကြီးက လူအုပ်ထံသို့ ပြေးဝင်လာသည်။
မီးနဂါးတစ်ကောင်နှင့် တူလှသော မီးဝဲဂယက်ကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်း အသက်လုကာ ထွက်ပြေးရန် ပြင်ကြသည်။ သို့သော် ခြေတစ်လှမ်းပင် မလှမ်းရသေးမီမှာပင် ချီလင်သည် လူအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ၎င်း၏ဦးချိုဖြင့် ရေခဲမှော်ဆရာ ဂရင်းကို တိုက်ခိုက်လိုက်သည်။
ဂရင်းမှာ လွင့်ထွက်သွားသော်လည်း ထိုအရာက အကြောက်စရာအကောင်းဆုံး မဟုတ်ပေ။ အကြောက်စရာအကောင်းဆုံးမှာ ဂရင်းသည် လွင့်ထွက်သွားသည့် ခဏမှာပင် မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျရောက်သည့်အခါတွင်မူ ပြာပုံဘဝသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
“ဒါ... ဒါ... ပြာတောင် မကျန်တော့ဘူး...”
ဝမ်ဒီနှင့် ရိုင်ယန်တို့မှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။ ကျန်ရှိနေသူများမှာလည်း ကီးလ်ကို သတ်ရန် စိတ်မကူးနိုင်တော့ဘဲ အသက်ရှင် ကျန်ရစ်ဖို့ ပြေးရန်သာ အာရုံစိုက်နေကြတော့သည်။
သို့သော် လူသား၏ ခြေနှစ်ဖက်သည် ချီလင်၏ ခြေလေးဖက်အရှိန်ကို မမီနိုင်ပေ။ သူတို့ ထွက်ပြေးရန် ကြိုးစားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် လူထက်ဝက်ခန့်မှာ ပြာအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။ အင်အား မည်မျှပင်ကြီးစေကာမူ ဤမီးလျှံများရှေ့တွင်မူ သေမိန့်ကျခံရသကဲ့သို့ပင်။
ဒါကို မြင်လိုက်ရသည့် ဝမ်ဒီနှင့် ရိုင်ယန်တို့သည် ဂူဝဆီသို့ အသက်လုပြေးကြသော်လည်း ထိုလုပ်ရပ်က ချီလင်၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ချီလင်သည် ဝမ်ဒီတို့ထံသို့ လျင်မြန်စွာ ပြေးဝင်လာပြီး ရွှေရောင်မီးလျှံများ တောက်လောင်နေသည့် ဦးချိုဖြင့် ဝမ်ဒီကို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် မီးလျှံဓားတစ်လက်က အချိန်မီ ပိတ်ဆို့တားဆီးလိုက်သည်။ ထိုဓားနီကြီးကို ကိုင်ဆောင်ထားသူမှာ အခြားသူမဟုတ်ဘဲ ကီးလ်ပင် ဖြစ်သည်။
“မင်းကို ခဏလောက် စောင့်ကြည့်ပြီးတဲ့နောက် မင်းရဲ့ တိုက်ခိုက်ပုံကို ငါ နားလည်သွားပြီ။”
ကီးလ်၏ ခန္ဓာကိုယ်မှာလည်း မီးလျှံများ ဖုံးလွှမ်းနေပြီး သူမ၏ ပြာလွင်သော မျက်လုံးများက ချီလင်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ ဤအချိန်တွင် ကီးလ်၏ အရှိန်အဝါမှာ ချီလင်နှင့် ရင်ဘောင်တန်းနိုင်နေပြီး သာမန်မိန်းကလေးတစ်ဦးနှင့်ပင် မတူတော့ပေ။
‘မီးလျှံစုန်းမ’
အသက်ရှင်ကျန်ရစ်သူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှသာ ထိုနာမည်၏ အဓိပ္ပာယ်ကို နားလည်သွားကြတော့သည်။
ထို့နောက် နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ကီးလ်နှင့် ချီလင်ကြားတွင် မီးလုံးကြီးတစ်ခု ပေါက်ကွဲသွားသည်။ သေးငယ်သော ခန္ဓာကိုယ်ရှိသည့် ကီးလ်မှာ ပေါက်ကွဲမှုကြောင့် လေထဲသို့ လွင့်ထွက်သွားသော်လည်း သူမသည် တိုက်ခိုက်မှုကို မရပ်တန့်ပေ။
ချီလင်သည် သူမ လေထဲတွင် ရှိနေစဉ် အသေအလဲ တိုက်ခိုက်မည်ကို သူမ သိထားသည်။ ကီးလ်သည် လေထဲတွင် ခန္ဓာကိုယ်ကို ထိန်းညှိကာ လက်နှစ်ဖက်ကို အားပြုလိုက်ရာ ကြီးမားသော မှော်စက်ဝိုင်းကြီးတစ်ခု သူမရှေ့တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ချီလင်၏ ဦးချိုနှစ်ခုကြားတွင်လည်း ရွှေရောင်မီးလုံးများ စုစည်းလာသည်။
ထို့နောက် နေမင်းကြီးကဲ့သို့ ကြီးမားသော မီးလုံးကြီးက ချီလင်ထံသို့ ကျဆင်းသွားသလို၊ ချီလင်၏ ရွှေရောင်မီးလျှံများကလည်း ကီးလ်ထံသို့ ဦးတည်သွားသည်။
ကီးလ်၏ မီးလျှံများမှာ လူသားဖန်တီးသော မီးဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ ချီလင်၏ နတ်မီးလျှံများထက် အားမနည်းပေ။ နေမင်းကြီးကဲ့သို့ တောက်ပသော မီးလုံးကြီးနှစ်ခုမှာ လေထဲတွင် ထိပ်တိုက်တွေ့ဆုံကာ မြေလှန်တုန်ခါစေတော့သည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ပင် တောက်ပသော အလင်းတန်းများနှင့် ပြင်းထန်သော အပူလှိုင်းများက လူတိုင်းကို ဖုံးလွှမ်းသွားတော့သည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ ကီးလ်ကို ရန်ပြုလိုသည့် စိတ်ဆန္ဒများ ကွယ်ပျောက်သွားကြသည်။ ဤမိန်းမသည် အမှန်တကယ် ကြောက်စရာကောင်းလှသည်။ သူမသည် မီးချီလင်ကဲ့သို့သော မိစ္ဆာသားရဲကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်းရှိသည်။ တကယ်လို့ သူတို့သာ ရန်သူဖြစ်ခဲ့ပါက လွန်ခဲ့သောအချိန်ကတည်းက ပြာဖြစ်သွားလောက်ပြီဖြစ်သည်။
တောက်ပသော အလင်းတန်းများ မှိန်ဖျော့သွားသည့်အခါ ကီးလ်နှင့် ချီလင်တို့မှာ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်ကို မြင်လိုက်ရသည်။ နှစ်ဦးစလုံးမှာ သတ်ဖြတ်လိုသော စိတ်များ ပြင်းထန်နေသော်လည်း မည်သူမျှ အရင်မလှုပ်ရှားကြပေ။ ဤမီးချီလင်သည် အသိဉာဏ်ရှိသည့် ဒဏ္ဍာရီလာ သားရဲဖြစ်ရာ ကီးလ်က မလှုပ်ရှားသရွေ့ ၎င်းကလည်း မလှုပ်ရှားပေ။
အဘယ်ကြောင့်ဆိုသော် အရင်လှုပ်ရှားသူမှာ အားနည်းချက်ကို ဖော်ပြသကဲ့သို့ ဖြစ်မည်ဖြစ်ပြီး ထိပ်တန်းတိုက်ခိုက်သူများကြားတွင် အမှားအယွင်း အနည်းငယ်မှာပင် အသက်ဆုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။ ချီလင်သည် ကီးလ်ကို ၎င်းနှင့် အဆင့်တူညီသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
ထိုစဉ် မီးလုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲ တုန်ခါမှုကြောင့် တောင်ကြီးမှာ လှုပ်ခါသွားသည်။ သာမန်အားဖြင့် ဤလှုပ်ခါမှုမှာ ပြဿနာမရှိသော်လည်း ကီးလ်နှင့် ချီလင်တို့၏ တိုက်ပွဲကြောင့် ‘’ကြက်သွေးရောင် မီးလျှံကျောက်’ ကို ထောက်ကန်ထားသည့် ကျောက်တုံးများမှာ ပြုတ်ထွက်နေပြီဖြစ်သည်။ ဤတုန်ခါမှုကြောင့် ကျောက်စိမ်းတုံးမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး ချော်ရည်ပူများထဲသို့ ကျဆင်းသွားတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ဝမ်ဒီမှာ ဒါကိုမြင်ပြီး ထိတ်လန့်သွားကာ ကျောက်စိမ်းကို ပြေး ကောက်ချင်စိတ် ပေါက်သွားသော်လည်း ရိုင်ယန်က သူ့ဖခင်ကို အမြန်ဆွဲထားလိုက်သည်။ ကျောက်စိမ်းက တန်ဖိုးရှိသော်လည်း အသက်က ပိုအရေးကြီးသည်မဟုတ်ပါလား။
သို့သော် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ မီးချီလင်သည် ကီးလ်ကို ထားခဲ့ကာ ကျောက်စိမ်းတုံးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသည်။ ၎င်းသည် ကျောက်စိမ်းတုံး ချော်ရည်ထဲ ကျသွားမည်ကို စိုးရိမ်နေသည့်အလားပင်။ ၎င်း၏ အရှိန်မှာ မြန်လွန်းနေသဖြင့် ချက်ချင်း ရပ်တန့်၍ မရနိုင်တော့ပဲ အရှိန်လွန်ကာ ကျောက်စိမ်းတုံး နှင့်အတူ ကမ်းပါးပေါ်မှ ပြုတ်ကျသွားလေတော့သည်။
ချီလင်သည် လေထဲတွင် ရပ်တန့်နေပြီး ချော်ရည်များထဲသို့ ကျတော့မည့် အဖိုးတန်ကျောက်စိမ်း ကို ကြည့်ကာ ဆောက်တည်ရာမဲ့ ဖြစ်နေရှာသည်။
ထိုစဉ်မှာပင် အရိပ်မည်းတစ်ခုက ချီလင်၏ ဘေးမှ ဖြတ်သန်းသွားကာ ကျောက်စိမ်းကို ဖမ်းယူလိုက်သည်။ ထို့နောက် လေထဲတွင် ရပ်နေ သော ချီလင်၏ ခန္ဓာကိုယ်ကို နင်းကာ ကမ်းပါးပေါ်သို့ ပြန်လည် ခုန်တက်သွားလေတော့သည်။