အခန်း (၈၂) - မီးလျှံ ချီလင် (၂)
လူတိုင်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြသော်လည်း ယခုမြင်တွေ့လိုက်ရသည့် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကိုမူ မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
မီးလျှံ ချီလင်သည် ၎င်း၏ဦးခေါင်းကို ခါယမ်းကာ ခန္ဓာကိုယ်ပေါ်မှ ချော်ရည်ပူများကို ခါချလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ဝမ်ဒီ ကို စူးစူးဝါးဝါး စိုက်ကြည့် နေသည်။ ၎င်း၏ ကြီးမားလှသော မျက်လုံးအိမ်ကြီးများမှ တစ်ဆင့် စိုက်ကြည့်လိုက်ရုံနှင့်ပင် ဝမ်ဒီမှာ ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
"အဖေ... ပြေးတော့!!"
ဒါကို မြင်လိုက်ရတဲ့ ရိုင်ယန် တစ်ယောက် ကီးလ် ကို သတ်ဖို့ စိတ်မကူးနိုင်တော့ပေ။ ဤမီးလျှံ ချီလင်သည် သူထင်ထားသည်ထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။ ရိုင်ယန်သည် ခါးကြားမှ ဓားကို အမြန်ဆွဲထုတ်ကာ မှော်စွမ်းအားများကို စုစည်းပြီး လေထဲသို့ ပိုင်းချလိုက်သည်။
ခိုင်ခံ့သော သတ္တုနှင့် စိန်တို့ဖြင့် သွန်းလုပ်ထားသည့် ဓားသွားသည် လေထုကို ဖြတ်သန်းကာ ချီလင်၏ ဦးခေါင်းဆီသို့ ဦးတည်သွားပြီး မီးပွင့်သွားသည့်အလား အသံမြည်သွားသည်။ သို့သော် ထူးခြားမှု ဘာမျှမရှိဘဲ ရိုင်ယန်၏ လက်ထဲမှ အဖိုးတန်ဓားမှာ ထက်ဝက်ခန့် အရည်ပျော်ကျသွားလေတော့သည်။
"ဒါ... ဒါ နောက်နေတာလား..."
အရည်ပျော်သွားသည့် ဓားလက်ကျန်ကို ကြည့်ရင်း ရိုင်ယန် ထိတ်လန့်သွားသည်။ ထိုအချိန်တွင် လူတိုင်းမှာ ချီလင် နှင့် ယု ကို သတ်မည့် အစီအစဉ်ကို မေ့လျော့သွားကြပြီး ကြောက်ရွံ့ခြင်းများက လွှမ်းမိုးသွားကြသည်။
သူတို့ထဲတွင် အင်အားအကောင်းဆုံး ရေခဲမှော်ဆရာ ဖြစ်သည့် ဂရင်း က အဆင့်မြင့် ရေခဲမှော်အတတ်ဖြစ်သော ရေခဲနှင့်နှင်းတံဆိပ်ခတ်ခြင်း ကို ချီလင်ထံသို့ အမြန်ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရေခဲမှုန်များ ပါဝင်သော အေးစက်လှသည့် လေပြင်းများက ပူပြင်းသည့် အပူလှိုင်းကို ဖြတ်ကျော်ကာ ချီလင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။ တစ်ခဏအတွင်းမှာပင် ချီလင်၏ နီရဲနေသော အကြေးခွံများပေါ်တွင် ထူထဲသော နှင်းခဲအလွှာကြီးတစ်ခု ဖုံးလွှမ်းသွားတော့သည်။
ရိုင်ယန်သည် အခွင့်အရေးကို လက်မလွှတ်ဘဲ ချီလင်အနားသို့ ပြေးသွားကာ ဖခင်ဖြစ်သူကို ပခုံးပေါ်ထမ်း၍ လူအုပ်နောက်သို့ ဆုတ်ခွာလာခဲ့သည်။ သို့သော် လူအုပ်ကြီး အောင်ပွဲခံရန် အချိန်မရလိုက်မီမှာပင် ချီလင်က ဟိန်းဟောက်လိုက်ရာ တောက်လောင်နေသော မီးလျှံများ ပေါက်ကွဲထွက်လာပြီး နှင်းခဲများမှာ ချက်ချင်းပင် ရေနွေးငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားလေသည်။
"အဆင့်မြင့် ရေခဲမှော်တောင် အလုပ်မဖြစ်ဘူးလား"
ဂရင်းမှာ အံ့အားသင့်သွားသည်။ သူ စကားပင် မဆုံးသေးမီမှာပင် ချီလင်သည် အပေါ်သို့ ခုန်တက်ကာ သူတို့ရှေ့သို့ ရောက်ရှိလာသဖြင့် လူအုပ်ကြီးမှာ အမြန်ကွဲထွက်သွားကြရသည်။ ဒဏ္ဍာရီလာ ချီလင်နှင့် ရင်ဆိုင်နေရသဖြင့် ကြောက်ရွံ့နေကြသော်လည်း သူတို့သည် အတွေ့အကြုံရင့် ဝါရင့်တိုက်ခိုက်ရေးသမားများ ပီပီ အမြန်တုံ့ပြန်နိုင်ကြသည်။
လူအုပ်ကြီး လူစုခွဲလိုက်သည်နှင့် တစ်ပြိုင်နက် ချီလင်ထံသို့ မှော်အတတ်ပေါင်းစုံဖြင့် တရစပ် တိုက်ခိုက်တော့သည်။ ရေခဲမှော်များက အများဆုံးဖြစ်ပြီး ရေခဲဆူးချွန်များ၊ ရေခဲကျည်ဆန်များ၊ ရေခဲနွယ်ပင်များ နှင့် ရေခဲတူကြီးများ မှာ ချီလင်ပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ရေခဲမှော်များ မပြီးဆုံးသေးမီမှာပင် မြေမှော်ဆရာ တိုင်ယာ က မြေလှိုင်း အတိုက်အခိုက်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ မှော်စွမ်းအားဖြင့် ဖန်တီးထားသော မြေလှိုင်းကြီးများသည် ချီလင်၏ ခန္ဓာကိုယ်ပေါ်မှ မီးလျှံများကို ငြှိမ်းသတ်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်း၏ ယုံကြည်မှုများ ပြန်လည် နိုးထလာကြသည်။ ချီလင်မှာ ကြည့်ရသည်မှာ ကြောက်စရာကောင်းသော်လည်း တကယ်တမ်း တိုက်ခိုက်ကြည့်သည့်အခါ သူတို့ထင်ထားသလောက် အားမကောင်းလှဟု ထင်မြင်လာကြသည်။
ထိုစဉ် အားပြင်းသော ရေပန်းတစ်ခုက ဓားသွားကဲ့သို့ ချီလင်ထံ တည့်တည့်မှန်သွားသည်။ ၎င်းမှာ အလယ်အလတ်အဆင့် ရေမှော်အတတ်ဖြစ်သော သိပ်သည်းရေဓားဖြစ်သည်။ ရေဖြင့် ပြုလုပ်ထားသော်လည်း အတွင်းပိုင်း မှော်စွမ်းအားကို အရှိန်ပြင်းစွာ လည်ပတ်စေခြင်းဖြင့် သာမန်ဓားထက် အဆပေါင်း ရာနှင့်ချီ၍ ထက်မြက်စေခြင်းဖြစ်သည်။
သိပ်သည်းရေဓား သည် ချီလင်၏ နှလုံးသားရှိရာ နေရာကို တိုက်ရိုက် ထိမှန်သွားသဖြင့် လူအုပ်ကြီးမှာ တိုက်ပွဲပြီးဆုံးပြီဟု ထင်ကာ ဝမ်းသာသွားကြသည်။ သို့သော် သူတို့၏ ပျော်ရွှင်မှုမှာ ခဏတာသာ ဖြစ်ခဲ့သည်။ ထိုရေဓားသည် ချီလင်၏ နီရဲသောအကြေးခွံများကို အစင်းရာလေးတစ်ခုတောင် မထင်စေနိုင်ခဲ့ပေ။
အလွန်ထက်မြက်လှသည်ဆိုသော ရေဓားသည် သာမန်ရေစက်များကဲ့သို့ပင် ချီလင်ကို ထိမှန်ပြီးနောက် မြေပြင်ပေါ်သို့ စီးကျကာ အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။ထိုအချိန်တွင် မီးလျှံချီလင်၏ ဒေါသများ ပေါက်ကွဲထွက်လာလေတော့သည်။