အခန်း (၈၁) - မီးလျှံ ချီလင်
သတင်းအချက်အလက်များအရ 'ကြက်သွေးရောင် မီးလျှံကျောက်' သည် မီးတောင်ဂူ၏ အနက်ရှိုင်းဆုံးသော မြေလွှာအတွင်း၊ အပူရှိန်ပြင်းထန်သော ချော်ရည်စီးကြောင်းများနှင့် ထိစပ်လုနီးပါးနေရာ၌ တည်ရှိနေသည်။
ဂူထဲသို့ဝင်ရန် တောင်ကုန်းတစ်ဝက်ခန့်ရှိ ဂူပေါက်မှတစ်ဆင့် သွားရမည်ဖြစ်ပြီး လမ်းကြောင်းမှာ အလွန်အမင်း ရှုပ်ထွေးခြင်းမရှိပေ။ သို့သော် လမ်းကြောင်းရိုးရှင်းလေလေ မီးလျှံ ချီလင် အနေဖြင့် ကျူးကျော်သူများကို ရှာဖွေတွေ့ရှိရန် ပို၍လွယ်ကူလေလေပင် ဖြစ်သည်။
ဝမ်ဒီ၏ အစီအစဉ်မှာ ဤသို့ဖြစ်သည်။ ယုနှင့် ကီးလ်ကို အသုံးချကာ ချီလင်ကို အာရုံလွှဲထားမည်။ ထိုအချိန်တွင် သူနှင့် ရိုင်ယန်က ကျောက်မျက်ကို ခိုးယူမည်ဖြစ်သည်။ အကယ်၍ ယု၏ "သားရဲထိန်း" စွမ်းရည်က ချီလင်အပေါ် အလုပ်မဖြစ်ခဲ့လျှင်လည်း ကီးလ်နှင့် ချီလင်တို့ အပြန်အလှန် တိုက်ခိုက်ရင်း အားအင်ကုန်ခမ်းသွားချိန်ကျမှ အားလုံးကို အပြတ်ရှင်းရန် ကြံစည်ထားသည်။
အကယ်၍ အခြေအနေက သူတို့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပါက "ဟင်းလင်းပြင် လျှောက်လှမ်းသူ" ဝေါ့ဒ် ဝေါ်ကာ ကိုယ်ထင်ပြ ဝင်ရောက်ဖြေရှင်းပေးလိမ့်မည်ဟု သူတို့ တွေးထားကြသည်။
အစီအစဉ်များ အဆင်သင့်ဖြစ်ပြီဖြစ်၍ သူတို့အဖွဲ့သည် တောင်ကုန်းပေါ်ရှိ ဂူဝတွင် ရပ်နေကြပြီဖြစ်သည်။ ဂူထဲသို့ မဝင်ရသေးခင်မှာပင် အတွင်းမှ တိုးထွက်လာသော ပြင်းထန်သည့် အပူရှိန်ကို ခံစားနေရပြီဖြစ်သည်။
ချော်ရည်များနှင့် နီးကပ်နေသည်မို့ အပူရှိန်ကို သိပ်မအံ့ဩကြသော်လည်း၊ လမ်းလျှောက်ရာတွင် ခြေချော်၍ ချော်ရည်ပူများထဲ ကျမသွားစေရန် အထူးသတိထားနေကြရသည်။
မီးတုတ်ကိုယ်စီဖြင့် ကျောက်သားနံရံများကို အမှီပြုကာ ဂူထဲသို့ သတိကြီးကြီးဖြင့် ဝင်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် မည်သည့်သက်ရှိမှ မတွေ့ရသဖြင့် အခြေအနေမှာ ထင်ထားသည်ထက် ပို၍လွယ်ကူနေသလိုပင်။
ကီးလ်တစ်ယောက်သာ မျက်မှောင်ကြုတ်နေမိသည်။ သူမ၏ ရည်မှန်းချက်မှာ ရတနာမဟုတ်ဘဲ မီးလျှံ ချီလင် သာ ဖြစ်သောကြောင့်ပင်။
ဂူအတွင်း ဆယ်မိနစ်ကျော်ခန့် လျှောက်လှမ်းပြီးနောက် အရှေ့ဘက်တွင် အလင်းရောင်တစ်ခုကို တွေ့လိုက်ရသည်။ အနီရောင်အလင်းများ ဝင်းလက်နေပြီး အပူရှိန်မှာလည်း ဟုန်းခနဲ တိုးလာသဖြင့် မီးတောင်ဝ၏ အလယ်ဗဟိုသို့ ရောက်ပြီဖြစ်ကြောင်း သိသာလှသည်။
ဂူထဲမှ ထွက်လိုက်သည်နှင့် မြင်ကွင်းမှာ ကျယ်ပြန့်သွားပြီး မီးတောင်ဝအတွင်း၌ ချိတ်ဆွဲနေသလို ဖြစ်နေသော ကျောက်ဆောင်ကမ်းပါးကြီးတစ်ခုကို တွေ့လိုက်ရသည်။ အောက်ဘက်တွင်မူ ပွက်ပွက်ဆူနေသော ချော်ရည်များ စီးဆင်းနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲရင့်လှပါသည်ဆိုသော လူများပင် ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြသည်။ သူတို့က ချီလင်နှင့် တိုက်ပွဲကို ဂူအပြင်ဘက် သို့မဟုတ် ဘေးကင်းသော နေရာမျိုးတွင် ဖြစ်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ မီးတောင်ဝ အလယ်တည့်တည့်၊ ချော်ရည်ပူများအထက်တွင် တိုက်ရမည်ဟု မည်သူမှ မတွေးထားမိကြပေ။
ထိုစဉ် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး လူတိုင်း၏ မျက်လုံးများ တောက်ပသွားသည်။ အလင်းလာရာသို့ ကြည့်လိုက်ရာ ကမ်းပါးထိပ်ရှိ ကျောက်ပုံများကြားတွင် မီးတောက်များ ဝန်းရံနေသည့် ကျောက်မျက်ရတနာကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ဘတ်စကက်ဘောလုံးခန့် အရွယ်အစားရှိပြီး နက်မှောင်သော အနီရောင် ရှိသည်။ ထိုကျောက်မျက်၏ အနောက်တွင်မူ ခြေချစရာ နေရာမရှိတော့ဘဲ တစ်ချက်မှားသည်နှင့် ချော်ရည်ပူများထဲသို့ ကျသွားနိုင်သည့် အနေအထားပင်။
အားလုံးက ထိုကျောက်မျက်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ ယခင်က ဤရတနာ၏ တည်ရှိမှုကို သံသယဝင်ခဲ့သူများပင် ယခုမျက်မြင်တွေ့လိုက်ရချိန်တွင် သံသယများ အကုန်ပျောက်ကွယ်သွားတော့သည်။
သို့သော် ယုကမူ ထိုကျောက်မျက်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေမိသည်။ ကြက်သွေးရောင် မီးလျှံကျောက် ဆိုသည်မှာ မီးဝိညာဉ်၏ မျက်ရည်ဖြစ်ရာ ဤမျှလောက် ကြီးမားနိုင်ပါ့မလား? ထို့ပြင် ထိုကျောက်မျက်ထဲမှ ထွက်ပေါ်လာသော မှော်လှိုင်းအချို့မှာ သူ့အတွက် တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားနေရသည်။
ဝမ်ဒီကမူ အလွန်အမင်း ဝမ်းသာသွားပြီး ဘာကိုမှ မစဉ်းစားတော့ဘဲ ကျောက်မျက်ဆီသို့ တန်းပြေးသွားတော့သည်။
သူ ကျောက်မျက်အနားသို့ ရောက်ခါနီးမှာပင် မီးတောင်အတွင်းမှ ပြင်းထန်သော မှော်စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဂူအတွင်းသို့ အပူလှိုင်းများ တိုးဝင်လာသည်။
ထို့နောက် ရွှေရောင်မီးလုံးကြီးတစ်လုံးသည် အောက်ဘက်ရှိ ချော်ရည်များထဲမှ ဝုန်းခနဲ ခုန်တက်လာကာ ဝမ်ဒီ၏ ရှေ့တည့်တည့်သို့ ကျ ရောက် လာတော့သည်။ ဝမ်ဒီမှာ လန့်ဖျန့်သွားပြီး နောက်ပြန်လဲကျသွားရှာသည်။
၎င်းမှာ သာမန်မီးလုံးမဟုတ်ပဲ မီးတောက်များ ငြိမ်သက်သွားသည့်အခါတွင်မူ ကြက်သွေးရောင် အကြေးခွံများဖြင့် သားရဲကြီးတစ်ကောင် ပေါ်လာသည်။ ခြင်္သေ့ခေါင်း၊ သမင်ဦးချိုနှင့် နဂါးအမြီးတို့ ပါရှိပြီး ကျောကုန်းမှ ဦးခေါင်းအထိ ရွှေရောင်မီးလျှံများ တောက်လောင်နေသည်။ အံ့ဩစရာကောင်းသည်မှာ ထိုသားရဲကြီး၏ ကိုယ်ပေါ်တွင် ချော်ရည်များ စီးကျနေပြီး အခုလေးတင် ချော်ရည်ပူများထဲတွင် ရေချိုးလာသကဲ့သို့ပင် ဖြစ်နေတော့သည်။