အခန်း (၈) - စုန်းမငယ် အုပ်ချုပ်မည့် အတန်း
"ကဲ... အားလုံးပဲ မင်းတို့ရဲ့ မှော်အစွမ်းတွေကို ရုပ်သိမ်းလိုက်ကြတော့။ စာမေးပွဲ ပြီးဆုံးသွားပြီ။"
ဆံပင်ရှည် နှင့် အမျိုးသမီးကြီး စကားအဆုံးမှာတော့ ကျောင်းသားတွေဟာ လက်ထဲက မှော်စွမ်းအင်တွေကို ချက်ချင်း ရုပ်သိမ်း လိုက်ကြသည်။
ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသမီးဟာ တခြားသူမဟုတ်ဘဲ ဒီကျောင်းရဲ့ ဒုတိယကျောင်းအုပ်ကြီး ပရော်ဖက်ဆာ ကလဲယား ဖြစ်မှန်း အားလုံးက သိနေကြလို့ပင် ဖြစ်သည်။
"ဒါ... ဒါက ဘာတွေ ဖြစ်ကုန်တာလဲ!?"
မကျေမနပ် ဖြစ်နေတဲ့ အသံတွေက ခန်းမထဲမှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာကြသည်။
"ဘာဖြစ်ရမှာလဲ... ဒါက ဝင်ခွင့်စာမေးပွဲလေ။"
ပရော်ဖက်ဆာ ကလဲယားက ကျောင်းသားတွေရဲ့ မေးခွန်းကို အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒဏ်ရာရသွားတဲ့ ကျောင်းသားတွေကော ဘယ်လိုလုပ်မလဲ!?!?"
စမ်းသပ်မှုမှာ အလွန်အန္တရာယ်များသဖြင့် ကျောင်းသားများစွာက မကျေမနပ် ဖြစ်နေကြသည်။
"ဒဏ်ရာရတဲ့ ကျောင်းသား? ဘယ်သူ့ကို ပြောတာလဲ?"
ဒု-ကျောင်းအုပ်ကြီး ကလဲယားက ခပ်အေးအေးပဲ ပြန်မေးလိုက်သည်။ သူမ စကားအဆုံးမှာတော့ စောစောက မီးလျှံဝံပုလွေ ရဲ့ အကိုက်ခံရတာ၊ အပူလောင်တာတွေ ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး ကလဲယားရဲ့ နောက်ကွယ်ကနေ ထွက်ပေါ်လာကြသည်။
"ဟင်... ဒါက..."
ခဏတာအတွင်းမှာပဲ ရှိသမျှ ကျောင်းသားအားလုံး မှင်တက်သွားကြသည်။
"တစ်တိုင်းပြည်လုံးမှာ ထိပ်တန်းကျောင်းတော်ကြီး တစ်ခုအနေနဲ့ ငါတို့ ကျောင်းသားတွေကို အသက်အန္တရာယ် ဖြစ်အောင် ဘယ်လုပ်ပါ့မလဲ။ ကျောင်းထဲမှာ ဖြစ်သမျှ အရာအားလုံးဟာ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။"
ကလဲယားက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက် တော့သည်။
"ဘုရားရေ! ငါ ဘယ်လိုများ မေ့သွားရတာလဲ! ဒု-ကျောင်းအုပ်ကြီး ကလဲယားရဲ့ နာမည်ပြောင်က 'ဝိညာဉ်နှင်သူ' လေ!"
အဲ့ဒီအချိန်မှာပဲ တချို့ကျောင်းသားတွေ သတိရသွားကြသည်။ ခေါင်းမပြတ်မချင်း ဘယ်လိုပြင်းထန်တဲ့ ဒဏ်ရာမျိုးကိုမဆို ကုသပေးနိုင်တဲ့ မှော်ဆရာမကြီးဟာ အခု သူတို့ရှေ့မှာ ရပ်နေတဲ့ ကလဲယား ပင် ဖြစ်သည်။
"ကဲ... သဘောပေါက်ပြီဆိုရင် ထပ်မမေးကြနဲ့တော့။ ဒီမှာရှိနေတဲ့ မင်းတို့အားလုံးဟာ ကျောင်းရဲ့ အထူးတန်း အတွက် ရွေးချယ်ခံလိုက်ရပြီလို့ ဂုဏ်ပြုစကား ပြောပါရစေ။ ဒါက ထူးချွန်တဲ့သူတွေပဲ တက်ခွင့်ရမယ့် အတန်းပဲ။"
ကလဲယားက ပြုံးပြုံးလေး ပြောအပြီးမှာပဲ သူမဘေးက ဆံပင်နီနီနဲ့ မိန်းကလေးက ရှေ့ကို တစ်လှမ်း တိုးလာသည်။
"စာမေးပွဲကနေတစ်ဆင့် မင်းတို့ရဲ့ အရည်အချင်းနဲ့ သတ္တိကို ပြသနိုင်ခဲ့ကြပြီ။ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒါက မလုံလောက်သေးဘူး။ ဒါကြောင့် မနက်ဖြန်ကစပြီး ငါက မင်းတို့ရဲ့ ဆရာမ ဖြစ်လာမယ်.."
"နေပါဦး!? အထူးတန်း ဆိုတာ ကျောင်းရဲ့ အထူးချွန်ဆုံး အတန်း မဟုတ်ဘူးလား? ဘာလို့ ဒီလို မိန်းကလေးငယ်လေးက ငါတို့ရဲ့ ဆရာမ ဖြစ်နေရတာလဲ?"
ကျောင်းသားတစ်ယောက်က ရိုင်းပြစွာဖြင့် စကား ဖြတ်ပြောလိုက်သည်။ တစ်ခဏအတွင်းမှာပင် ထိုကျောင်းသားမှာ ကြီးမားသော မီးလုံးကြီးနှင့် အပစ်ခံလိုက်ရပြီး ခန်းမနံရံသို့ လွင့်ထွက်သွားတော့သည်။
"ကီးလ်... ငါ့ကို အလုပ်တွေ ထပ်မပေးနဲ့ တော့လေ..."
ပရော်ဖက်ဆာ ကလဲယားသည် လွင့်ထွက်သွားသော ကျောင်းသားထံသို့ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်သွားရင်း ပြောလိုက်သည်။
"ကီးလ်?? ဒါဆို သူမက ကီးလ် ချားလော့ လား!?"
"ဘုရားရေ! 'မီးလျှံစုန်းမ' လား! ရေခဲနဂါးကို နှိမ်နင်းခဲ့တဲ့ သူရဲကောင်းမလေး!"
ကီးလ် ကို တစ်ခါမှ မမြင်ဖူးတဲ့ ကျောင်းသားတွေအားလုံး အံ့ဩတုန်လှုပ်ကုန်ကြသည်။ခုနက ကန့်ကွက်နေသူများမှာ လည်း အသံတိတ်သွားကြသည်။
"ဒါဆိုရင် မေးစရာမရှိတော့ရင် မနက်ဖြန် မနက် ၆ နာရီမှာ ကျောင်းရဲ့ အနောက်ဘက် ကွင်းပြင်မှာ စုကြပါ။ အထူးတန်း အတွက် ယူနီဖောင်းတွေကို အဆောင်တွေဆီ နောက်မှ ပို့ပေးလိုက်မယ်။"
ကီးလ် က ပြောအပြီးမှာ လှည့်ထွက်သွားလိုက်သည်။ ထိုအချိန်မှာပဲ စောစောက လေကာရံကို သုံးခဲ့တဲ့ ရွှေရောင်ဆံပင်နဲ့ ကျောင်းသားက လှမ်းအော်လိုက်သည်။
"ခဏလောက် စောင့်ပါဦး!!"
...
ကီးလ် က ပြန်မထူးဘဲ သဘောမကျတဲ့ ပုံစံ ဖြင့် ခပ်စူးစူး စိုက်ကြည့်လိုက်သည်။
"ငါတို့က အရည်အချင်းနဲ့ သတ္တိရှိလို့ ဒီအတန်းကို တက်ရတာဆိုရင်၊ ဒီကောင်ကရော ဘာလို့ ငါတို့နဲ့အတူ ပါလာရတာလဲ??"
ထို ကျောင်းသားက လူအုပ်အနောက်မှာ ပုန်းနေတဲ့ ယု ကို လက်ညှိုးထိုးပြလိုက်သည်။ လူအုပ်ကြီးကလည်း ယု ကို မြင်သာအောင် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
...
ယု သည် မနီးမဝေးမှ ကီးလ်ကို ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။ သူ ချွေးပြန်ရခြင်းမှာ အတန်းရွေးချယ်မှုကြောင့် မဟုတ်ဘဲ ကီးလ်က သူ့ကို မှတ်မိသွားမည်ကို ကြောက်နေခြင်း ဖြစ်သည်။
ကီးလ်သည် ယု ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာလိုက်သည်။
သူမရဲ့ မီးတောက်ရောင် ဆံနွယ်ရှည်တွေက လေထဲမှာ လွင့်နေပြီး၊ အသားအရေမှာလည်း ကျောက်စိမ်းဖြူကဲ့သို့ ဝင်းပနေသည်။ အရုပ်မလေးကဲ့သို့ ချစ်စရာကောင်းသော မျက်နှာတွင် စွဲမက်ဖွယ် ပြာလွင်သော မျက်လုံးများ ရှိ နေသည်။
နှင်းပြင်ပေါ်တွင် ရေခဲနဂါးနှင့် တိုက်ခိုက်စဉ်က ယု သည် ဤမိန်းကလေးကို သေချာ မကြည့်မိခဲ့ပေ။ သူမ မျက်နှာလှသည်လောက်သာ သိခဲ့သည်။ အခု အနားရောက်မှ သိလိုက်ရသည်မှာ သူမသည် အလွန်ပင် ချစ်စရာကောင်းနေခြင်း ဖြစ်သည်။
ကီးလ် ဟာ ယု ကို တည်တည်တံ့တံ့နဲ့ စိုက်ကြည့်ရင်း မေးလိုက် သည်။
"ငါတို့ တစ်နေရာရာမှာ ဆုံဖူးသလား??"
ကီးလ်၏ ပထမဆုံး စကားကြောင့် ယု မှာ တုန်တက်သွားသည်။
"ဟို... ဟင့်အင်း... လုံးဝ မဆုံဖူးပါဘူး..."
"သေချာလား?"
ကီးလ်က ခါးထောက်ပြီး စိတ်လှုပ်ရှားနေတဲ့ ယု ကို အတည်ပြုတဲ့အနေနဲ့ ထပ်မေးလိုက် သည်။
"သေချာတာပေါ့! မင်းလို ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးနဲ့ ဆုံဖူးရင် ငါ သေချာပေါက် မှတ်မိမှာပေါ့။"
ယု အဖြေ ကြောင့် ကီးလ် ရဲ့ မျက်နှာလေး နီသွားရုံတင်မကဘဲ ရှိသမျှ လူတွေအားလုံး မှင်တက်သွားကြသည်။
"ဘုရားရေ! နတ်မိမယ်လေးကို နှိုက်ရုံတင် မကဘူး၊ အခု မီးလျှံစုန်းမကိုပါ လာပလီနေတာလား? ဒီကောင်ကတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။"
"ဒီကောင်ကတော့ လူယုတ်မာ စစ်စစ်ပဲ!"
ဘေးပတ်ဝန်းကျင်က ဝေဖန်သံတွေ ဆူညံသွားပေမဲ့ ကီးလ်ရဲ့ အသံကြောင့် ချက်ချင်း ငြိမ်ကျသွားပါတယ်။
"ကဲ... သူ့ ကိုလည်း အထူးတန်း ထဲမှာ ယာယီ ထည့်ထားလိုက်မယ်။"
ကီးလ် ရဲ့ စကားကြောင့် အံ့ဩနေတဲ့ ကျောင်းသားတွေ ပိုဆွံ့အသွားကြသည်။
"ဗျာ!? ဘာလို့လဲ?!"
"ဟုတ်တယ်! ဒီကောင်က နတ်မိမယ်လေးကို နှိုက်တာကလွဲရင် ဘာမှလည်း မလုပ်ခဲ့ဘူးလေ!?"
မကျေမနပ်ဖြစ်သံတွေ နေရာအနှံ့ ထွက်ပေါ်လာကြသည်။ ကီးလ် က ဂရုစိုက်မနေ ပဲ ပြန်မေးလ်ုက်သည်။
"မင်းတို့ကို မေးမယ်။ မင်းတို့ထဲမှာ မီးတောက်ဝံပုလွေ လေးကောင်ကို ရင်ဆိုင်နေရတဲ့ စစ်တလင်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို အခွင့်ကောင်းယူဖို့လောက်အထိ သတ္တိရှိတဲ့သူ ပါသလား??"
"အဲ..."
တစ်ခန်းလုံး တိတ်ကျသွား တော့သည်။ ဝံပုလွေတွေရဲ့ ရှေ့မှာ ရပ်နေဖို့တောင် ကြောက်နေရတဲ့ အခြေအနေမှာ ဘယ်သူက အဲ့ဒီလိုမျိုး ကိစ္စတွေကို လုပ်ရဲမှာလဲ။
"ဒီလူ က နည်းနည်းတော့ ယုံကြည်လို့မရပေမဲ့ သူ့ရဲ့ သတ္တိကိုတော့ ငါ သဘောကျတယ်။ ဒါကြောင့် သူ့ကို စောင့်ကြည့်တဲ့ အနေနဲ့ ဒီမှာ ထားမယ်။ ကျောင်းအုပ်ကြီး ကလဲယားလည်း ကန့်ကွက်စရာ မရှိဘူး မဟုတ်လား?"
ကီးလ် က ဒု-ကျောင်းအုပ်ကြီး ကလဲယားဘက်ကို လှည့်ကြည့်ရင်း မေးလ်ုက်သည်။
"ဒါ မင်းရဲ့ အတန်းပဲ၊ မင်းပဲ ဆုံးဖြတ်ပါ။"
ဒု-ကျောင်းအုပ်ကြီးရဲ့ စကားကြောင့် ယု တစ် ယောက် အထူးတန်းထဲသို့ ရောက်ရှိသွားလေတော့သည်။