အခန်း (၇၉) - ဝံပုလွေအုပ်၏ ထူးဆန်းမှု
ရိုင်ယန်၏ ဓားချက်အောက်တွင် မီးလျှံဝံပုလွေ လေးကောင်စလုံး တစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်ကို ကြည့်ပြီး အားလုံးက အံ့ဩနေကြသည်။ မီးတောင်အနီးတွင် မီးဓာတ်များ ကြွယ်ဝသဖြင့် ဤသားရဲများ၏ စွမ်းအားမှာ ပုံမှန်ထက် ပိုမိုပြင်းထန်သော်လည်း ရိုင်ယန်ကတော့ အေးအေးဆေးဆေးပင် နှိမ်နင်းနိုင်ခဲ့သည်။
ထိုစဉ် ရိုင်ယန်သည် လဲကျနေသော ဝံပုလွေများထဲမှ တစ်ကောင်မှာ အသက်မသေသေးဘဲ ရုန်းကန်နေသည်ကို သတိထားမိလိုက်သည်။ သူသည် အဆုံးသတ်ရန် ဓားကို မြှောက်လိုက်သော်လည်း ဝံပုလွေက သူ့ကို ပြန်မတိုက်ဘဲ ကောင်းကင်သို့ မော့၍ အားရပါးရ ဟောင်လိုက်တော့သည်။ ဝံပုလွေ၏ ကိုယ်ပေါ်မှ မီးတောက်များမှာ ကောင်းကင်သို့ ပန်းထွက်သွားပြီး ၎င်း၏ ဟိန်းသံမှာ တောအုပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ဒုက္ခပဲ! သူတို့ အဖော်တွေကို ခေါ်လိုက်ပြီ!!”
ဒါကို မြင်သည်နှင့် ဝမ်ဒီသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ရထားပေါ်သို့ အမြန်ပြေးတက်ကာ ထွက်ပြေးရန် ပြင်တော့သည်။ ဝံပုလွေ ငါးကောင်ကို ရင်ဆိုင်ရန် လွယ်ကူသော်လည်း ဝံပုလွေတစ်အုပ်လုံးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တော့ ကိစ္စက တခြားစီပင်။
ဝံပုလွေအုပ်ဆိုသည်မှာ အနည်းဆုံး အကောင် နှစ်ဆယ်မှ သုံးဆယ်ကျော်အထိ ရှိတတ်ပြီး အုပ်စုခေါင်းဆောင် “အယ်လ်ဖာ” မှာ အဆင့်-A ရှိသော မိစ္ဆာသားရဲ ဖြစ်သည်။ အကယ်၍ သူတို့အားလုံး အတူတိုက်ခိုက်လာလျှင် ဘယ်လောက်ပင် အစွမ်းထက်သည့်အဖွဲ့ဖြစ်ပါစေ အထိအခိုက် အကျအဆုံး များပေလိမ့်မည်။
“တောက်!”
ရိုင်ယန်သည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူသည် မည်သူ့ကိုမျှ ဂရုမစိုက်သော မာနခဲဖြစ်သော်လည်း ယခုအခါ ဝံပုလွေအုပ်ကြောင့် ထွက်ပြေးရတော့မည်ကို တွေးပြီး ဒေါသထွက်နေမိသည်။ သူ့အာရုံထဲတွင် အနည်းဆုံး ဝံပုလွေ အကောင်ငါးဆယ်ခန့် နီးကပ်လာနေသည်ကို ခံစားနေရသည်။
“မြန်မြန်လုပ်! အစီအစဉ်ပြောင်းမယ်။ ဝံပုလွေတွေလက်က အရင်လွတ်အောင်ပြေးပြီးမှ ကျန်တာ ဆက်လုပ်ကြမယ်”
ဝမ်ဒီက အော်ဟစ်လိုက်သဖြင့် အားလုံး ရထားပေါ်သို့ အလုအယှက် တက်ကြတော့သည်။ အမှောင်ထဲတွင် ဝံပုလွေများ၏ စိမ်းဖန့်ဖန့် မျက်လုံးများမှာ ဝိုင်းရံလာနေပြီ ဖြစ်သည်။
သို့သော် ထူးခြားနေသည်မှာ ယု ပင် ဖြစ်သည်။ သူသည် ရထားပေါ်မှ ဆင်းပြီးကတည်းက လမ်းဘေးတွင် အားနည်းစွာ ရပ်နေပြီး ရထားပေါ်သို့ ပြန်တက်ရန် လုံးဝ စိတ်ကူးမရှိပုံရသည်။ သူ့ဘေးတွင်လည်း ကီးလ်က အတူရှိနေသည်။
ဝမ်ဒီကတော့— ‘ဒီကောင်တွေ အရင် သေချင်နေကြတာလား’ ဟု တွေးလိုက်မိသည်။ သို့သော်လည်း ကီးလ်က ရေခဲနဂါးကို သတ်ခဲ့သူဆိုလျှင် ဝံပုလွေအုပ်ကို ကြောက်နေစရာ မလိုဟု သူ ယူဆလိုက်သည်။
တကယ်တော့ ကီးလ်တစ်ဦးတည်းသာ ရေခဲနဂါး၏ ကြောက်စရာကောင်းမှုကို သိသည်။ ဝမ်ဒီ၏ အမြင်တွင်တော့ စစ်သည် ၅,၀၀၀ နှင့် ရေခဲနဂါး တစ်ကောင် တိုက်ပွဲမှာ ကီးလ်တစ်ဦးတည်းနှင့် ဝံပုလွေအုပ် တိုက်ပွဲနှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။
ထိုသို့ ဝေခွဲမရဖြစ်နေသည့် ခဏအတွင်းမှာပင် ဝံပုလွေအုပ်က သူတို့ကို ဝိုင်းလိုက်ပြီဖြစ်သည်။
“သေစမ်း! အဲ့ဒီ အသုံးမကျတဲ့ကောင်ကြောင့်ပဲ။ ငါတို့ အရင် လွတ်အောင်ပြေးကြမယ်!”
ဝမ်ဒီက ရထားမောင်းသမားကို အမိန့်ပေးသော်လည်း ရထားဆွဲသော မြင်းများမှာ ဝံပုလွေများ၏ ဟိန်းသံကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ နေရာမှာတင် တောင့်တင်းနေတော့သည်။
အားလုံးကတော့ တိုက်ပွဲဝင်ရန် လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ ထိုစဉ် လူအုပ်ထဲသို့ ဝံပုလွေတစ်ကောင် တိုးဝင်လာသည်။ ၎င်းမှာ နဖူးတွင် တောင်ကုန်းသဏ္ဌာန် အမှတ်အသားပါပြီး အခြားဝံပုလွေများထက် ပိုမိုကြီးမားလှသော “ဝံပုလွေဘုရင်” ပင် ဖြစ်သည်။
၎င်းသည် ယု ၏ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ ဒါကို မြင်တော့ အားလုံးက တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။ သူတို့ စိတ်ထဲတွင်တော့— ‘ယု နဲ့ ကီးလ်က ဝံပုလွေဘုရင်နဲ့ ရင်ဆိုင်နေရပြီပဲ။ သူတို့ ဒီနေ့ သေမလား၊ မနက်ဖြန် သေမလားက အရေးမကြီးဘူး။ သူတို့ အရင် သေသွားရင် ငါတို့အတွက် ပိုတောင် အလုပ်ရှုပ် သက်သာသေးတယ်’ ဟု ယုတ်မာစွာ တွေးနေကြသည်။
ရိုင်ယန်ကတော့ ပို၍ပင် ကျေနပ်နေသည်။ ‘ကီးလ်... မင်း အစွမ်းမရှိတဲ့ အဲ့ဒီကောင်ကို ကာကွယ်ရင်း ဒီလောက်များတဲ့ ဝံပုလွေတွေကို ဘယ်လို ရင်ဆိုင်မလဲ ကြည့်ကြသေးတာပေါ့။ နောက်ဆုံးကျရင်တော့ မင်း ငါ့ကို အကူအညီတောင်းရမှာပဲ။ အဲ့ဒီကျရင်တော့ မင်းကို ငါ့ရဲ့ ကျွန်အဖြစ် သိမ်းပိုက်ပြီးမှ မီးတောင်ထဲမှာ အပြတ်ရှင်းပစ်မယ်’ ဟု သူက အစီအစဉ် ဆွဲနေသည်။
ဝံပုလွေဘုရင်သည် ပါးစပ်ကို ဖြဲကာ ယု ၏ အနားသို့ ရောက်ရှိလာသည်။ အားလုံးက ယု အပိုင်းပိုင်း ပြတ်တော့မည်ဟု မျှော်လင့်နေစဉ်မှာပင်— ဝံပုလွေဘုရင်သည် ရုတ်တရက် လျှာကြီး ထုတ်ကာ ယု ကို ခြေဆုံးခေါင်းဆုံး အားရပါးရ လျက်ပါတော့သည်။
“ဘာဖြစ်တာလဲ????”
ဝမ်ဒီ၊ ရိုင်ယန်နှင့် စစ်သည် ၂၀ ကျော်မှာ မှင်သက်သွားကြသည်။ ဝံပုလွေဘုရင်က ယု ကို တယုတယ လျက်ပေးနေပြီး ယု ကတော့ ရွံရှာသည့် မျက်နှာဖြင့် ဝံပုလွေကို တွန်းထုတ်နေသည်။
“တော်တော့! မလျက်နဲ့တော့လို့!!”
ယု က ဝံပုလွေဘုရင်ကို တွန်းရင်း သူ၏ ကိုယ်ပေါ်က တံတွေးများကို သုတ်နေသည်။
“နင့်ရဲ့ စွမ်းရည်က တကယ်ကို အသုံးဝင်တာပဲ”
ကီးလ်က ဘေးမှနေ၍ မှတ်ချက်ချလိုက်သည်။ အစက သူမလည်း စိုးရိမ်ခဲ့သော်လည်း ယု က ယုံကြည်မှုရှိရှိ ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝံပုလွေဘုရင်တင်မကဘဲ အခြား ဝံပုလွေ ငါးဆယ်ကျော်လုံးမှာလည်း ယု ၏ အနားသို့ တိုးဝှေ့လာကြပြီး တစ်ကောင်တစ်ချက် လျက်ရန် ကြိုးစားနေကြသည်။
ယု မှာ ဝံပုလွေ တံတွေးများအောက်တွင် နစ်မွန်းတော့မည့်အဆုံး အော်ဟစ်လိုက်ရသည် ။
“ကဲ! တော်ကြတော့!”
ထိုအသံကို ကြားသည်နှင့် ဝံပုလွေဘုရင် အပါအဝင် ဝံပုလွေအားလုံးသည် လိမ္မာသော ခွေးကလေးများကဲ့သို့ နေရာမှာတင် ငြိမ်သက်စွာ ထိုင်ချလိုက်ကြတော့သည်။
ဘေးမှ ကြည့်နေသူများမှာ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့သည်။ ယု အပိုင်းပိုင်း ပြတ်သွားမည်ဟု ထင်ခဲ့သော်လည်း အခုတော့ မိစ္ဆာဝံပုလွေအုပ်ကြီးမှာ အိမ်မွေးခွေးများထက်ပင် ပို၍ လိမ္မာနေကြသည်။ ဒါဟာ မှော်ပညာ မဟုတ်ဘဲ ဘယ်လို အစွမ်းမျိုးလဲဆိုသည်ကို ဘယ်သူမှ ဖောက်ထွင်း မမြင်နိုင်ကြပေ။ ဝမ်ဒီတို့အဖွဲ့မှာလည်း ယု က ဝံပုလွေများကို အသုံးချပြီး သူတို့ကို ပြန်တိုက်မည်ကို စိုးရိမ်သဖြင့် လက်နက်များကို အမြန် ပြန်သိမ်းလိုက်ကြရသည်။
သို့သော် ယု ကတော့ သူတို့ကို ဂရုမစိုက်ဘဲ ဝံပုလွေဘုရင်၏ မေးစေ့ကို ပွတ်သပ်ပေးရင်း တစ်ခုခုကို စူးစမ်းနေသည်။ ကီးလ်လည်း ထူးဆန်းသည်ဟု ထင်သဖြင့် အနားသို့ ကပ်ကြည့်လိုက်သည်။ ထိုစဉ် ဝံပုလွေဘုရင်၏ မျက်လုံးများထဲမှ ထွက်ပေါ်လာသော စိမ်းဖန့်ဖန့် အလင်းရောင်ကြောင့် ကီးလ်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။