အခန်း (၇၈) - ဟင်းလင်းပြင် ဓားသိုင်း
မြို့တော်မှ စတင်ထွက်ခွာလာပြီးနောက် အင်ပါယာ၏ အမြန်ဆုံး လေပျံရထားဖြင့် တောင်ဘက်သို့ ဦးတည်လာခဲ့ကြသည်။ "ဆဟာဂျီသစ်တော" ကို ဖြတ်ကျော်၊ "အိုင်းစတိုင်းလွင်ပြင်" ကို ကျော်ဖြတ်ပြီးနောက် တောင်ဘက်အစွန်ဆုံးရှိ "လာဒါ" မီးတောင်သို့ ရောက်ရှိရန် ပုံမှန်ဆိုလျှင် တစ်ပတ်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။ သို့သော် ယခုမူ ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာမြင့်သွားခဲ့ပြီးမှ လာဒါတောင်တန်း နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဒါဟာ ဘယ်သူ့ကြောင့်လဲဆိုလျှင် တမန်တော်တစ်ဦးဖြစ်ပါလျက်နှင့် ရထားမူးဝေဒနာကို အလူးအလဲ ခံစားနေရသော ယု ကြောင့်ပင် ဖြစ်သည်။ ခရီးစဉ်မှာ ခဏနား၊ ခဏသွား လုပ်နေရသဖြင့် အချိန်များ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ယု က ရထားပေါ်မှဆင်းပြီး လမ်း လျောက် ပြေးသွားချင်သည်ဟု အကြံပြုသော်လည်း ကီးလ်က အဓိပ္ပာယ်မရှိဟုဆိုကာ တားမြစ်ထားခဲ့သည်။ အတူပါလာသော စစ်သည်များနှင့် မှော်ဆရာများမှာမူ စိတ်မရှည်တော့ဘဲ သူတို့ကို လမ်းဘေးမှာတင် သတ်ပစ်ပြီး အလောင်းဖျောက်ချင်စိတ် ပေါက်နေကြပြီဖြစ်သည်။
ကံကောင်းသည်မှာ ဝမ်ဒီသည် အမျှော်အမြင်ရှိသူ ဖြစ်သည်။ ဤလူအနည်းငယ်ဖြင့် မီးလျှံချီလင်ကို အနိုင်တိုက်နိုင်မည်မဟုတ်သလို၊ ကီးလ်ကိုလည်း အလွယ်တကူ နှိမ်နင်းနိုင်မည်မဟုတ်ကြောင်း သူသိသည်။
"ဟင်းလင်းပြင် လျှောက်လှမ်းသူ" ဝေါ့ဒ်ဝေါ်ကာ ရှိနေသော်လည်း ထိုသူမှာ ဘယ်ရောက်နေမှန်း မသိရသဖြင့် ကီးလ်နှင့် ချီလင်တို့ တိုက်ခိုက်ပြီး အားအင်ကုန်ခမ်းသွားချိန်မှသာ အခွင့်ကောင်းယူရန် သူက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့အဖွဲ့သည် လာဒါမီးတောင်အနီးရှိ ရွာတစ်ရွာသို့ ရောက်ရှိလာကြသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့များမှာ အနည်းငယ် လျော့ပါးသွားပြီဖြစ်သော်လည်း လေထုမှာ ညစ်ညမ်းနေဆဲ ဖြစ်သည်။ အေးခဲသွားသော ချော်ရည်ခဲများမှာလည်း အပူရှိန် အလွန်မြင့်မားနေဆဲ ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပူလောင်နေသည်။
ဤနေရာသည် ယခင်က စည်ကားသော ရွာကြီးတစ်ရွာ ဖြစ်ခဲ့သော်လည်း ယခုမူ သက်ရှိဟူ၍ အရိပ်အယောင်မျှမရှိဘဲ ပျက်စီးယိုယွင်းနေသည့် အခြေအနေမှာ ကမ္ဘာပျက်ကိန်း ဆိုက်နေသကဲ့သို့ပင် ဖြစ်နေသည်။
"ဒီည ဒီမှာပဲ စခန်းချကြမယ်။ လိုအပ်တာတွေ အားလုံး ပြင်ဆင်ပြီးရင် မနက်ဖြန် မနက်စောစော ချီလင်ရှိတဲ့ ဂူဆီကို သွားကြမယ်"
ဝမ်ဒီက အမိန့်ပေးလိုက်သဖြင့် လက်အောက်ငယ်သားများက တဲထိုးခြင်း၊ မီးမွှေးခြင်းနှင့် ထမင်းချက်ခြင်းတို့ကို လုပ်ဆောင်ကြရသည်။ အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ဝမ်ဒီ ခိုင်းသမျှကို မငြင်းရဲကြပေ။ သို့သော် တဲများ မထိုးရသေးခင်မှာပင် သားရဲတစ်ကောင်၏ ဟိန်းသံနှင့်အတူ ပြင်းထန်သော မှော်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
"ဟော... ဒီနေရာမှာ ဒီလောက် အစွမ်းထက်တဲ့ သားရဲရှိနေတာလား?"
ဝမ်ဒီ ကြည့်လိုက်သည့်အခါ စခန်းနှင့် မလှမ်းမကမ်းတွင် "မီးလျှံ မိစ္ဆာဝံပုလွေ" တစ်ကောင်က သူတို့ကို ရန်လိုစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဤဝံပုလွေမှာ ကီးလ် ဆင့်ခေါ်ထားသည့် ကောင်လောက် မကြီးမားပေ။
"ထူးဆန်းလိုက်တာ... တောင်ဘက် တောင်တန်းတွေပေါ်မှာ မီးလျှံဝံပုလွေတွေ ဘယ်လို ရောက်နေတာလဲ?"
ကီးလ်က ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ ပုံမှန်ဆိုလျှင် ဤဝံပုလွေမျိုးမှာ မြောက်ဘက်တွင်သာ နေထိုင်လေ့ရှိကြပြီး စိုထိုင်းဆများသော တောင်ဘက်နယ်မြေနှင့် လုံးဝ မကိုက်ညီပေ။
"သတင်းပေါက်ကြားသွားတာလား? တစ်ယောက်ယောက် ငါတို့ထက် အရင်ရောက်နေပြီး ဒီဝံပုလွေကို ထောက်လှမ်းရေးအဖြစ် သုံးနေတာလား?"
ရိုင်ယန်က ပြောပြောဆိုဆိုနှင့် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ရန်သူရှိနေသည်ဆိုလျှင် လုံးဝ လက်လွတ်မခံနိုင်ပေ။ ကြက်သွေးရောင် မီးလျှံကျောက် ကို သူတစ်ဦးတည်းသာ ပိုင်ဆိုင်ရမည် မဟုတ်ပါလား။
"သား... အလောမကြီးနဲ့။ ကိစ္စက ထင်သလောက် မရိုးရှင်းဘူး"
ဝမ်ဒီက တားမြစ်လိုက်သည်။ ဤဝံပုလွေ၏ မျက်လုံးများမှာ အလွန် ကြမ်းတုတ်နေပြီး သွားများတွင်လည်း သွေးစများ ရှိနေသဖြင့် ယဉ်ပါးသော သားရဲမဟုတ်ကြောင်း သူ ရိပ်မိသည်။ ပြီးတော့ ဝံပုလွေဆိုသည်မှာ အုပ်စုလိုက်သာ အမဲလိုက်လေ့ရှိသဖြင့် အခြားကောင်များလည်း အနီးအနားမှာ ရှိနေပေလိမ့်မည်။
သို့သော် ရိုင်ယန်က ဂရုမစိုက်ဘဲ ရှေ့သို့ ပြေးထွက်သွားသည်။ မီးလျှံဝံပုလွေကလည်း မဆိုင်းမတွပင် ရိုင်ယန်ကို ခုန်အုပ်လိုက်သည်။ ထိုဝံပုလွေမှာ အရွယ်အစား မကြီးသော်လည်း အလွန် လျင်မြန်ပြီး ကြမ်းတမ်းလှသည်။
ထိုစဉ် ရိုင်ယန်သည် အေးဆေးစွာပင် မျက်စိမှိတ်လိုက်သည်။ ဝံပုလွေက အခွင့်ကောင်းဟု ထင်ကာ ရိုင်ယန်၏ လည်ပင်းကို ကိုက်ရန် ခုန်ဝင်လာသည်။ ဘေးမှ ကြည့်နေသူများမှာ စိုးရိမ်တကြီး ဖြစ်နေကြသော်လည်း ဝမ်ဒီကတော့ ၀င်မပါရန် တားမြစ်ထားသည်။
ဝံပုလွေ၏ ပါးစပ်က ရိုင်ယန်၏ လည်ပင်းနှင့် ထိလုနီးပါး ဖြစ်ချိန်တွင် ရိုင်ယန်သည် နောက်သို့ အနည်းငယ် ယိမ်းလိုက်ပြီး သူ၏ ဓားရှည်ဖြင့် ရှေ့သို့ အရှိန်အဟုန်နှင့် ထိုးသွင်းလိုက်သည်။ ငွေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ရိုင်ယန်သည် ဝံပုလွေ၏ အနောက်ဘက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ဘာဖြစ်သွားမှန်း ဘယ်သူမှ မမြင်လိုက်ရသော်လည်း ထိုကြမ်းတမ်းသော ဝံပုလွေမှာတော့ နေရာမှာတင် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
"အံ့ဩစရာပဲ!! တကယ်ကို တော်တာပဲ။ မှော်ပညာကို မသုံးဘဲနဲ့တောင် မီးလျှံဝံပုလွေကို သတ်နိုင်တယ်!"
"တကယ့်ကို လူငယ်သူရဲကောင်းပဲ။ ငါတောင် ဒီဝံပုလွေကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါ့မလား မသေချာဘူး"
ဘေးမှလူများက တအံ့တဩ ချီးကျူးနေကြသည်။
ဝမ်ဒီလည်း သားဖြစ်သူ၏ အစွမ်းကို ကြည့်ကာ ကျေနပ်နေသည်။ သို့သော် ခဏအကြာတွင် မီးလျှံဝံပုလွေ လေးကောင် ထပ်မံ ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အစောကကောင်ထက် ပို၍ ကြီးမားကြသည်။ လူများက ရိုင်ယန်ကို ကူညီရန် ပြင်လိုက်ကြသော်လည်း ရိုင်ယန်က လက်ယမ်းပြကာ တားလိုက်သည် ။
"လေးကောင်တည်းပါ၊ ကူညီဖို့ မလိုပါဘူး"
ဝံပုလွေ လေးကောင်စလုံး ရိုင်ယန်ကို ပြိုင်တူ ခုန်အုပ်လိုက်ကြသည်။ ထိုစဉ် ရိုင်ယန်သည် သူ၏ဓားပေါ်တွင် ခရမ်းဖျော့ရောင် မှော်စွမ်းအင်တစ်ခုကို စီးဆင်းစေလိုက်ပြီး လေထဲသို့ ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ၏ ဓားချက်မှာ လေထဲတွင်သာ ဖြစ်သော်လည်း အဝေးရှိ ဝံပုလွေတစ်ကောင်မှာ ကိုယ်ခန္ဓာ နှစ်ပိုင်း ပြတ်သွားခဲ့သည်။ နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်ဝံပုလွေ သုံးကောင်လုံးလည်း လေထဲတွင်ပင် အပိုင်းပိုင်း ပြတ်သွားကြတော့သည်။
ရန်သူကို အဝေးမှပင် အသက်နှုတ်နိုင်သည့် ဤအတတ်မှာ "ဟင်းလင်းပြင် ဓားသိုင်း" ပင် ဖြစ်သည်။ ၎င်းမှာ "ဟင်းလင်းပြင် လျှောက်လှမ်းသူ" ဝေါ့်ဒ် က ရိုင်ယန်ကို သင်ကြားပေးထားခြင်း ဖြစ်သည်။
တပည့်ဖြစ်သူ ရိုင်ယန်ပင် ဤမျှ အစွမ်းထက်နေလျှင် ဆရာဖြစ်သူမှာ မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်းဟု တွေးမိကာ အားလုံးပင် ချွေးပြန်သွားကြတော့သည်။