အခန်း (၇၇) - ခန့် မှန်းမရနိုင်သော လူသား
“ဒါ... ဒါတွေအားလုံးက အစစ်အမှန်တွေပေါ့လေ?”
ရိုင်ယန်သည် သူ၏ အစေခံရှေ့တွင် ကျောက်ရုပ်ကဲ့သို့ မှင်သက်ကာ ရပ်နေမိသည်။
“အကုန်အစစ်တွေပါ သခင်လေး။ မနေ့ညက ဧည့်သည်ဆောင်ကနေ ညနက်တဲ့အထိ ညည်းသံတွေ ကြားနေရတာ။ ဒီမနက် အိပ်ရာခင်းတွေ လဲတော့လည်း သွေးကွက်တစ်ခု တွေ့ခဲ့တယ်... ကျွန်တော် ထင်တာကတော့...”
“တော်ပြီ! ဆက်မပြောနဲ့တော့!!!”
ရိုင်ယန်၏ ဒေါသတကြီး အော်ဟစ်သံက အစေခံ၏ စကားကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုစဉ် ရိုင်ယန်၏ ဖခင် ဝမ်ဒီ ရောက်လာပြီး အစေခံအားလုံးကို အပြင်ထွက်ခိုင်းကာ တံခါးကို ပိတ်လိုက်သည်။
“ကဲပါ... ထားလိုက်စမ်းပါ။ ကီးလ်ဆိုတာလည်း မိန်းမတစ်ယောက်ပါပဲ၊ လိုချင်ရင် တခြားနေရာမှာ အများကြီး ရှာလို့ရပါတယ်”
ဝမ်ဒီက သားဖြစ်သူ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“ကျွန်တော်က အဲ့ဒီ ဆံပင်နက်ကောင်ထက် ဘာတွေ နိမ့်ကျနေလို့လဲ? ဘာလို့ ကီးလ်က သူ့ကိုမှ ရွေးရတာလဲ?”
ရိုင်ယန်က အော်ဟစ်ရင်း အခန်းထဲရှိ ပစ္စည်းများကို ရမ်းကားကာ ရိုက်ခွဲတော့သည်။
“မင်းက တကယ်ပဲ ငယ်သေးလို့ စိတ်ကို မထိန်းနိုင်သေးတာပဲ”
ဝမ်ဒီက သားဖြစ်သူကို ကြည့်ကာ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
“ကျွန်တော် ဘာလို့ စိတ်မပူဘဲ နေနိုင်မှာလဲ အဖေ? အဖေ့ကိုလည်း ကျွန်တော် အပြစ်ပြောပါရစေ။ မနေ့က ကြည့်ဦး... ဟိုကောင့်ကို မျက်နှာချိုသွေးပြီး ပိုင်ဆိုင်မှု ထက်ဝက်နဲ့ ဆေးနည်းဝယ်လိုက်တယ်၊ ပြီးတော့ ကြက်သွေးရောင် မီးလျှံကျောက် အကြောင်းကိုလည်း ပြောပြလိုက်သေးတယ်။ ကျွန်တော် ဒါကို ဘယ်လိုမှ လက်မခံနိုင်ဘူး!”
“ဟမ်! မင်းက တကယ်ကို အတွေ့အကြုံ မရှိသေးတာပဲ။ ငါ ဘာလို့ ဒီလို လုပ်ခဲ့တယ်ဆိုတာကို သေသေချာချာ စဉ်းစားကြည့်စမ်း!”
ဝမ်ဒီက ရိုင်ယန်ကို ဂရုမစိုက်တော့ဘဲ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေလိုက်သည်။ ‘ဒီလောက်ကြာအောင် ငါ့ဘေးမှာ နေလာပြီး ဒါလေးတောင် မရိပ်မိဘူးဆိုရင်တော့ သူဟာ အသုံးမကျတဲ့သူပဲ’ ဟု ဝမ်ဒီ တွေးနေသည်။
“..................”
ရိုင်ယန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ၏ဖခင်သည် မိုက်မဲသူ မဟုတ်ပေ။ ‘ဒါဆို... အဖေက ချီလင်ရှိတဲ့ မီးတောင်ထဲမှာ သူတို့နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ကြံစည်နေတာလား? ဒါမှသာ ဆေးနည်းက တခြားသူဆီ မရောက်တော့မှာ မဟုတ်လား’
“ဟော... အခု သဘောပေါက်သွားပြီလား?”
ဝမ်ဒီက သားဖြစ်သူ၏ မျက်နှာ ပြေလျော့သွားသည်ကို မြင်ရသဖြင့် ရိပ်မိသွားမှန်း သိလိုက်သည်။
“အဖေ... အဲ့ဒီနည်းလမ်းက ဖြစ်နိုင်ပေမဲ့ ချီလင်ရဲ့ မီးလျှံက ကီးလ်ကို နှိမ်နင်းနိုင်ပါ့မလား? သူက ရေခဲနဂါးကိုတောင် သတ်ခဲ့တဲ့သူလေ”
“ဘာကြောက်နေတာလဲ? ရေခဲနဂါးဆိုတာလည်း သူတို့ ကြွားသလောက် အစွမ်းမထက်လောက်ပါဘူး။ စစ်သည် ၅,၀၀၀ လောက်ကို အစာကျွေးပြီး တိုက်ခိုင်းရင် ကီးလ်ကတော့ အောင်ပွဲပဲ ထိုင်ယူနေမှာပေါ့။
ရေခဲနဂါးက မီးနဲ့ အနိုင်ယူလို့ ရပေမဲ့ မီးလျှံ ချီလင်ကတော့ မတူဘူး။ သူက ဒီဂရီ တစ်သောင်းရှိတဲ့ အပူရှိန်ကိုတောင် ခံနိုင်ရည် ရှိတယ်။ ကီးလ် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီတစ်ခါ ငါတို့ဘက်မှာ မင်းရဲ့ ဆရာကြီးပါ ပါတယ်လေ... ချီလင်က သူတို့ကို မသတ်နိုင်ရင်တောင် ငါတို့ကိုယ်တိုင် သတ်ပစ်လို့ ရတာပဲ...”
ဝမ်ဒီ၏ မျက်လုံးများထဲတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လက်ဝါးကြီးအုပ်ကာ အမြတ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။ မီးတောင်ထဲတွင် သူတို့လူတွေပဲ ရှိမည်ဖြစ်ပြီး ထွက်ပေါက်ကိုသာ ပိတ်ထားလိုက်လျှင် ကီးလ်တို့ လွတ်လမ်းမရှိတော့ပေ။ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင်လည်း ချီလင်လက်ချက်ဖြင့် သေဆုံးသွားသည်ဟု အလွယ်တကူ လိမ်ညာနိုင်သည်။
အချိန်တွေ ကုန်ဆုံးသွားပြီး ဝမ်ဒီနှင့် ချိန်းဆိုထားသည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ယု သည် ကီးလ်နှင့်အတူ မှော်စွမ်းရည်ဖြည့်တင်းရင်း အိုင်းရှာထံသို့လည်း စာတစ်စောင် ရေးခဲ့သည်။ ဖြစ်ပျက်သမျှကို ရှင်းပြကာ ပြန်မည့်ရက် နောက်ကျမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။
ယု နှင့် ကီးလ်တို့ အဆင်သင့်ဖြစ်ချိန်တွင် ချိန်းဆိုထားသော စံအိမ်ရှေ့သို့ ရောက်လာကြသည်။ ထိုနေရာတွင် အဆင့်မြင့် လေပျံရထား ၅ စီး ရှိနေပြီး အစွမ်းထက်သော မှော်ဆရာများနှင့် စစ်သည်တော်များစွာလည်း ရှိနေကြသည်။ ရိုင်ယန်လည်း ထိုအထဲတွင် ပါဝင်သည်။ သို့သော် ကီးလ်တို့ ပေါ်လာသည်နှင့် အားလုံး တိတ်ဆိတ်သွားကြသည်။
ကီးလ်က သူတို့ကို ဂရုမစိုက်ဘဲ ဝမ်ဒီထံ တန်းသွားကာ မေးလိုက်သည် ။
“ဒီလူတွေက ဘာတွေလဲ?”
ဒဏ္ဍာရီလာ ပစ္စည်းအကြောင်းကို လူနည်းလေ ကောင်းလေဖြစ်သော်လည်း ဝမ်ဒီက လူအမြောက်အမြား ခေါ်လာခြင်းကို သူမ သဘောမကျပေ။
“ဒါတွေက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေပါ။ လုံခြုံရေးအတွက် ခေါ်လာတာပါ၊ မစ္စ ကီးလ် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဝမ်ဒီက ခပ်ပြုံးပြုံး ပြန်ဖြေသည်။
“ဘယ်သူ့လူတွေပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ချီလင်သွေး အားလုံးကတော့ ငါ့အပိုင်ပဲ”
ကီးလ်က ပြောပြီး ရထားပေါ်သို့ တက်သွားသည်။ ယု လည်း ဘာမှမပြောဘဲ အနောက်က လိုက်သွားသည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...”
ဝမ်ဒီက ခေါင်းငြိမ့်ပြသော်လည်း မျက်နှာမှာတော့ သတ်ဖြတ်လိုစိတ်တွေ ပိုမို ပြင်းထန်လာသည်။ ကီးလ်တို့ ရထားထဲ ဝင်သွားသည်နှင့် သူ၏လူများကို အချက်ပြလိုက်သည်။ ဤမစ်ရှင်မှာ ချီလင်တင်မကဘဲ မီးလျှံစုန်းမကိုပါ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူတို့ သိသဖြင့် မည်သူမျှ မပေါ့ဆရဲကြပေ။
လမ်းခရီးတွင် ယု နှင့် ကီးလ်က ပထမဆုံး ရထားပေါ်တွင် လိုက်ပါပြီး၊ ဆေးလ်ဖ်ကတော့ လူမရှိခိုက်တွင် တစ်ခါတစ်ရံ ထွက်လာတတ်သည်။ အနောက်ရထားတွင်တော့ ဝမ်ဒီ၊ ရိုင်ယန်နှင့် ယုံကြည်ရသော လက်ရုံးနှစ်ဦး ပါလာကြသည်။ ထိုနှစ်ဦးမှာ ဂရင်း ဟုခေါ်သော ရေခဲမှော်ဆရာနှင့် တိုင်ယာ ဟုခေါ်သော မြေထုမှော်ပညာရှင် စစ်သည်တော်တို့ ဖြစ်သည်။
၎င်းတို့အပြင် ကျန်ရထား ၃ စီးတွင်လည်း ရေမှော်ဆရာများနှင့် လုပ်ကြံသတ်ဖြတ်သူများ ပါဝင်သည်။ ဝမ်ဒီသည် ဤတစ်ကြိမ်တွင် ကျောက်မျက်ရတနာနှင့် ချီလင်ကို ရရုံတင်မကဘဲ ယု နှင့် ကီးလ်ကိုပါ တစ်ခါတည်း အပြတ်ရှင်းပြီး အာစီမန်းစ်၏ အင်းအားကို ချိုးနှိမ်ရန် ကြံစည်ထားသည်။
“ရိုင်ယန်! ဆရာကြီး ဝေါ့ဒ် က ဘာပြောလဲ?”
ဝမ်ဒီက သားဖြစ်သူကို မေးလိုက်ရာ “ဆရာကြီး ဝေါ့ဒ်” ဟူသော အမည်ကြောင့် ဘေးရှိ လူများပင် ကြောက်ရွံ့သွားကြသည်။
“ဆရာကြီးက သူ ငါတို့နဲ့အတူ ရှိနေတာ ကြာပြီလို့ ပြောတယ်”
ရိုင်ယန်၏ စကားကြောင့် ဂရင်းနှင့် တိုင်ယာတို့ မျက်နှာများ ဖြူဖျော့သွားကြသည်။ အင်ပါယာ၏ ထိပ်တန်းမှော်ဆရာ ‘ဝေါ့ဒ် ဝေါ်ကာ’ သည် စကားကို အပိုမပြောတတ်ပေ။ သူ ရှိနေသည်ဆိုလျှင် ရှိနေမှာပင်။ သို့သော် လျင်မြန်စွာ မောင်းနှင်နေသော ဤရထားပေါ်တွင် သူ့ကို ဘယ်နေရာမှာမှ မတွေ့ရပေ။
ရိုင်ယန်ကတော့ ပြုံးနေမိသည်။ သူ၏ ဆရာသည် ဟင်းလင်းပြင် ကို လိုသလို ဖြတ်သန်းကာ ပုန်းခိုနိုင်သူ ဖြစ်သည်။ အကယ်၍ တိုက်ပွဲဖြစ်လာလျှင် အာစီမန်းစ်ကဲ့သို့ အဖိုးကြီးပင် သူ၏ဆရာကို ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် ဝမ်ဒီနှင့် ရိုင်ယန်တို့ အောင်ပွဲခံရန် စိတ်ကူးယဉ်နေစဉ်မှာပင်၊ သူတို့ လိုက်ပါလာသော ရထားကြီးမှာ ရုတ်တရက် ဘရိတ်အုပ်ကာ လမ်းဘေးတွင် ရပ်တန့်သွားသည်။
“ဘာဖြစ်တာလဲ? ဘာတွေ ဖြစ်နေတာလဲ?”
ဝမ်ဒီက ရထားတံခါးကို ဖွင့်ကာ အရှေ့သို့ လှမ်းကြည့်လိုက်သည်။ ကီးလ်နှင့် ယု တို့ စီးလာသော ရှေ့ဆုံးရထားမှာ အလယ်လမ်းမကြီးပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။
ဝမ်ဒီ စိုးရိမ်သွားကာ— ‘ငါ့အကြံအစည်ကို သူတို့ သိသွားပြီလား?’ ဟု တွေးလိုက်မိသည်။ အနောက်မှ လူများလည်း လက်နက်များကို ဆွဲထုတ်ကာ ရထားပေါ်မှ ခုန်ဆင်းလာကြသည်။
လူတိုင်း တင်းမာနေသော ထိုအခြေအနေတွင်.......ရထားတံခါး ဝုန်းကနဲ ပွင့်လာပြီး
ယု တစ်ယောက် အပြင်သို့ ပြေးထွက်လာကာ လမ်းဘေးချုံပုတ်ထဲသို့ အားပါးတရ လက်ထိုး အန် နေ လေတော့သည်။
“........................”