အခန်း (၇၄) - ကြက်သွေးရောင် မီးလျှံကျောက်
ထိုနေ့ မွန်းလွဲပိုင်းတစ်လျှောက်လုံးတွင် ယု သည် တံခါးပိတ်၍ ဝမ်ဒီကို ဆေးဖော်နည်းကို သေသေချာချာ သင်ကြားပေးခဲ့သည်။ ဝမ်ဒီသည် လူလတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်သော်လည်း ယခုမူ ယု ၏ရှေ့တွင် တပည့်တစ်ဦးကဲ့သို့ ရိုရိုသေသေဖြင့် သင်ယူနေတော့သည်။
ဘေးတွင်ထိုင်၍ ဝမ်ဒီပြင်ဆင်ပေးထားသော အကောင်းဆုံးလက်ဖက်ရည်ကို သောက်နေသည့် ကီးလ်ကတော့ စိတ်ထဲတွင် ခိုး၍ ရယ်နေမိသည်။ ‘ဒီတပည့်လေးသာ သူ့ရဲ့ ဆေးဖော်စပ်တဲ့ ဝီရိယ ထက်ဝက်လောက်ကို မှော်ပညာထဲမှာ ထည့်လိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ’ ဟု သူမ တွေးနေမိသည်။
မွန်းလွဲပိုင်းအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဝမ်ဒီသည် ဆေးဖော်နည်းကို သိသွားပြီဖြစ်သော်လည်း သူ၏ အရည်အချင်းမှာ အလွန်ညံ့ဖျင်းလှသေးသည်။ ဆယ်ကြိမ်ဖော်စပ်လျှင် နှစ်ကြိမ် သုံးကြိမ်ခန့်သာ အောင်မြင်သော်လည်း ၎င်းကိုပင် ဝမ်ဒီက ကျေနပ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ရန် ကုန်ကျစရိတ်မှာ အလွန်သက်သာပြီး နည်းလမ်းမှာလည်း ရိုးရှင်းသောကြောင့် အကြိမ်တစ်ရာ ရှုံးနိမ့်လျှင်ပင် သူ နှမြောမည်မဟုတ်ပေ။ အကယ်၍သာ ဤဆေးကို အမြောက်အမြား ထုတ်လုပ်ပြီး ရောင်းချနိုင်လျှင် သူပေးလိုက်ရသော ပိုင်ဆိုင်မှု ထက်ဝက်ကို ခြောက်လမပြည့်မီ ပြန်ရနိုင်မည့်အပြင် နောင်တွင် အမြတ်အစွန်းများစွာ ရလာဦးမည် ဖြစ်သည်။
ဤသို့တွေးမိသည်နှင့် ဝမ်ဒီမှာ စိတ်ထဲတွင် ကျေနပ်၍ မဆုံးတော့ပေ။ ယု ၏ ဆေးဖော်စပ်မှုမှာ အံ့မခန်း ဖြစ်သော်လည်း သူသည် အလွန်ပင် ရိုးအလှသည်ဟု ဝမ်ဒီ တွေးလိုက်မိသည်။ ဤမျှ အစွမ်းထက်သော ဆေးနည်းကို ဤမျှလောက်သော ငွေကြေးနှင့် ရောင်းလိုက်သည် မဟုတ်ပါလား။ သူသာဆိုလျှင် ဤဆေးနည်းကို ဘယ်သူ့ကိုမှ မသိအောင် လျှို့ဝှက်ထားပြီး ပိုက်ဆံများကို တစ်ဦးတည်း သိမ်းကျုံးယူပေလိမ့်မည်။ ဒါမှမဟုတ်လျှင်...
ဝမ်ဒီသည် တစ်ခုခုကို သတိရသွားသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဉ် ယု နှင့် ကီးလ်တို့သည် ပြန်ရန် ပြင်နေကြသည်ကို မြင်လိုက်ရသဖြင့် ဝမ်ဒီက လှမ်းခေါ်လိုက်သည် ။
“မိုးလည်း ချုပ်တော့မယ်။ ဒီညတော့ ကျွန်တော့်စံအိမ်မှာပဲ တည်းလိုက်ပါလား?”
ကီးလ်က သူမ၏ ဝတ်ရုံကို ဝတ်လိုက်ပြီး လက်ယမ်းပြကာ ငြင်းလိုက်သည် ။
“မလိုပါဘူး၊ မနက်ဖြန် မနက်စောစော ကျောင်းသွားရမှာမို့ ခင်ဗျားကို အနှောင့်အယှက် မပေးချင်တော့ဘူး”
“ဟုတ်တယ်၊ ကျောင်းမှာ ကျွန်တော့်ကို စောင့်နေတဲ့သူတွေ ရှိသေးလို့ ကျွန်တော်လည်း မနေတော့ဘူး”
ယု ကတော့ စိတ်ထဲတွင်— ‘ပိုက်ဆံလည်း ရပြီပဲ၊ ဒီမှာ ဘာ ဆက်လုပ်နေရမှာလဲ’ ဟု တွေးနေသည်။
“အဲ့လိုလား... ကျွန်တော်က ဒီည ခင်ဗျားတို့နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စလေး တစ်ခု ရှိနေလို့ပါ။ ဒါပေမဲ့ ခင်ဗျားတို့ ပြန်မယ်ဆိုရင်လည်း မပြောတော့ပါဘူး”
ဝမ်ဒီ၏ စကားကြောင့် ကီးလ်မှာ စိတ်ဝင်စားသွားရသည်။ ဝမ်ဒီသည် လူကောင်းတစ်ယောက် မဟုတ်သည်ကို သူမ သိသဖြင့် ပိုက်ဆံယူပြီးလျှင် ဝေးဝေးနေခြင်းက အကောင်းဆုံးပင်။ သို့သော် သူမ ဘာမှ မပြောရသေးခင်မှာပင် ဝမ်ဒီက ဆက်ပြောလိုက်သည် -
“မစ္စ ကီးလ်... ခင်ဗျား ကြက်သွေးရောင် မီးလျှံကျောက် အကြောင်းကို ကြားဖူးပါသလား?”
ထိုအမည်ကို ကြားလိုက်ရသည်နှင့် ကီးလ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။ ကြက်သွေးရောင် မီးလျှံကျောက် ဆိုသည်မှာ မီးဓာတ်မှော်ကျောက်တုံးများထဲတွင် အဆင့်အမြင့်ဆုံး ကျောက်တုံးဖြစ်သည်။ ၎င်းကျောက်တုံးများသည် မီးဓာတ်မှော်ဆရာတစ်ဦး၏ စွမ်းအားကို အဆမတန် မြှင့်တင်ပေးနိုင်ပြီး မီးလျှံဝိညာဉ်များကဲ့သို့ စွမ်းရည်များကို ရရှိစေနိုင်သည်ဟု ဒဏ္ဍာရီထဲတွင်သာ ကြားဖူးခဲ့သည်။ သို့သော် ထိုကျောက်တုံးမှာ ဒဏ္ဍာရီထဲတွင်သာ ရှိပြီး လက်တွေ့တွင် တစ်ခါမှ ပေါ်မလာဖူးပေ။
ကီးလ် စိတ်ဝင်စားသွားသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ဒီက ခပ်ပြုံးပြုံးဖြင့် ဆက်ပြောသည် ။
“အကယ်၍ မစ္စ ကီးလ်သာ စိတ်ဝင်စားမယ်ဆိုရင် အဲ့ဒီကျောက်တုံး ဘယ်မှာ ရှိတယ်ဆိုတဲ့ သတင်းအချက်အလက် ကျွန်တော့်မှာ ရှိတယ်။ ဒါက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်”
ဝမ်ဒီက ပြုံးလျက် နေရာရွှေ့ကာ ဆွေးနွေးရန် အချက်ပြလိုက်သည်။ ယု ကတော့ စိတ်မရှည် ဖြစ်လာသည်။ သူသည် အိုင်းရှာဆီသို့ အမြန်ပြန်ချင်နေပြီ မဟုတ်ပါလား။ သူသည် ကီးလ်၏ လက်ကို ဆွဲကာ အပြင်သို့ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည် ။
“စိတ်မဝင်စားဘူး၊ စိတ်မဝင်စားဘူး။ ကျောင်းမှာ ကျွန်တော်တို့ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်”
ယု အတွက်တော့ ကြက်သွေးရောင် မီးလျှံကျောက် ဆိုသည်မှာ ဒြပ်စင်ဝိညာဉ်တွေရဲ့ မျက်ရည်တွေသာ ဖြစ်သည်။ သူ့ရဲ့ ညီမဖြစ်သူဆီမှာ ဒါမျိုးတွေ ပုံလို့ မဟုတ်ပါလား။ ဒါကို ဘာလို့ စိတ်ဝင်စားနေရသနည်း။
သို့သော် မျှော်လင့်မထားဘဲ ကီးလ်က ယု ကို ပြန်ဆွဲထားလိုက်ပြီး နေရာမှာတင် အခိုင်အမာ ရပ်လိုက်ကာ ဝမ်ဒီကို စိုက်ကြည့်ရင်း မေးလိုက်သည် ။
“ဒါဆို... အဲ့ဒီသတင်းအတွက် ခင်ဗျားက ဘာကို ပြန်လိုချင်တာလဲ?”
ဤကဲ့သို့သော လျှို့ဝှက်ချက်ကို အလကား ပြောပြမည်မဟုတ်ဘဲ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေမည်ကို ကီးလ် သိသည်။ သို့သော် ဝမ်ဒီကတော့ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည် ။
“မစ္စ ကီးလ်... ခင်ဗျား အများကြီး တွေးနေပါပြီ။ ဒါကို နောက်မှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့”
ထိုသို့ပြောပြီး ဝမ်ဒီသည် တံခါးဆီသို့ ဦးဆောင်ကာ ထွက်သွားတော့သည်။ ကီးလ်သည်လည်း မလိုက်ချင်ဘဲ ဖြစ်နေသော ယု ကို အတင်းဆွဲကာ ဝမ်ဒီ၏ အနောက်မှ လိုက်ပါသွားတော့သည်။