အခန်း (၇၃) - တုနှိုင်းမဲ့ နတ်ဆေးဝါး
ဝမ်ဒီ၏ စကားကြောင့် ရင်ပြင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ဆေး၀ါး ဆရာကြီး မက်ဒ်ဆင်နှင့် အာစီမန်းစ်တို့ပင် မှင်သက်သွားကြပြီး၊ ဝမ်ဒီ၏ ဘေးတွင် ရပ်နေသော ကီးလ်မှာလည်း ဆွံ့အလျက် ရှိနေသည်။ ဝမ်ဒီ၏ ပိုင်ဆိုင်မှု ထက်ဝက်ဆိုသည်မှာ သန်းပေါင်း မည်မျှ ရှိမည်နည်း?
“အဖေ! ရူးသွားပြီလား?!”
ရိုင်ယန်သည် သူ၏ဖခင် လုပ်ရပ်ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိတော့ပေ။ မိသားစု ပိုင်ဆိုင်မှု ထက်ဝက်ကို ပေးပြီး ဒီကောင်လေးဆီက ဆေးနည်းကို ဝယ်ရမည်ဟု သူ လုံးဝ လက်မခံနိုင်ပေ။
“ပါးစပ်ပိတ်ထား! ဒါ မင်းဝင်ပြောရမယ့် နေရာမဟုတ်ဘူး”
လူတိုင်း အံ့ဩသွားရသည်မှာ ဝမ်ဒီသည် သူ၏သားဖြစ်သူကို လူပုံအလယ်တွင် ပြန်လည် အော်ဟစ်ငေါက်ငမ်းလိုက်ခြင်း ဖြစ်သည်။ ဝမ်ဒီသည် အစောက မာနကြီးမှုများ လုံးဝ ပျောက်ကွယ်သွားပြီး၊ ယု ကို ဆရာတစ်ဦးအား တပည့်တစ်ဦးက ကြည့်သကဲ့သို့ အလွန် လေးစားသော အကြည့်ဖြင့် ကြည့်လိုက်ကာ -
“မစ္စတာ ယု ... ကျွန်တော့်ရဲ့ အစောက မိုက်မဲတဲ့ အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါ။ အတိတ်က အမှားတွေကို မေ့လိုက်ပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ကျွန်တော်ကတော့ ခင်ဗျားရဲ့ အမှားကို စိတ်ထဲမထားပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ စေ့စပ်ထားသူကရော ခွင့်လွှတ်ရဲ့လားဆိုတာ သူမကိုပဲ မေးကြည့်ပါဦး”
ယု က ပြောရင်း ကီးလ်ကို လှည့်ကြည့်ကာ လျှာလေးထုတ်ပြပြီး နောက်လိုက်သည်။ သို့သော် ၎င်းကို ကီးလ်တစ်ဦးတည်းသာ မြင်လိုက်ရသည်။
ကီးလ်သည် အစကတော့ ဤတပည့်လေးကို ဆွဲလိမ်ပစ်ချင်သော်လည်း၊ ယု ၏ စေ့စပ်ထားသူအဖြစ် ဟန်ဆောင်နေခြင်းက နောက်နောင် လာမည့် နှောင့်ယှက်မှုများကို တားဆီးနိုင်မည်ဟု တွေးလိုက်သည်။ ထို့အပြင် တစ်ဖက်မှ ဂုဏ်သရေရှိ မိသားစုက ယု ကို သူတို့ ပိုင်ဆိုင်မှု ထက်ဝက် ပေးတော့မည် မဟုတ်ပါလား။
သူမကိုယ်တိုင်လည်း မကြာသေးမီက ငွေကြေး အခက်အခဲ ရှိနေသလို၊ ယု ကဲ့သို့ ပိုက်ဆံဖြုန်းတတ်သော တပည့်မျိုးကို ထိန်းကျောင်းရန် ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင် အလွန် နစ်နာသွားပေလိမ့်မည်။
“ကျွန်မကတော့ စိတ်မရှိပါဘူး”
ဝမ်ဒီ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ရှိနေသည်ကို မြင်ရသဖြင့် ကီးလ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ ထိုအခါမှ ဝမ်ဒီ၏ မျက်နှာမှာ ဝင်းပသွားပြီး ယု ကို ထပ်မံ မေးမြန်းတော့သည် -
“ဒါဆို... ဒီဆေးနည်းကို ကျွန်တော့်ကို ရောင်းမှာလား?”
ယု က ကီးလ်ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ဦးသား ခေါင်းငြိမ့်ပြလိုက်ကြကာ ပြိုင်တူ ဖြေလိုက်ကြသည် ။
“ရောင်းမယ်!”
ဝမ်ဒီမှာ အလွန်ဝမ်းသာသွားပြီး ယု ၏ ပုခုံးကို ပုတ်ကာ “လူငယ်လေးက တကယ်ကို အလားအလာ ရှိတာပဲ!” ဟု တဖွဖွ ချီးကျူးတော့သည်။
ရောက်ရှိနေသူများမှာမူ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။ ကာပယ်လာ မိသားစုမှ ဝမ်ဒီကို မိသားစု ပိုင်ဆိုင်မှု ထက်ဝက်အထိ ပေးလျော်စေလောက်အောင် ဤဆေးရည်က ဘာများ ထူးခြားနေသနည်း?
“ဒါက စိတ်ကို ထိန်းချုပ်တဲ့ ဆေးလား? မင်း ငါ့အဖေကို ဆေးတိုက်ပြီး ငါတို့ ပိုက်ဆံတွေကို လိမ်ယူဖို့ ကြိုးစားနေတာလား!”
ရိုင်ယန်သည် သူ၏ဖခင် ပုံမှန်မဟုတ်သည်ကို မြင်ရသဖြင့် ယု က တစ်ခုခု လုပ်ထားသည်ဟု ထင်ကာ ဓားကို ဆွဲထုတ်ပြီး ယု ကို ချိန်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကီးလ်ပင် တားစရာ မလိုလိုက်ဘဲ ဝမ်ဒီကိုယ်တိုင်က သူ့သားကို တားလိုက်လေသည်။
“မင်း ရူးနေတာလား! မင်း သောင်းကျန်းရမယ့် နေရာမဟုတ်ဘူး! ဓားကို ချက်ချင်းပြန်သိမ်းပြီး မစ္စတာ ယု ကို တောင်းပန်စမ်း!”
ဝမ်ဒီသည် သူ့သားကို ဆွဲခေါ်လာပြီး ယု ကို အတင်းအကျပ် ပြုံးပြကာ တောင်းပန် စေသည်။
“အဖေ... ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြပါဦး? ဘာလို့ ဒီလိုလူမျိုးကို တောင်းပန်ပြီး မိသားစု ပိုင်ဆိုင်မှုတွေကို ပေးနေရတာလဲ?”
ရိုင်ယန်မှာ ရူးမတတ် ဖြစ်နေရသည်။
“မင်းကတော့ တကယ်ပဲ... ငါ့ကို ဒီဆေးရဲ့ အမှန်တရားကို လူပုံအလယ်မှာ ပြောခိုင်းနေတာလား?”
ဝမ်ဒီသည်လည်း စိတ်မရှည်ဖြစ်လာသည်။ သူ့သား၏ စရိုက်အရ ယနေ့ ရှင်းရှင်းလင်းလင်း မသိရလျှင် သေသည်အထိ ပြဿနာရှာနေမည်ကို သူ သိသည်။
“ဟုတ်တယ်! ရှင်းရှင်းလင်းလင်း သိမှ ဖြစ်မယ်! မဟုတ်ရင် ကျွန်တော် ဒါကို လုံးဝ လက်မခံနိုင်ဘူး”
“ကောင်းပြီ... ဒါဆို ငါ အခု ပြောပြမယ်”
ဝမ်ဒီသည် လက်တစ်ဖက်ကို မြှောက်ကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ၊ ခဏချင်းမှာပင် မြေထုဖြင့် ပြုလုပ်ထားသော ဒိုင်းကာတစ်ခု ဝမ်ဒီ၏ ရှေ့တွင် ပေါ်လာသည်။၎င်းမှာ အလတ်တန်းစား မှော်အတတ်ဖြစ်သော “မြေကမ္ဘာ ဒိုင်းကာ” ပင် ဖြစ်သည်။
“ဒါ... ဒါက ဘာကို ဆိုလိုတာလဲ?”
“ဒီမှော်ပညာက ဆေးရည်နဲ့ ဘာဆိုင်လို့လဲ?”
လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာ ရိုင်ယန်ကတော့ သူ၏ဖခင်ကို ပါးစပ်အဟောင်းသားနှင့် အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။
‘၇ စက္ကန့်? အဖေ့ရဲ့ “မြေကမ္ဘာ ဒိုင်းကာ” က စက္ကန့်ပိုင်းအတွင်းမှာတင် ပြီးသွားတာလား?’
ရိုင်ယန်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့ဖခင်ကို ကြည့်လိုက်သည်။ ဝမ်ဒီက ခေါင်းငြိမ့်ပြကာ ယု ကိုသာ ကိုယ်တိုင် မေးကြည့်ရန် အချက်ပြလိုက်သည်။
ဝမ်ဒီသည် ထူးချွန်သော မှော်ဆရာ မဟုတ်ပေ။ အစကဆိုလျှင် ဤမှော်အတတ်ကို အသုံးပြုရန် ၁၀ စက္ကန့်ခန့် ကြာမြင့်သော်လည်း ယခုမူ ၃ စက္ကန့်မျှ ပိုမြန်သွားခြင်း ဖြစ်သည်။ စစ်မြေပြင်တွင် ၁ စက္ကန့်ဆိုသည်မှာ လူတစ်ယောက်၏ အသက်ရှင်ခြင်းနှင့် သေခြင်းကို ဆုံးဖြတ်နိုင်သည့် အချိန်ဖြစ်သည် မဟုတ်ပါလား။
ထိုစဉ် ယု က ရှေ့သို့ လှမ်းထွက်လာပြီး ရိုင်ယန်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည် ။
“ငါ့ရဲ့ ဆေးရည်က မှော်ကျောက်တုံးထဲမှာ ရှိတဲ့ ဒြပ်စင်တွေကို ဆေးရည်ထဲမှာ ပျော်ဝင်သွားစေနိုင်တယ်။ တစ်နည်းအားဖြင့် မင်း ဒီဆေးကို သောက်လိုက်တာနဲ့ မှော်ကျောက်တုံးရဲ့ စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို စုပ်ယူသွားပြီး သွေးသားထဲမှာ ပျော်ဝင်သွားလိမ့်မယ်။ အဲ့ဒီနောက်မှာ မှော်ကျောက်တုံးကို သုံးမထားရင်တောင် အဲ့ဒီ စွမ်းအင်ကို သုံးနိုင်သွားလိမ့်မယ်။ ဒါက ခန္ဓာကိုယ်အတွက် အမြဲတမ်း အာနိသင် ရှိသွားတာဖြစ်သလို၊ နောက်ပိုင်း ဝတ်ဆင်မယ့် မှော်ကျောက်တုံးတွေနဲ့လည်း ပဋိပက္ခ မဖြစ်စေဘူး”
ဝမ်ဒီက ထိုစကားကို ကြားပြီး ခေါင်းကို တဖွဖွ ငြိမ့်နေသော်လည်း၊ ဆရာကြီး မက်ဒ်ဆင်တို့မှာမူ မနေနိုင်တော့ပေ။ မက်ဒ်ဆင်သည် စားပွဲပေါ်မှ ခွက်ကို ဆွဲယူကာ ကျန်ရှိနေသော ဆေးရည်အနည်းငယ်ကို လက်ဖြင့်တို့၍ မြည်းစမ်းကြည့်လိုက်သည်။
ခဏချင်းမှာပင် မက်ဒ်ဆင်သည် နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး တီးတိုး ရေရွတ်နေတော့သည် -
“ဒါမျိုး... ဒီလို ဆေးမျိုး ရှိနိုင်တာလား...”
သို့သော် ဝမ်ဒီကတော့ သူတို့ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် ယု ၏ ပုခုံးကို ဖက်ကာ မျက်နှာတစ်ခုလုံး ပြုံးဖြဲလျက် သူ၏ စံအိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ ကီးလ်နှင့် ဆေးလ်ဖ် တို့လည်း အနောက်မှ အမြန် လိုက်သွားကြသည်။ ရင်ပြင်တွင်တော့ ကျန်ရှိနေသော ဆေးရည်ကို လေ့လာနေသူများနှင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်ကျန်ခဲ့သော ရိုင်ယန်တို့သာ ကျန်ရစ်တော့သည်။
ဝမ်ဒီသည် ယု နှင့် ကီးလ်တို့ကို အထူးဧည့်ခန်းတွင် ဧည့်ခံကာ အကောင်းဆုံး လက်ဖက်ရည်ကို တိုက်ကျွေးသည်။ ထိုစဉ် ဆေးလ်ဖ်သည် သူရှိနေခြင်းက စကားပြောရာတွင် အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် ဓားအဖြစ်သို့ ပြန်လည် ပြောင်းလဲကာ ကီးလ်၏ ဝတ်ရုံအောက်တွင် ၀င်နေလိုက်သည်။
ထို့နောက် ဝမ်ဒီသည် အဆင့် B ကျောက်မျက်များ စီခြယ်ထားသော “ဟင်းလင်းပြင် လက်စွပ်” သုံးကွင်းကို ထုတ်လိုက်သည်။ ၎င်းတို့သည် ယု ယခင်က ပိုင်ဆိုင်ခဲ့သော အဆင့်မြင့်လက်စွပ်နှင့် မယှဉ်နိုင်သော်လည်း ပိုက်ဆံ အမြောက်အမြား ထည့်ရန်အတွက်တော့ လုံလောက်လှသည်။
“မစ္စတာ ယု ၊ မစ္စ ကီးလ်... ကျွန်တော် အစေခံတွေကို ခိုင်းပြီး မိသားစုရဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှု ထက်ဝက်ကို ဒီထဲမှာ ထည့်ထားပေးပါတယ်။ ကိုယ်တိုင် စစ်ဆေးကြည့်ချင်ပါသလား?”
ဝမ်ဒီသည် ယု ငြင်းပယ်မည်ကို စိုးရိမ်သကဲ့သို့ လက်စွပ်သုံးကွင်းကို ကိုယ်တိုင်ပင် ကမ်းပေးလိုက်သည်။
“စစ်နေဖို့ မလိုပါဘူး၊ ဒီလောက်အများကြီးကို စစ်နေရင် အချိန်ကုန်မှာပေါ့”
ယု က ပြောပြောဆိုဆိုနှင့် လက်စွပ်သုံးကွင်းကို ယူကာ ကီးလ်ကို ပေးလိုက်သည်။
“မစ္စတာ ယု က သူ့ရဲ့ စေ့စပ်ထားသူကို တကယ်ပဲ အလိုလိုက်တာပဲ”
ယု က ပိုက်ဆံအားလုံးကို ကီးလ်အား ပေးလိုက်သည်ကို မြင်ရသည့်အခါ ဝမ်ဒီက ချက်ချင်းပင် မြှောက်ပြောလိုက်သည်။ ကီးလ်မှာတော့ ရှက်သွေးဖြာလျက် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
သို့သော် ဝမ်ဒီ၏ အမြင်တွင်မူ ၎င်းမှာ အလွန်ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်သည်။ မီးလျှံစုန်းမကို အရှက်သည်းသွားအောင် လုပ်နိုင်သူမှာ သူမ၏ စေ့စပ်ထားသူမှလွဲ၍ မည်သူ ရှိနိုင်ပါမည်နည်း။ ၎င်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သူ ယုံကြည်သွားတော့သည်။
“ကီးလ်က ကျွန်တော့်ရဲ့ ဆရာဆိုတော့ ပိုက်ဆံတွေကို သူမကို ပေးရမှာပေါ့။ ဒီနေ့ ညနေတော့ ကျွန်တော် ဒီမှာ ခဏနေပြီး ဆေးဖော်စပ်နည်းကို သေသေချာချာ သင်ပေးခဲ့ပါ့မယ်”
ယု သည် စကားတည်သူ ဖြစ်သည်။ ပိုက်ဆံ ယူပြီးပြီဖြစ်သဖြင့် သူ့အလုပ်ကို သူ သေသေချာချာ လုပ်ပေးမည် ဖြစ်သည်။ သူသည် ဆေးနည်းကို ပေးလိုက်ရမှာကို မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ယု ၏ ခေါင်းထဲတွင် ဆန်းကြယ်လှသော ဆေးနည်းပေါင်း များစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။
ဤဆေးနည်း တစ်ခုတည်းနှင့်ပင် ဝမ်ဒီကို ပိုင်ဆိုင်မှု ထက်ဝက် ပေးစေနိုင်လျှင်၊ အခြားဆေးနည်းများကိုသာ ဖော်စပ်နိုင်ပါက သူသည် အင်ပါယာ တစ်ခုလုံးကိုပင် ဝယ်ယူနိုင်ပေလိမ့်မည်။ ဤသို့တွေးမိသည်နှင့် ယု ၏ ဘဝမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော် ယု နှင့် ကီးလ်တို့ စိတ်လှုပ်ရှားနေကြစဉ်မှာ၊ ရင်ပြင်တွင် အလေးအနက်ထားသော အမူအရာနှင့် မျက်ခုံးများ တွန့်ချိုးကာ ရပ်နေသော အာစီမန်းစ်ကိုတော့ မည်သူမှ သတိမထားမိလိုက်ကြပေ။