အခန်း (၇၁) - ထူးခြားသော လုပ်ဆောင်ချက်
ယု ၏ အော်သံက တစ်ခန်းလုံးရှိ လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
"ဟက်... ကြားလိုက်ကြလား? သူလည်း အဲ့ဒီဆေးကို လုပ်နိုင်တယ်တဲ့??"
"ရူးသွားပြီလားမသိဘူး! ကီးလ်ကတော့ အရူးတစ်ယောက်နဲ့ စေ့စပ်လိုက်တာ ထင်တယ်"
"ကီးလ်ကိုယ်တိုင်လည်း ရူးသွားပြီ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် သုံးနှစ်လုံးလုံး ဘာရလဒ်မှ မထွက်လာတော့ စိတ်မရှည်ဖြစ်နေတာ နေမှာပေါ့"
လူတိုင်းက တစ်ယောက်တစ်မျိုး ဝေဖန်နေကြသဖြင့် ကီးလ်၏ မျက်နှာမှာ ဒေါသကြောင့် အရောင်ပြောင်းနေသည်။ ထိုစဉ် ဆေးခွက်ကို ကိုင်ထားသော အသက်ကြီးပြီး လေးစားအပ်သည့် ပညာရှင်ကြီးတစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ယု ကို ပြောလိုက်သည် -
"လူငယ်လေး... မင်း ပြောတာက ရယ်စရာကြီးပဲ။ အခြေခံမှော်ပညာတောင် မတတ်တဲ့သူက ဆေးရည်တွေကို ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ? ဆေးဝါးဗေဒ ဆိုတာ မှော်ဒြပ်စင် အင်အားစုတွေကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ အမှားအယွင်း အနည်းငယ်လေးကတောင် ပြုပြင်လို့မရတဲ့ ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်"
ထိုသို့ပြောရင်း အဘိုးအိုသည် သူ၏လက်ထဲက ဆေးခွက်ကို မြှောက်ကာ ယု ကို ပညာပေးသည့်အနေဖြင့် ဆေး၏ အဆင့်ဆင့်ကို ရှင်းပြတော့သည် ။
"ဥပမာ ရိုင်ယန်ရဲ့ ဒီစိတ်စွမ်းအားဖြည့်ဆေးကို ကြည့်ပါ။ အပြင်ပန်းမှာ ဘာမှော်အရှိန်အဝါမှ မရှိသလို ထင်ရပေမဲ့ တကယ်တော့ သူ့ထဲမှာ ရေဒြပ်စင်နဲ့ အလင်းဒြပ်စင် မှော်အင်အားတွေ အများကြီး ပါဝင်တယ်။ ရေဒြပ်စင်က ဆေးဖက်ဝင် ပစ္စည်းတွေကို အပြည့်အဝ စုပ်ယူပြီး အလင်းဒြပ်စင်နဲ့ သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း ရောစပ်လိုက်မှ ဒီဆေးရည် ထွက်လာတာ"
အဘိုးအိုသည် ရှင်းပြပြီးနောက် ဆေးခွက်ကို ယု အား ကမ်းပေးလိုက်သည်။ ပါရမီရှင်တစ်ယောက်၏ လက်ရာက မည်သို့ရှိကြောင်း ယု ကို ကိုယ်တိုင် မြင်တွေ့စေချင်ခြင်း ဖြစ်သည်။ ရိုင်ယန်၏ ထူးခြားသော အရည်အချင်းမှာ မည်သူမျှ အလွယ်တကူ မလိုက်နိုင်သော အရာဖြစ်သည်။
သို့သော် ယု က ထိုဆေးကို ယူကာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ခြေထောက်နားသို့ ပစ်ချလိုက်ကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည် ။
"ဒီဆေးမျိုးကို ငါလည်း လုပ်နိုင်တယ်၊ ပြီးတော့ သူ့ထက်တောင် ပိုကောင်းအောင် လုပ်ပြနိုင်သေးတယ်"
အကယ်၍ သူတို့က ယု ကိုပဲ စော်ကားမည်ဆိုလျှင် ယု က ဤမျှအထိ တုံ့ပြန်မည် မဟုတ်ပေ။ လူတွေက သူတို့ ကြိုက်သလို ပြောနိုင်သည် မဟုတ်ပါလား။ သို့သော် ကီးလ်ကိုပါ ဆွဲထည့်ပြီး စော်ကားလာသည့် အခါတွင်မူ အခြေအနေက တစ်မျိုး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယု ၏ လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာမှာ ချက်ချင်း ပျက်သွားကြသည်။ ဤအဘိုးအိုမှာ မည်သူဖြစ်ကြောင်း သူတို့ သိကြသည် မဟုတ်ပါလား။
မှော်ပညာတွင် အာစီမန်းစ်က နံပါတ်တစ် ဖြစ်နိုင်သော်လည်း၊ ဆေးဝါးဗေဒ နယ်ပယ်တွင်မူ ဤအဘိုးအိုမှာ အငြင်းပွားဖွယ်မရှိသော ထိပ်တန်း ဆရာကြီးတစ်ဦး ဖြစ်သည်။ အာစီမန်းစ်ပင်လျှင် သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောရဲပေ။ သူသည် အင်ပါယာ၏ လက်ရှိ ဆေးဝါးဗေဒ အရှင်သခင်ကြီး မက်ဒ်ဆင် ပင် ဖြစ်သည်။
"ဟင်း... မင်းက ငယ်သေးတာမို့လို့ နောင်အနှစ် ၂၀ ကြာရင် ရိုင်ယန်လို အောင်မြင်လာပါစေဆိုတဲ့ စေတနာနဲ့ ငါက လာသတိပေးတာ။ ဒါမှလည်း ကီးလ်ရဲ့ ပေးဆပ်မှုတွေက အချည်းနှီး မဖြစ်မှာလေ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ စေတနာကို နားမလည်တဲ့အပြင် ပိုပြီးတော့တောင် ထောင်လွှားလာသေးတယ်။ ကီးလ်... ဒီတစ်ခါတော့ နင် လူရွေးမှားသွားပြီ ထင်တယ်"
အဘိုးအိုသည် သူ၏ ဝတ်ရုံစကို ခါလိုက်ပြီး ယု ကဲ့သို့ ခေါင်းမာသော လူငယ်ကို လျစ်လျူရှုကာ လူအုပ်ထဲသို့ ပြန်ဝင်သွားတော့သည်။
"လူရွေးမှားသလား၊ မှန်သလားဆိုတာ ကျွန်တော် လုပ်ပြပြီးရင် ခင်ဗျားတို့ သိမှာပါ။ ဒီဆေးရဲ့ ပါဝင်ပစ္စည်းတွေက ဆေးဖက်ဝင်အပင်တွေ၊ လင်းလက်ကျောက်မှုန့်၊ နဂါးနဲ့ မြွေအကြေးခွံတွေ၊ ရှားပါးတဲ့ဆေးမြစ်တစ်မျိုး နဲ့ ရေခဲပြင်အောက်က သန့်စင်တဲ့ရေတွေ မဟုတ်လား?"
ယု က ဆေး၏ ပါဝင်ပစ္စည်းများကို ရွတ်ပြလိုက်သည့်အခါ လူတိုင်းမှာ ဆွံ့အသွားကြသည်။ ဆေးဖော်စပ်နည်း လျှို့ဝှက်ချက်များကို အထူးသဖြင့် အသစ်တီထွင်ထားသော ဆေးများကို မည်သူမှ အလွယ်တကူ မပြောပြကြပေ။ သို့သော် ယု က တစ်ချက်ကြည့်ရုံဖြင့် ပါဝင်ပစ္စည်းများကို မှန်အောင် ပြောနိုင်ခဲ့သည်။ သူက တကယ်ပဲ ဆရာကြီးတစ်ယောက်လား?
မက်ဒ်ဆင် နှင့် ရိုင်ယန်တို့၏ အံ့ဩသွားသော မျက်နှာပေးများကို မြင်လိုက်ရသည့်အခါ မည်သူမျှ သံသယ မရှိတော့ပေ။ သို့သော် ရိုင်ယန်ကတော့ လွယ်လွယ်နှင့် အရှုံးမပေးချင်ပေ။ ပါဝင်ပစ္စည်း သိရုံနှင့် ဖော်စပ်နိုင်ခြင်းမှာ တခြားစီ ဖြစ်သည် မဟုတ်ပါလား။ ရိုင်ယန်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည် ။
"ဟုတ်တယ်၊ မင်းပြောတာတွေ အကုန်မှန်တယ်။ ဒါပေမဲ့ မင်း တကယ်ပဲ ဖော်စပ်နိုင်မှာလား?"
"အင်း... အခုချက်ချင်းတောင် လုပ်ပြနိုင်တယ်" ယု က ချက်ချင်း ပြန်ဖြေသည်။
"မင်းမှာ ဒီဆေးဖက်ဝင် အပင်တွေ ပါလာလို့လား? ငါ ဒီဆေးတစ်ပုလင်း ဖော်ဖို့ တစ်လတောင် ကြာခဲ့တာ။ အပင်တွေလည်း ကုန်သလောက် ရှိနေပြီ၊ နောက်ထပ် ရှာဖို့ဆိုရင် အနည်းဆုံး တစ်ပတ်လောက် ကြာဦးမှာ။ ငါ မင်းကို စောင့်နေဖို့ အချိန်မရှိဘူး"
ရိုင်ယန်က စိတ်ထဲတွင်— 'နောက်တစ်လကြာရင် ဘယ်သူက မှတ်မိတော့မှာလဲ? မင်း ဒီနေ့ မလုပ်ပြနိုင်ရင် အရှက်ကွဲမှာပဲ။ နောင်ကျရင် လူတွေက— ကီးလ်ဟာ ရွှေတောင်ကြီးကို စွန့်ပြီး အမှိုက်ပုံကြီးကို သွားရှာခဲ့တယ်လို့ပဲ မှတ်မိနေကြမှာ။ အာစီမန်းစ်လည်း တခြားလူတွေရှေ့မှာ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး' ဟု တွေးကာ ကျေနပ်နေသည်။
ရိုင်ယန် ကျေနပ်နေစဉ်မှာပင် ယု က ကီးလ်၏ နားနားသို့ ကပ်ကာ တစ်ခုခု ပြောလိုက်သည်။ ကီးလ်သည် ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဘာမှ ပြန်မမေးဘဲ လှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ယု သည် သူ၏ အင်္ကျီလက်ကို လိပ်လိုက်ပြီး ဆေးပုလင်းများ တင်ထားသော စားပွဲဆီသို့ လျှောက်သွားကာ စားပွဲပေါ်ရှိ အရာအားလုံးကို မြေပြင်ပေါ်သို့ ဆွဲချလိုက်လေသည်။
"မင်း... ငါ့ရဲ့ ဆေးတွေကို ဖျက်ဆီးရဲတယ်ပေါ့!"
ရိုင်ယန်က သူ၏ ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း သူ၏ဖခင်က တားလိုက်သည်။
ဝမ်ဒီက ယု ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည် ။
"မင်းက အာစီမန်းစ်ရဲ့ လူဖြစ်နေလို့သာ ငါ သည်းခံနေတာ၊ မင်းရဲ့ ဒီနေ့ လုပ်ရပ်တွေက ငါတို့ ကာပယ်လာ မိသားစုကို မလေးစားတာပဲ"
သို့သော် ယု က ထိုလူကြီးကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည် ။
"ခင်ဗျားတို့ လုပ်ထားတဲ့ ဆေးတွေက အမှိုက်တွေပဲ၊ အဲ့ဒါကြောင့် ကျွန်တော် ဂရုမစိုက်တာ။ ခင်ဗျားတို့က ရှားပါး ဆေးဖက်ဝင် အပင်တွေကို အလဟဿ ဖြုန်းတီးနေတာ။ ကျွန်တော်သာဆိုရင် ဒီအပင်တွေနဲ့ တစ်ရက်တည်းမှာ အဲ့ဒီဆေးမျိုး ပုလင်းပေါင်း ၁၀ လုံးလောက် လုပ်ပြနိုင်တယ်"
ထိုစကားကို ကြားသည့်အခါ ဝမ်ဒီမှာ ဒေါသအလွန်ထွက်သွားပြီး စားပွဲကို လက်သီးဖြင့် ထုကာ အော်လိုက်သည် ။
"ကောင်းပြီ! ၁၀ လုံးတောင် မလိုဘူး! တစ်လုံးတည်း လုပ်ပြနိုင်ရင်တောင် ငါတို့ ကာပယ်လာ မိသားစုက မင်းကို အသိအမှတ်ပြုပေးမယ်!"
ယု က ဘာမှ ပြန်မပြောဘဲ ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့— 'ခင်ဗျားတို့ရဲ့ အသိအမှတ်ပြုမှုက ဘာလုပ်ဖို့လဲ? ငါ့ရဲ့ အစီအစဉ်ကြီးက အခုမှ စမှာ' ဟု တွေးနေသည်။
လူတိုင်းက ပွဲကောင်းကြည့်ရန် အဆင်သင့် ဖြစ်နေကြသည်။ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော အာစီမန်းစ် တစ်ဦးတည်းသာ ကီးလ်၏ တပည့်အပေါ် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိနေပုံရသည်။
ခဏအကြာတွင် ကီးလ်သည် အစေခံများနှင့်အတူ မီးဖိုကြီး တစ်လုံးနှင့် အိုးကြီး တစ်လုံးကို သယ်ဆောင်ကာ ပြန်ဝင်လာသည်။ သူတို့နောက်တွင် ဓား၊ စင်းနှိီတုံးနှင့် ဟင်းချက်ရာတွင် သုံးသော ပစ္စည်းအချို့လည်း ပါလာသည်။ လူတိုင်းက ဒါတွေက ဘာလုပ်ဖို့လဲဟု ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကီးလ်က လိုအပ်သော ပါဝင်ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်သည်။
နံနံပင်၊ မုန်လာဥ၊ ခုနစ်ရွက်ပန်း နှင့် အခြားသော သာမန်ဆေးဖက်ဝင် အပင်များ...။
စျေးထဲတွင် အလွယ်တကူ ဝယ်ယူနိုင်သော ဟင်းသီးဟင်းရွက်များအပြင် စားပွဲပေါ်တွင် အဖိုးမတန်လှသော အပင်အချို့သာ ရှိသည်။ အဖိုးအတန်ဆုံးဆို၍ "နဂါးအကြေးခွံမြက်" တစ်ခုသာ ပါသည်။ သို့သော် ၎င်းမှာ မြက်ပင်သာဖြစ်ပြီး အစောက ရိုင်ယန်သုံးခဲ့သော တကယ့် နဂါးအကြေးခွံများကဲ့သို့ တန်ဖိုးမကြီးပေ။
"ဟဲဟဲ... မီးဖိုတွေ၊ အိုးတွေလည်း အသင့်ပဲ၊ စျေးထဲက ပစ္စည်းတွေလည်း အစုံပါပဲလား။ ငါတို့ကို ဟင်းချက်ကျွေးမလို့လား?"
ဝမ်ဒီက လှောင်ပြောင်သရော်လိုက်သည်။ အာစီမန်းစ်နှင့် ကီးလ်တို့ကတော့ ဒီနေ့ အရှက်ကွဲတော့မည်ဟု သူ ထင်နေသည်။
ရောက်ရှိနေသော သူအားလုံးကလည်း ထိုအတိုင်းပင် ထင်ကြသော်လည်း ယု ၏ ပြန်ပြောလိုက်သော စကားက သူတို့ကို အံ့အားသင့်စေသည် ။
"အတိအကျပဲ!"
ယု က ပြောပြီးသည်နှင့် တစ်ပြိုင်နက် ခါးစည်းကို ဝတ်လိုက်ပြီး စတင်လိုက်တော့သည်။ အရွက်များကို ဆေးကြောခြင်း၊ အညှာများ ဖယ်ရှားခြင်း၊ အခွံနွှာခြင်း၊ အမျှင်လေးများ လှီးဖြတ်ခြင်း... ထို့နောက် မီးမွှေးကာ ဆီသတ်ပြီး ဟင်းချက်ဆရာကြီးတစ်ဦးအလား အလုပ်ရှုပ်နေတော့သည်။
လူတိုင်းက အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်— "ဒါက တကယ်ပဲ ဟင်းချက်နေတာလား?"
သို့သော် ယု ၏ လုပ်ဆောင်ချက်များအပြင် လူတိုင်းကို ဇဝေဇဝါ ဖြစ်စေသည်မှာ ထိုအိုး၏ ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ထိုအိုးနှင့် မီးဖိုမှာ သူတို့နှင့် အလွန် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။
သူတို့ စဉ်းစားမရခင်မှာပင် ယု က အိုးအဖုံးကို အုပ်လိုက်ပြီး မီးကို ပိတ်လိုက်သည်။
ယု သည် သူ၏ မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ ကိန်းဂဏန်းများကို ရေတွက်နေသကဲ့သို့ စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်နေသည်။
လူတိုင်းက ဝေဖန်ရန် ပြင်လိုက်စဉ်မှာပင် ယု က အိုးအဖုံးကို ဖွင့်လိုက်ရာ— ချက်ချင်းပင် ရွှေရောင်အလင်းတန်းများ အရပ်ရပ်သို့ ဖြာထွက်သွားပြီး မွှေးပျံ့လှသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။ လူတိုင်း၏ ပါးစပ်ထဲတွင် တံတွေးများ ထိန်းမရအောင် ထွက်လာကြတော့သည်။
ထိုစဉ် ဆေးဝါးဗေဒ ဆရာကြီး မက်ဒ်ဆင်သည် အိုးနားသို့ လျှောက်သွားကာ အတွင်းထဲကို ကြည့်လိုက်သည်။ သူ မြင်လိုက်ရသော အရာကြောင့် မက်ဒ်ဆင်မှာ အံ့ဩလွန်း၍ မေးဖျားပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။
ဘေးကလူများလည်း တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်သဖြင့် ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ ထို့နောက် ယု က အိုးကြီးကို ဇကာစစ် ပေါ်သို့ လောင်းချပြီး ဆေးရည်ကို စစ်လိုက်သည်။
ဆေးရည်များမှာ ဇကာစစ် မှတစ်ဆင့် ခွက်ထဲသို့ ကျဆင်းသွားသည်။ ထိုအပြာရောင် ဆေးရည်မှာ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး— ၎င်းမှာ ရိုင်ယန် စောစောက ပြသခဲ့သော ဆေးရည်နှင့် တစ်ထပ်တည်းပင် ဖြစ်တော့သည်။