အခန်း (၆၃) - အိုင်းရှာ တစ်ခုခု ဖုံးကွယ်ထားတယ်
နောက်တစ်နေ့ နံနက်ခင်းတွင် နေရောင်ခြည်သည် အခန်းထဲသို့ ဖြည်းညင်းစွာ ကျရောက်လာသည်။ “ယု” သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ဖွင့်လိုက်ရာ— သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်ပျော်နေသော ချစ်လှစွာသော “အိုင်းရှာ” ကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။
ယုသည် အိုင်းရှာကို တင်းကျပ်စွာ ဖက်ထားမိသည်။ သူမ သူ့ကို ထပ်ပြီး စွန့်ခွာသွားမှာကို သူ ကြောက်နေသည်။ မနေ့ညက ဘာကြောင့်မှန်းမသိဘဲ အိုင်းရှာသည် မျက်ရည်မဆဲနိုင်အောင် ငိုကြွေးခဲ့သည်။
သို့သော် မျက်ရည်တစ်စက် ကျတိုင်း သူမသည် ယုကို ပို၍ တင်းကျပ်စွာ ဖက်ထားခဲ့ပြီး၊ နောက်ဆုံးတွင် ငိုလွန်း၍ ပင်ပန်းသွားကာ ယု၏ ရင်ခွင်ထဲမှာပင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ယု၏ ရင်ခွင်ထဲက အိုင်းရှာသည် နိုးလာသည့်အလား အနည်းငယ် လှုပ်ရှားလာသည်။ သူမသည် အနည်းငယ် နီရဲနေသော မျက်ဝန်းလေးများကို နူးညံ့သော လက်ကလေးများဖြင့် ပွတ်သပ်ကာ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။
အိုင်းရှာသည် မနေ့ညက ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ သို့သော် သူမ၏ ဘဝတွင် ယခုညသည် အဆင်ပြေဆုံးနှင့် အေးချမ်းဆုံး အိပ်စက်ခဲ့ရသော ညတစ်ညလည်း ဖြစ်သည်။ သူမ၏ ပူဆွေးမှုအားလုံးသည် မျက်ရည်များနှင့်အတူ ပါသွားသကဲ့သို့ ခံစားရပြီး ယုအပေါ်ထားသော ချစ်ခြင်းမေတ္တာများသာ ကျန်ရှိတော့သည်။
“မနေ့ညက ဘာလို့ အဲ့လောက်တောင် ငိုနေရတာလဲ?”
ယုက အိပ်ချင်မူးတူး ဖြစ်နေဆဲ အိုင်းရှာကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။
“...................”
အိုင်းရှာသည် ထိုမေးခွန်းကို ကြားသည့်အခါ ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဘာမှ ပြန်မဖြေခဲ့ပေ။
ဒါကို မြင်ရသည့်အခါ ယုက ထပ်ပြီး အတင်းအကျပ် မမေးတော့ပေ။ သူမ ပြန်မဖြေနိုင်သေးဘူးဆိုလျှင် တစ်ခုခု အကြောင်းပြချက် ရှိရပေမည်။
အချိန်တန်လျှင် အိုင်းရှာက သူ့ကို ပြောပြလိမ့်မည်ဟု ယု ယုံကြည်ထားသည်။ အဓိကမှာ သူက အိုင်းရှာနှင့် ထာဝရ အတူရှိနေချင်ခြင်းသာ ဖြစ်သည်။
ယုက ထပ်မမေးသည်ကို မြင်ရသည့်အခါ အိုင်းရှာသည် ရေချိုးခန်းထဲသို့ ဝင်ရန် အိပ်ရာမှ ထလိုက်သည်။ သို့သော် သူမ ပထမဆုံး လုပ်ဆောင်သည့်အရာမှာ ယုပေးထားသော “ရေခဲလက်ကောက်” ကို ဝတ်ဆင်လိုက်ခြင်းပင်။ ၎င်းကို မြင်လိုက်ရသည့်အခါ ယု၏ မျက်နှာပေါ်တွင် ပြုံးပန်းများ ဝေဆာသွားတော့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယုနှင့် အိုင်းရှာတို့၏ ဆက်ဆံရေးမှာ အရင်ကထက် ပိုမိုတိုးတက်လာသည်ဟု ဆိုနိုင်သည်။ စာသင်ခန်းထဲတွင် အတူထိုင်ကြသည်၊ ကျောင်းဆင်းလျှင် အတူရှိကြသည်၊ အတူစားကြသည်။
ယုကို “ကီးလ်” က လက်တွေ့သင်တန်းများအတွက် ခေါ်သွားသည့် အချိန်မှလွဲ၍ သူတို့နှစ်ဦးမှာ အမြဲတမ်း အတူတူပင် ရှိနေကြသည်။ မည်သည့်ရှုထောင့်ကကြည့်ကြည့် သူတို့သည် အားကျစရာကောင်းသော စုံတွဲတစ်တွဲဖြစ်နေပြီး၊ သူတို့ဘေးတွင် ရှိနေသော “အီဂေးလ်” မှာမူ ကြားညှပ်နေသူ တစ်ယောက်ကဲ့သို့ ခံစားနေရသည်။
ထိုအချိန်တွင် အတန်းထဲက ကျောင်းသားများ၏ တီးတိုးသံများ ထွက်ပေါ်လာသည်။
“ဘုရားရေ! ဒီ ယု ဆိုတဲ့လူက ဘယ်သူလဲ? နတ်သမီးလေး အိုင်းရှာကို သူ့မိန်းမလိုမျိုး ဆက်ဆံနေတာပဲ”
“သူက အရေးကြီးတဲ့လူ တစ်ယောက်ဖြစ်ရမယ်။ ကြည့်ဦးလေ... ကီးလ် နဲ့လည်း သတင်းတွေ ထွက်နေသေးတယ်၊ ကီးလ်က သူ့ခေါင်းပေါ်မှာ အမှတ်အသားတောင် ထိုးပေးထားတာ။ အခုကျတော့လည်း ကိုင်လ် ကြိုက်နေတဲ့ ကောင်မလေးကို သူက ရသွားပြန်ပြီ”
“ကြည့်ရတာ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေးက အဆင်ပြေနေပုံပဲ။ ဒီ ယု ကတော့ တကယ့်ကို မိန်းမပွေတဲ့လူပဲ...”
“နှမြောစရာပဲ၊ ယုသာ မှူးမတ်မျိုးနွယ်ဖြစ်ရင် နှစ်ယောက်လုံးကို လက်ထပ်လိုက်လို့ ရမှာ။ ဒါဆိုရင် တစ်သက်လုံး ဘာမှ ပူစရာမလိုတော့ဘူး”
“ကိုင်လ် ကို ခေါ်သွားတုန်းက ထွက်လာတဲ့ သတင်းတွေကို မမေ့နဲ့ဦးလေ။ ယုက တကယ်တော့ မင်းသားရဲ့ တရားမဝင်သား ဆိုတဲ့ ကောလာဟလတွေ ရှိတယ်လေ။ သူ မှူးမတ်ဖြစ်ဖို့ ဆိုတာက စကားတစ်ခွန်းပဲ လိုတာနေမှာပါ”
ဤကဲ့သို့သော သတင်းများမှာ ကျောင်းတစ်ခုလုံး ပျံ့နှံ့နေပြီး ယုနှင့် အိုင်းရှာတို့၏ နားထဲသို့လည်း မကြာခဏ ရောက်ရှိလာသည်။
ထိုနေ့ ကျောင်းဆင်းချိန်တွင် အိုင်းရှာနှင့် ယုတို့သည် စင်္ကြံလမ်းအတိုင်း ဘေးချင်းယှဉ်ကာ လျှောက်လာကြသည်။ လေထုမှာ အနည်းငယ် ထူးဆန်းနေသဖြင့် ယုက အရင်ဆုံး စကားစလိုက်သည် ။
“အိုင်းရှာ...ဆရာမ ကီးလ် နဲ့ ငါ့ကြားက ကိစ္စက တကယ်တော့ အထင်လွဲစရာတွေပါ။ ဒီအမှတ်အသားကလည်း စာချုပ်ချုပ်ဆိုတဲ့ အချိန်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ပါ”
ယု၏ စကားကို ကြားသည့်အခါ အိုင်းရှာ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် ယုဘက်သို့ လှည့်ကာ အလွန်တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
“ရပါတယ်... ဆရာမ ကီးလ်နဲ့ နင့်ရဲ့ ဆက်ဆံရေးက ဘယ်လိုပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ပါဘူး”
အိုင်းရှာ၏ မျက်လုံးများကို ကြည့်ကာ ယု မှင်သက်သွားသည်။ ဤစကားမှာ စိတ်ဆိုး၍ ပြောလိုက်သော စကားဖြစ်ကြောင်း သေချာလှသည်။ စိတ်မဆိုးဘဲ ဘာဖြစ်နိုင်ဦးမည်နည်း? စိတ်ခံစားမှုကို နားမလည်သော လူတစ်ယောက်ပင်လျှင် အိုင်းရှာ စိတ်ဆိုးနေသည်ကို ခန့်မှန်းနိုင်သည်။
သို့သော် ထိုအချိန်တွင် အိုင်းရှာသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ သူမ၏ ရှေ့ဆံပင်များက ခရမ်းရောင် မျက်ဝန်းလေးများကို ကွယ်ထားသကဲ့သို့ ဖြစ်သွားသည်။ အိုင်းရှာသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး အလွန်တိုးညင်းသော အသံဖြင့် မေးလိုက်သည် ။
“ယု... နင် ငါ့ကို တကယ် ကြိုက်တာလား?”
ဤမေးခွန်း၏ အဖြေကို ယုက ဘာမှစဉ်းစားမနေဘဲ ချက်ချင်း ဖြေလိုက်သည် ။
“ကြိုက်တာပေါ့!”
ယု၏ ပြတ်သားသော အဖြေကို ကြားရသည့်အခါ အိုင်းရှာ၏ ပါးပြင်လေးများမှာ ချက်ချင်း နီမြန်းသွားသည်။ သို့သော် အိုင်းရှာ၏ နောက်ဆက်တွဲ စကားလုံးများကိုတော့ မည်သူမျှ မမျှော်လင့်ထားခဲ့ပေ ။
“ဒါဆိုရင် ဆရာမ ကီးလ် ကို သာ သွားချစ်လိုက်ပါတော့”
အိုင်းရှာသည် ထိုစကားကို ဝန်လေးခြင်းမရှိဘဲ ပြောလိုက်သည်။ ဤစကားကို သူမ ရင်ထဲမှာ အကြာကြီး မျိုသိပ်ထားခဲ့ပုံရသည်။
“ဟင်??? ဘာကို ဆိုလိုတာလဲ?? နင် တကယ်ပဲ စိတ်မဆိုးဘူးလား? ငါက နင့်ကို ကြိုက်တယ်လို့ ပြောနေတာကို၊ ဘာလို့ ဆရာမ ကီးလ်ကို သွားကြိုတ်ခိုင်းနေရတာလဲ?”
သို့သော် အိုင်းရှာက ယု၏ မေးခွန်းကို လျစ်လျူရှုကာ ဆက်ပြောသည် ။
“နင် ဆရာမ ကီးလ် ကို ရအောင် ယူနိုင်မှသာ... ငါလည်း နောင်ကျရင် အေးအေးချမ်းချမ်း နေနိုင်မှာ”
အိုင်းရှာသည် ယု နားမလည်နိုင်သော စကားများကို ထပ်မံ ပြောလိုက်ပြန်သည်။
“ဘာလို့လဲ????”
ယု တကယ့်ကို ဆွံ့အသွားရသည်။ မိန်းကလေးတွေဆိုတာ ယောက်ျားတွေ စိတ်များတာကို မုန်းကြတာ မဟုတ်ဘူးလား? အခုတော့ အိုင်းရှာက သူ့ကို တခြားတစ်ယောက်ကို သွားကြိုတ် ခိုင်းနေတယ်? ဒါက ဘယ်လို အပေးအယူမျိုးလဲ?
အခုထိတော့ ယုက အိုင်းရှာ စိတ်ဆိုးပြီး ရွဲ့ပြောနေတာလို့ပဲ ထင်နေဆဲ ဖြစ်သည်။
“ထပ်မမေးပါနဲ့တော့၊ နောက်ကျရင် အကြောင်းရင်းကို သိရမှာပါ။ ပြီးတော့ ငါတစ်ယောက်တည်းနဲ့တော့ ယုကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှာ မဟုတ်တာ သေချာတယ်! ယုက တခြားမိန်းကလေးတွေကို မြင်ရင် အမြဲတမ်း နှာဘူးမျက်နှာနဲ့ ကြည့်နေတာလေ”
အိုင်းရှာက “နှာဘူး” ဆိုသည့် စကားလုံးကို အလေးပေး ပြောလိုက်သဖြင့် ယု ခဏတာ စကားမထွက်နိုင် ဖြစ်သွားသည်။
အကြောင်းမှာ သူ ခိုးကြည့်နေမိသည်မှာ အမှန်ပင် ဖြစ်သောကြောင့်တည်း။ သို့သော် ကြည့်ရုံသက်သက်နှင့် ကြိုက်တာက တခြားစီ မဟုတ်ဘူးလား!
ယု ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားနေစဉ်မှာပင် အိုင်းရှာသည် မမျှော်လင့်ဘဲ သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ တင်းကျပ်စွာ ဖက်လိုက်သည်။
ထို့နောက် ယု ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်သော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
အိုင်းရှာသည် ယု၏ အင်္ကျီကော်လာကို ဆွဲယူကာ သူ၏ခေါင်းကို ငုံ့စေပြီး၊ သူ၏ ပါးပြင်ပေါ်သို့ နူးညံ့လှသော အနမ်းတစ်ခု ပေးလိုက်ခြင်းပင်။ ဤသည်မှာ ယု၏ ဘဝတွင် မိန်းကလေးတစ်ဦးထံမှ ပထမဆုံးအကြိမ် အနမ်းခံရခြင်းဖြစ်ပြီး၊ ပါးပေါ်မှာတင် ဆိုသော်လည်း ထိုခံစားချက်က သူ့အတွက် ထာဝရ မေ့နိုင်စရာ မဟုတ်တော့ပေ။
“ငါလည်း နင့်ကို ကြိုက်တယ်!”
အိုင်းရှာသည် တိုးတိုးလေး ပြောပြီးနောက် ယုကို တွန်းထုတ်ကာ အဆောင်ဘက်သို့ တစ်ယောက်တည်း ပြေးထွက်သွားတော့သည်။ ယုမှာမူ အိုင်းရှာ၏ ပန်းရောင်နှုတ်ခမ်းလွှာလေး၏ အထိအတွေ့ကို ပါးပြင်ပေါ်မှာ ခံစားရင်း မှင်သက်စွာ ကျန်ရစ်ခဲ့သည်။ ထိုအထိအတွေ့မှာ အလွန်ပင် သာယာလှပလွန်းလှသည်။
ဒါဆိုရင်… “??????”
ယုသည် အိုင်းရှာ နမ်းခဲ့သော နေရာကို ကိုင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းပြီး ရှင်းမပြနိုင်သော ခံစားချက်တစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။ သူ ဘာလဲဆိုတာကိုတော့ အတိအကျ မသိပေ။ သူ စိတ်ထင်နေတာလည်း ဖြစ်နိုင်သည်။
အိုင်းရှာ အခုလုပ်နေတဲ့ အရာကို သူမကိုယ်တိုင်ပဲ သိသည်။ သူမ ယုကို ချစ်မိသွားပြီဆိုတာနှင့် “ထိုလူ” သိသွားမှာဖြစ်ပြီး၊ “ထိုလူ” ရဲ့ စိတ်နေစိတ်ထားအရ ယုကို အညှိုးတကြီး သတ်ပစ်မှာ သေချာသည်။
ဒါကို သိနေသည့်တိုင် သူမသည် ယုနှင့် တစ်စက္ကန့်လေးဖြစ်ဖြစ် ပိုပြီး အတူရှိချင်သည့် စိတ်ကြောင့် တစ်ကိုယ်ကောင်းဆန်မိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ယု၏ ဘေးကင်းလုံခြုံရေးအတွက် သူ့ဘေးမှာ အစွမ်းထက်သော လူတစ်ယောက် ရှိနေဖို့ လိုအပ်သည်။
“မီးလျှံစုန်းမ” ကီးလ် သည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ သို့သော် သာမန် ဆရာ၊ တပည့် ဆက်ဆံရေးမျိုးက မလုံလောက်ပေ။ ထိုထက် ပိုမိုနက်ရှိုင်းသော ပတ်သက်မှုမျိုး ရှိမှသာ ကီးလ်သည် ယုဘက်ကနေ အမြဲတမ်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ယု အသက်ရှင်ဖို့အတွက် ဒါက တစ်ခုတည်းသော နည်းလမ်းပင်...ဖြစ်သည်။