အခန်း (၅၆) - ထူးဆန်းလှသော လေလံပစ္စည်းများ
ယု သည် ဆိုင်ဝန်ထမ်းပြောပြခဲ့သော “နဂါးစီးသူတော်” အရက်ဆိုင်ထဲသို့ လင်ဒါ ၏ နောက်မှ လိုက်ဝင်လာခဲ့သည်။ အဝင်ဝတွင် ယု သည် သူ၏ရွှေကတ်ပြားကိုထုတ်ပြကာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် နံပါတ်ပြားတစ်ခုကို လက်ခံရရှိခဲ့သည်။ ယု ၏နံပါတ်မှာ “၄၃” ဖြစ်သည်။ ဤသည်မှာ အမည်မဖော်လိုသော လေလံပွဲဖြစ်သဖြင့် သူသည် နံပါတ်ပြားကိုသာ ပြသရမည်ဖြစ်သည်။
အရက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ဖက်သတ် ရန်လိုသော အမူအရာရှိသည့် လူကြမ်းကြီးများကို ချက်ချင်း မြင်တွေ့ရသည်။ လင်ဒါ၏အရွယ် သာမန်မိန်းကလေးတစ်ယောက်ဆိုလျှင် ကြောက်လန့်တကြား ထွက်ပြေးမိပေလိမ့်မည်။ သို့သော် လင်ဒါမှာမူ ထိုသို့မဟုတ်ပေ။ သူမသည် ထိုလူကြမ်းများကြားထဲတွင် ဘာကိုမှ ဂရုမစိုက်သကဲ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းနေသည်။ ထိုလူကြမ်းကြီးများမှာ မကျေမနပ်ဖြစ်နေကြသော်လည်း ဘာမှတော့ မပြောရဲကြပေ။ အကြောင်းမှာ သူမသည် မာစတာ စနိတ်ခ် ၏ သမီးဖြစ်ကြောင်း လူတိုင်းသိထားကြသောကြောင့် ဖြစ်သည်။ မာစတာ စနိတ်ခ်၏ အာဏာကို ထည့်မတွက်လျှင်ပင် လင်ဒါ၏ ကိုယ်ပိုင်စွမ်းအားမှာ သူတို့အများစုထက် သာလွန်နေသည် မဟုတ်ပါလား။
သို့သော်လည်း လင်ဒါ၏ဘေးတွင် ပါလာသော နာမည်မရှိသည့် ဆံပင်နက်ကောင်လေးမှာမူ သူတို့အတွက် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ဘယ်ကမှန်းမသိသည့် ဤကောင်လေးက ဘယ်သူလဲ? လင်ဒါ၏ လူဖြစ်နေလျှင်ပင် ဘာဖြစ်သနည်း? သူ၏အဝတ်အစားမှာလည်း တန်ဖိုးကြီးပုံမရသလို၊ သူ့ထံမှ မည်သည့်မှော်အရှိန်အဝါမှလည်း မခံစားရပေ။ ကြည့်ရတာ ပွဲကြည့်ရန်နှင့် ဗဟုသုတရှာရန် လိုက်လာသော ကောင်လေးတစ်ယောက် သို့မဟုတ် လင်ဒါ တစ်နေရာရာမှ ရှာလာသော သူဌေး သား တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ဤကောင်လေးက ဘာအရည်အချင်းရှိလို့ သူတို့ကို အဖက်မလုပ်သလို ကြည့်နေရသနည်း?
ဟုတ်ပါသည်။ သူတို့ပြောနေသော ဆံပင်နက်လူငယ်မှာ ယု ပင် ဖြစ်သည်။ သို့သော် ယု က သူတို့ကို တမင်အထင်သေးနေခြင်း မဟုတ်ပေ။ ယု ၏ မျက်လုံးထဲတွင် ဤလူများမှာ သာမန်လူသားများသာ ဖြစ်သည်။ လမ်းပေါ်တွင်တွေ့သမျှ လူတိုင်း၏မျက်နှာကို ဘယ်သူက အထူးတလည် အာရုံစိုက်နေပါမည်နည်း? ယု လည်း ထို့အတူပင်။ သို့သော် ဤအမူအရာကြောင့်ပင် ထိုပညာရှင်ကြီးများမှာ ယု က သူတို့ကို လျစ်လျူရှုသည်ဟု ခံစားရကာ စိတ်ထဲမှ တေးမှတ်ထားကြတော့သည်။
ယု မှာမူ ထိုလူများ ဘာတွေးနေသည်ကို မသိဘဲ လင်ဒါ၏နောက်မှ အရက်ဆိုင်အတွင်းပိုင်းသို့ လိုက်သွားသည်။ ထို့နောက် အရက်ဆိုင်၏ မြေအောက်ခန်းသို့ ဦးတည်သော လှေကားထစ်များအတိုင်း တစ်လှမ်းချင်း ဆင်းသွားကြသည်။ လမ်းကြောင်းမှာ သူ၏ရှေ့တွင် ရှိနေသော်လည်း ယု သည် လေပြေအေးလေး တစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ ကြည့်ရတာ မြေအောက်ခန်းတွင် အခြားသော အဝင်အထွက်လမ်းကြောင်းများလည်း ရှိနေပုံရသည်။
ယု က သိပ်ဂရုမစိုက်ဘဲ လင်ဒါနောက်မှ ဆက်လိုက်သွားသည်။ ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် ယု သည် ကြီးမားသော စက်ဝိုင်းပုံစံ မြေအောက်ခန်းကြီး သို့မဟုတ် မြေအောက်ကွင်းပြင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် စာသင်ခန်း ၆ ခန်းစာခန့် ကျယ်ဝန်းသည်။ ကွင်းပြင်၏ အလယ်တွင် မီးရောင်စုံများ လင်းထိန်နေသော စက်ဝိုင်းပုံစံ စင်မြင့်တစ်ခု ရှိနေပြီး၊ စင်ပေါ်တွင် အနီရောင်ပိတ်စများဖြင့် ဖုံးအုပ်ထားသော ပစ္စည်းမျိုးစုံကို ခင်းကျင်းထားသည်။ စင်မြင့်၏ ဘေးပတ်လည်တွင်မူ စက်ဝိုင်းပုံစံ တန်းစီထားသော ပရိသတ်ထိုင်ခုံများ ရှိနေသည်။
ဤအချိန်တွင် အဆင့်အတန်း မြင့်မားပုံရသော လူအတော်များများမှာ ထိုင်ခုံများ၏ အရှေ့ဆုံးတန်းတွင် နေရာယူထားကြပြီဖြစ်သည်။ ကြည့်ရတာ လေလံပစ္စည်းများကို အနီးကပ် မြင်တွေ့နိုင်ရန် စောစောစီးစီး လာရောက်နေရာယူထားကြခြင်း ဖြစ်ပေလိမ့်မည်။
“ဘယ်မှာ ထိုင်ထိုင် ရသလား?” ယု က မှောင်ရိပ်ကျနေသော ပရိသတ်ထိုင်ခုံများကို ကြည့်ကာ မေးလိုက်သည်။
“ရတာပေါ့... အစ်ကို သဘောရှိရာမှာ ထိုင်နိုင်ပါတယ်ရှင်။” လင်ဒါက ပါးစပ်လေးအုပ်ကာ တခစ်ခစ် ရယ်မောရင်း ပြန်ဖြေသည်။ နောက်ဆုံးတော့ ဒါက သူမအဖေရဲ့ နယ်မြေပဲလေ၊ သူမရဲ့ ဧည့်သည်က ကြိုက်သလို ထိုင်လို့ရတာပေါ့။
လင်ဒါက ယု ကို ဘာကြောင့် ခေါ်လာရသလဲဆိုလျှင် ယု ၏လက်ပေါ်က အဆင့်-S ဟင်းလင်းပြင်ကျောက်မျက်ကို မျက်စိကျနေသောကြောင့် ဖြစ်သည်။ ဗြောင်လုဖို့လား? ဒါက မဖြစ်နိုင်ဘူး။ ဒီလိုလက်စွပ်မျိုးကို ဝတ်ရဲတဲ့သူက အလုခံရမှာကို မကြောက်တဲ့သူပဲ ဖြစ်ရမယ်။ လိမ်ညာဖို့လား? ဘာနဲ့ လိမ်မလဲ? သူမ၏ အလှအပဖြင့် မြူစွယ်ကြည့်သော်လည်း ယု က ဘာမှမထူးခြားပေ။ ထို့ကြောင့် နောက်ဆုံးနည်းလမ်းမှာ တန်ဖိုးတူ လဲလှယ်ခြင်းပင် ဖြစ်သည်။ ယု ၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းသော်လည်း ဤကဲ့သို့သော လက်စွပ်မျိုး ဝတ်ထားသူမှာ ငွေမရှိသူ မဖြစ်နိုင်ပေ။ ထို့ပြင် ယု က သူချစ်ရသူအတွက် တစ်ခုခုဝယ်ချင်သည်ဟု ပြောထားသဖြင့် သူသည် ငွေကို အမြောက်အမြား သုံးစွဲပေလိမ့်မည်။ လင်ဒါ ဘယ်လိုသိသလဲလို့ မမေးပါနဲ့၊ ယု ၏ အတွေးများမှာ သူ၏မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်ဒါက ယု ကို လေလံပွဲသို့ ခေါ်လာပြီး သူမျက်စိကျသော ပစ္စည်းကို ဈေးတမင် မြှင့်တင်ရန် စီစဉ်ထားသည်။ ယု မှာ ငွေပြတ်သွားသည့်အခါ ထိုလက်စွပ်ကို ပေးအပ်ခဲ့ရအောင် သူမက ဖန်တီးမည်ဖြစ်သည်။
လေလံပွဲပြီးလျှင် ထိုဟင်းလင်းပြင်လက်စွပ်မှာ သူမလက်ထဲ ရောက်တော့မည်ဟု တွေးကာ လင်ဒါမှာ အတိုင်းမသိ ပျော်ရွှင်နေမိသည်။ ထို့ကြောင့် မနေနိုင်ဘဲ ထပ်မံ ရယ်မောမိပြန်သည်။
“ဘာဖြစ်လို့လဲ? ဘာတွေ ပျော်စရာရှိလို့လဲ?” ယု က ဘေးက လင်ဒါကို ကြည့်ကာ စူးစမ်းလိုက်သည်။
“ဘာမှမဟုတ်ပါဘူး... ဒီလေလံပွဲမှာ တွေ့ရမယ့် ရတနာတွေကို တွေးပြီး ပျော်နေတာပါ။” လင်ဒါက ဝေ့ဝိုက်ပြီး ပြန်ဖြေလိုက်သည်။
လူများ တဖြည်းဖြည်း ပိုမိုရောက်ရှိလာသည်နှင့်အမျှ၊ ဤမြေအောက်ကွင်းပြင်ကြီးတွင် သူတို့ဝင်လာခဲ့သော အရက်ဆိုင်အပြင် အခြားသော အဝင်လမ်းကြောင်းများစွာ ရှိနေသည်ကို ယု သတိပြုမိလိုက်သည်။ ဝင်ပေါက်အသီးသီးမှ လူများ ဝင်ရောက်လာကြရာ မကြာမီမှာပင် ထိုင်ခုံများမှာ လူများဖြင့် ပြည့်နှက်သွားတော့သည်။
လူစုလူဝေး ငြိမ်သက်သွားသည့်အခါ၊ပွဲ တက် ဝတ်စုံဝတ်ကာ ရွှေကိုင်းမျက်မှန် တပ်ထားသည့် ယဉ်ကျေးသိမ်မွေ့သော အမျိုးသားတစ်ဦး စင်မြင့်အလယ်သို့ လျှောက်လှမ်းလာသည်။ သူ၏အနောက်တွင် အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ် နှစ်ဦး လိုက်ပါလာရာ ယု ၏ မျက်လုံးများမှာ ပြူးကျယ်သွားရသည်။ သို့သော် သူသည် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ သူသည် အိုင်းရှာအတွက် လက်ဆောင်ဝယ်ရန် လာခြင်းဖြစ်သဖြင့် လှပသော အမျိုးသမီးများကို ငေးကြည့်တတ်သည့် အကျင့်ကို ပြင်ရပေလိမ့်မည်။
လင်ဒါက ထိုမြင်ကွင်းကို ကြည့်ကာ— “ဒီငတုံးလေးရဲ့ အတွေးကို ခန့်မှန်းရတာ တကယ်လွယ်တာပဲ၊ ဒီတစ်ခါတော့ သူ့ချစ်သူအတွက် ပိုက်ဆံတွေ အများကြီး ကုန်တော့မှာပဲ” ဟု တွေးကာ ပြုံးနေမိသည်။
ထို့နောက် စင်ပေါ်က အမျိုးသားသည် လက်ချောင်းကို တစ်ချက် ခေါက်လိုက်ရာ သူ၏လည်ပင်း အနီးတွင် သေးငယ်သော မှော်အစီရင်လေးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏အသံမှာ လေလံပွဲခန်းမတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည် -
“မင်္ဂလာညချမ်းပါ လူကြီးမင်းတို့ခင်ဗျာ။ ဒီညဟာ ကျွန်တော်တို့ လေလံပွဲရဲ့ နောက်ဆုံးည ဖြစ်တဲ့အတွက် အချိန်ကို မဖြုန်းတော့ပါဘူး။ အားလုံးလည်း စောင့်မျှော်နေကြပြီဖြစ်လို့ အခုပဲ စတင်လိုက်ရအောင်ဗျာ။”
ပြောရင်းနှင့် သူသည် ဘေးသို့ ဖယ်ပေးလိုက်ရာ ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ် နှစ်ဦးက အနီရောင်ပိတ်စ ဖုံးအုပ်ထားသော အရာတစ်ခုကို စင်မြင့်အလယ်သို့ သယ်ဆောင်လာကြသည်။
အနီရောင်ပိတ်စကို ဖယ်ရှားလိုက်သည့်အခါ ဖန်သေတ္တာထဲတွင် ရှိနေသော မည်းနက်နေသည့် လက်မောင်းတစ်ခု ပေါ်လာသည်။ ထိုလက်မောင်းမှာ တွန့်လိမ်လှုပ်ရှားနေပြီး ဖန်သေတ္တာကိုပင် လိုက်လံထုရိုက်နေသည်။
‘ဒါက “မိစ္ဆာလက်မောင်း” ပါ။ သူ့ရဲ့ အသုံးဝင်ပုံကို လူကြီးမင်းတို့ သိကြပြီးသားဖြစ်မှာပါ။ အခြေခံဈေး ရွှေဒင်္ဂါး ၅၀,၀၀၀ ကနေ စပါမယ်၊ တစ်ခါတိုးရင် ရွှေဒင်္ဂါး ၅,၀၀၀ ပါ။ အခုပဲ လေလံဆွဲနိုင်ပါပြီ။’
သူပြောပြီးသည်နှင့် အောက်ကလူများမှာ သူတို့၏ နံပါတ်ပြားများကို စတင်မြှောက်ကြတော့သည်။
‘ငါးသောင်းငါးထောင်၊ ခြောက်သောင်း၊ ခြောက်သောင်းခွဲ... ကဲ ဟိုက လူကြီးမင်း နံပါတ် ၃၀ က ခုနစ်သောင်း! ခုနစ်သောင်း တစ်ကြိမ်၊ ခုနစ်သောင်း နှစ်ကြိမ်၊ ခုနစ်သောင်း သုံးကြိမ်! ဂုဏ်ယူပါတယ်ခင်ဗျာ၊ နံပါတ် ၃၀ လူကြီးမင်းက ဒီ “မိစ္ဆာလက်မောင်း” ကို ရရှိသွားပါပြီ။ ခဏနေရင် အနောက်က ရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်ပါတယ် ခင်ဗျာ။’
လေလံအောင်သွားသည်နှင့် လှပသောအမျိုးသမီး နှစ်ဦးမှာ ထိုမိစ္ဆာလက်မောင်း ပါသော သေတ္တာကို သယ်ဆောင်သွားကြသည်။ သူတို့တွင် မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ နေသားတကျ ရှိနေပုံရသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် လေလံပွဲကို ဘာကြောင့် ဗြောင်ကျကျ မကျင်းပနိုင်သလဲဆိုသည်ကို ယု နားလည်သွားသည်။ မိစ္ဆာလက်မောင်း ဆိုသည်မှာ မိစ္ဆာများကို ဆင့်ခေါ်ခြင်းနှင့် သူတစ်ပါးကို ကျိန်စာတိုက်ခြင်း စသည့် မှောင်ခိုမှော်အတတ်များနှင့် ဆက်စပ်နေသဖြင့် မည်သည့်နိုင်ငံတွင်မဆို တားမြစ်ထားသော အရာဖြစ်သည်။ လူ့လောကသို့ ရောက်ရှိလာသည်မှာ မကြာသေးသော “တန်ခိုးရှင်” ယု ပင်လျှင် ထိုအချက်ကို သိထားသည်။ သို့သော် ဤလေလံပွဲက ရဲရဲဝံ့ဝံ့ ရောင်းချနေသည်ဆိုလျှင် ဤပွဲကို ဦးဆောင်နေသော မာစတာ စနိတ်ခ် ဆိုသူမှာ ကြောက်စရာကောင်းသော နောက်ခံတစ်ခုခု ရှိနေရပေမည်။ သူ၏အနောက်တွင် မှူးမတ်များ သို့မဟုတ် တော်ဝင်မိသားစုများ ရှိနေသလား? သို့မဟုတ် ထိုထက် ပို၍ အင်အားကြီးသူများ ရှိနေသလား?
သို့သော် ဤအရာများမှာ ယု အတွက် အရေးကြီးသလား? မဟုတ်ပေ။ ယခုအချိန်တွင် ယု သည် ဘေးက လင်ဒါကို တစ်ခုသာ ပြောချင်တော့သည် -
“လင်ဒါ... ဒီလိုအရာမျိုးကို မိန်းကလေးတစ်ယောက်ဆီ ဘယ်လိုမျက်နှာမျိုးနဲ့ လက်ဆောင်ပေးရမှာလဲ?”
ငါ့ကို ကတိပေးထားတဲ့ နတ်ဘုရားလက်နက်တွေက ဘယ်ရောက်ကုန်ပြီလဲ?