အခန်း (၅၅) - စုရုံးရောက်ရှိလာကြသော ပညာရှင်များ
နေဝင်ရိုးရီအချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ မြို့ကလေးမှာ မီးရောင်စုံများဖြင့် တဖြည်းဖြည်း လင်းထိန်လာသည်။
ဆိုင်အချို့မှာ ပိတ်သိမ်းနေကြပြီဖြစ်ပြီး တစ်နေကုန် ပင်ပန်းနွမ်းနယ်နေကြသော သာမန်ပြည်သူများမှာ အိမ်ပြန်နား နေရန်သာ စဉ်းစားနေကြသည်။
သို့သော် ဤသည်မှာ သာမန်လူများ၏ အတွေးသာဖြစ်သည်။ ထိုအချိန်တွင် မြို့တောင်ဘက်ရှိ “နဂါးစီးသူတော်” ဟုခေါ်သော အရက်ဆိုင်မှာမူ လူသူအများဖြင့် စည်ကားလှုပ်ရှားနေသည်။
ဤအရက်ဆိုင်သည် အလွန်ပင် ဆိတ်ငြိမ်ပြီး လူသူမသိသောနေရာတွင် တည်ရှိသည်။ လမ်းညွှန်မပါဘဲ သို့မဟုတ် ယခင်က မရောက်ဖူးဘဲနှင့် ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော်လည်း လက်ရှိတွင် ဤအရက်ဆိုင်ထဲ၌ လူမျိုးစုံဖြင့် ပြည့်နှက်နေသည်။ အချို့မှာ ပေါ့ပါးသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး တိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သိသာလှသည်။ အချို့မှာမူ ခမ်းနားလှသော ဝတ်ရုံများကို ဝတ်ဆင်ထားကြရာ နာမည်ကျော် အဆင့်မြင့်မှော်ဆရာများ ဖြစ်ကြပေလိမ့်မည်။
အခြားသော လူအချို့မှာ ဝတ်ရုံခြုံကာ မျက်နှာကို ဖုံးကွယ်ထားကြသော်လည်း ဝတ်ရုံအောက်မှ ရံဖန်ရံခါ မြင်တွေ့ရသော တန်ဖိုးကြီး အဝတ်အထည်များအရ သူတို့မှာ ထင်ပေါ်ကျော်ကြားသူများ၊ မှူးမတ်များ သို့မဟုတ် သူဌေးကြီးများ ဖြစ်ကြောင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
“အောက်ထပ်ကို ဆင်းဖို့ အချိန်ရောက်ပြီ ထင်တယ်နော်?”
ဘားကောင်တာတွင် ထိုင်ကာ ဘီယာသောက်နေသော ဆံပင်နက်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြောလိုက်သည်။ ဤလူသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော်လည်း အရေးကြီးသော နေရာများကို ချပ်ဝတ်ဖြင့် ကာကွယ်ထားကာ ခါးတွင်လည်း ဓားကောက်တစ်လက်ကို ချိတ်ဆွဲထားသည်။ သူသည် ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
ယခုခေတ်တွင် လူအများစုမှာ မှော်စွမ်းအားကို ပိုင်ဆိုင်ကြသော်လည်း အမှန်တကယ် ကျွမ်းကျင်သူမှာ ရှားပါးလှသဖြင့် မှော်နှင့် တိုက်ခိုက်ရေးအတတ်ကို ပေါင်းစပ်ထားသော “မှော်တိုက်ခိုက်ရေးအတတ်” ကိုသာ အဓိက သုံးကြသည်။ ၎င်းကို အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပါက အဆင့်မြင့်မှော်ဆရာတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်ပေသည်။
“ဘာကို အလောတကြီး ဖြစ်နေတာလဲ? အခုမှ လူအနည်းငယ်ပဲ ရှိသေးတာ၊ အကုန်ရောက်ကြသေးတာ မဟုတ်ဘူး။”
အခြားသော ဆံပင်ညိုနှင့် အမျိုးသားတစ်ဦးက ဘီယာကို တစ်ငုံသောက်ကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ သူ၏ ဝတ်စားဆင်ယင်မှုအရ သူသည်လည်း ရှေ့ကလူကဲ့သို့ပင် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပုံရသည်။
“ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒီတစ်ခေါက် လေလံပွဲရဲ့ အဓိကဆွဲဆောင်မှုက ပင်လယ်နက်ထဲက ဆယ်ယူရရှိခဲ့တဲ့ ‘သုခဘုံဘုရားကျောင်း’ ရဲ့ နတ်ဘုရားလက်နက်ဆိုပဲ။ အဲ့ဒါကို ဝယ်ချင်တဲ့သူက ဒီလောက်လက်တစ်ဆုပ်စာပဲ ရှိမှာ မဟုတ်ဘူး။”
ဆံပင်နက်နှင့်လူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဆိုင်ထဲတွင် လူများဖြင့် ပြည့်နှက်နေသော်လည်း ဤမျှနှင့် မလုံလောက်သေးဟု သူ ခံစားနေရသည်။
“ဟေ့! အဲ့ဒီ ရတနာကို ဘယ်သူ ရသွားလိမ့်မယ်လို့ မင်းထင်လဲ?” သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါ ဘယ်လိုလုပ် သိမှာလဲ? ဒီမှာ ချမ်းသာတဲ့သူတွေ အများကြီးပဲ။ ဘယ်သူ့မှာ ပိုက်ဆံပိုရှိမလဲ ဆိုတာပေါ်မှာပဲ မူတည်မှာပေါ့။” ဆံပင်ညိုနှင့်လူက စိတ်မရှည်သလို ပြန်ဖြေသည်။
“ဟေး! မင်း သိလား... သုခဘုံဘုရားကျောင်းက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီနော်။ တော်ဝင်မိသားစုက ဘာမှ မလုပ်တော့ဘူးလား?” ဆံပင်နက်နှင့်လူက စကားဝိုင်းကို အသစ်တစ်မျိုး ပြောင်းလိုက်ပြန်သည်။
သုခဘုံဘုရားကျောင်း ဆိုသည်မှာ အင်ပါယာ၏ အနောက်ဘက်ပိုင်းတွင် အသစ်ပေါ်ပေါက်လာသော ဂိုဏ်းတစ်ခုဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် အသင်းဝင် တစ်သိန်းအထိ ရှိလာခဲ့သည်။ ယခု လေလံပွဲ၏ “အဓိက လက်ရာ” မှာလည်း ၎င်းတို့ထံမှ ရရှိလာသော အရာဖြစ်သည်။
“ထိန်းချုပ်ဖို့လား? ဘယ်လိုလုပ်မလဲ? ဧကရာဇ်မင်းမြတ်က နာမည်ခံသက်သက်ပဲ ဖြစ်နေပြီဆိုတာ မင်း မကြားဘူးလား? တော်ဝင်မိသားစုထဲက မျိုးနွယ်စုကြီးတွေက အချင်းချင်း အာဏာလုဖို့ပဲ အလုပ်ရှုပ်နေကြတာ၊ သူတို့ကို ဂရုစိုက်ဖို့ အချိန်မရှိကြဘူး။ ပြီးတော့ ဒီဘုရားကျောင်းက သာမန် မိစ္ဆာဂိုဏ်းမျိုးလည်း မဟုတ်ဘူးလေ။ သူတို့ရဲ့ ရတနာတစ်ခုတည်းနဲ့တင် ဒီလောက် လူတွေကို ဆွဲဆောင်နိုင်နေတာ ကြည့်ဦး။”
ဆံပင်ညိုနှင့်လူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အသံကိုနှိမ့်ကာ ပြောလိုက်သည်။
“ဟိုမှာကြည့်... အဖြူရောင်ဝတ်ရုံနဲ့ မှော်ဆရာကို မြင်လား? သူက တခြားသူမဟုတ်ဘူး၊ ထိပ်တန်းမှော်ဆရာ အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ‘ဖျက်ဆီးသူ ဟုဂ်စ်’ ပဲ။”
“ဟမ်! ဟုဂ်စ်လား?! သူပါ ဒီကို ရောက်နေတာလား?!”
ဆံပင်နက်နှင့်လူက အဖြူရောင်ဝတ်ရုံနှင့် မှော်ဆရာကို ကြောင်ကြည့်နေမိသည်။ သူသည် ထိုအမည်ကို နာမည်အဖြစ်သာ ကြားဖူးခဲ့ခြင်းဖြစ်ပြီး၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် လူချင်းတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ခြေတစ်လှမ်းပဲ လိုတော့သည်” ဆိုသည်မှာ စွမ်းအားတစ်ခုတည်းကို ဆိုလိုခြင်း မဟုတ်ပေ။ ထိပ်တန်းမှော်ဆရာ ဆိုသော ဘွဲ့တံဆိပ်မှာ အင်ပါယာမှ ပေးအပ်ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ စွမ်းအားရှိရုံသာမက ထူးချွန်သော အကျိုးဆောင်မှုများလည်း ရှိရန် လိုအပ်သည်။ ဤ “ဖျက်ဆီးသူ ဟုဂ်စ်” မှာမူ သူ၏အမည်နှင့်အညီ ရောက် လေ ရာတွင် သေကျေပျက်စီးမှုများစွာ ဖြစ်ပေါ်စေသဖြင့် ထိုဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သန့်စင်သော စွမ်းအားအရဆိုလျှင် သူသည် ထိပ်တန်းမှော်ဆရာတစ်ဦးနှင့် မခြားနားပေ။
“ဟိုဘက်မှာလည်း ရှိသေးတယ်၊ ‘လျှပ်စီးသတ်ဖြတ်သူ အောလ်’ လေ။”
ဆံပင်ညိုနှင့်လူက ထောင့်တစ်နေရာတွင် သတိမထားမိလောက်အောင် ထိုင်နေသော လူတစ်ယောက်ကို ညွှန်ပြလိုက်သည်။ ထိုအမည်ကို ကြားလိုက်ရသည့်အခါ ဆံပင်နက်နှင့်လူမှာ ထိုင်ခုံပေါ်မှပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။
အောလ် ဆိုသူမှာ မည်သူနည်း? သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးနဂါးတစ်ကောင်ကဲ့သို့ လျင်မြန်ဖြတ်လတ်လှပြီး သဲလွန်စမကျန် သတ်ဖြတ်နိုင်သူဖြစ်သည်။ သူသည် တစ်ချိန်က အင်ပါယာ၏ ရန်သူနိုင်ငံမှ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ရန်သူ့စစ်ကြောင်းများကို ဖောက်ထွက်ကာ စစ်သူကြီးများ၏ ဦးခေါင်းကို အိတ်ထဲမှ ပစ္စည်းနှိုက်သကဲ့သို့ အလွယ်တကူ ယူဆောင်နိုင်သူဖြစ်သည်။ ကံဆိုးသည်မှာ သူသည် နောက်ပိုင်းတွင် အပြစ်မဲ့ အမျိုးသမီးများကို စော်ကားခဲ့မှုကြောင့် ဝရမ်းပြေးတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ထိုဝရမ်းမှာ အမည်ခံသက်သက်သာ ဖြစ်ပြီး၊ အစောင့်တပ်ဖွဲ့များပင် သူ့ကိုမြင်လျှင် မမြင်ချင်ယောင်ဆောင်ကာ ခေါင်းခါပြီး ရှောင်ထွက်သွားကြရသည်။
“ပြီးတော့ ဟိုမှာ ‘ကင်းကောင် အယ်လ်’ နဲ့ ‘ဒိုင်းမွန်း စတန်’ လည်း ပါတယ်...”
ပတ်ဝန်းကျင်ရှိ နာမည်ကြီးများကို ဆံပင်ညိုနှင့်လူက တစ်ယောက်ပြီးတစ်ယောက် ရေတွက်ပြနေသည်။ ဆံပင်နက်နှင့်လူမှာမူ တကယ်ကို အံ့အားသင့်ကာ ဆွံ့အသွားရတော့သည်။ အပြင်ပန်းမှာတင် ဤမျှ နာမည်ကြီးနေလျှင် ကွယ်ရာတွင် မည်မျှ အံ့ဩစရာကောင်းသူများ ရှိနေဦးမည်နည်း!
“ဟင်? ဟိုဘက်က လူငယ်စုံတွဲက ဘာလဲ? အခုခေတ်မှာ လူကြီးတွေက လေလံပွဲကို သားသမီးတွေပါ ခေါ်လာတာ ဖက်ရှင်ဖြစ်နေပြီလား?”
ဆံပင်နက်နှင့် ဦးလေးကြီးက လှိုင်းတွန့်ဆံပင်ညိုနှင့် အမျိုးသမီးလေးနှင့် အနက်ရောင်ဝတ်ရုံဝတ် ဆံပင်နက်လူငယ်လေးကို ညွှန်ပြကာ မေးလိုက်သည်။
“ဟို လှိုင်းတွန့်ဆံပင်နဲ့ ကောင်မလေးက လင်ဒါ လေ၊ မာစတာ စနိတ်ခ်ရဲ့ အချစ်တော် သမီးပေါ့။ ဒါပေမဲ့ အဲ့ဒီ ဆံပင်နက်နဲ့ ကောင်လေးကတော့...”
ဆံပင်ညိုနှင့်လူက ယု ကို တစ်ချက်ကြည့်ကာ အသည်းအသန် စဉ်းစားကြည့်သည်။
“ဘာလဲ???” ဆံပင်နက်နှင့်လူက တစ်ခုခု ထူးခြားတာကြားရတော့မလားဟု မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။
“မသိဘူး။ လင်ဒါ တစ်နေရာရာကနေ ခေါ်လာတဲ့ သူဌေးသား တစ်ယောက်ယောက် ဖြစ်မှာပေါ့။ လင်ဒါလေးက အဲ့လို အပြစ်ကင်းစင်တဲ့ ကောင်လေးတွေကို စနောက်ရတာ ဝါသနာပါတာ မင်းလည်း သိသားပဲ။”
ဆံပင်ညိုနှင့်လူက သူ၏ဘီယာကို အကုန်သောက်ကာ မတ်တတ်ရပ်လိုက်သည်။ လင်ဒါလေးတောင် ရောက်နေပြီဆိုမှတော့ မာစတာ စနိတ်ခ်လည်း ရောက်နေလောက်ပြီ။ လေလံပွဲက စတော့မည်မှာ သေချာလှသည်။