အခန်း (၅၂) - လေလံပွဲ လက်မှတ်များ
“အစ်ကို... ဒါလေးကို တစ်ချက်ကြည့်ပေးပါ။ ဒါက နန်းတွင်းက ထိပ်တန်းပန်းထိမ်ဆရာကြီး ကိုယ်တိုင်လုပ်ထားတဲ့ ရွှေစင်နားကပ်လေးပါ။ တစ်မြို့လုံးမှာ ဒီလိုလက်ရာမျိုး နောက်ထပ်တစ်စုံ ရှိမယ်မထင်ဘူး။”
ဖြူစင်သော လက်အိတ်ကို ဝတ်ဆင်ထားသည့် ဆိုင်ဝန်ထမ်းသည် စန္ဒကူးနံ့သာသေတ္တာလေးကို ကိုင်ကာ ရွှေရောင်တဝင်းဝင်းတောက်နေသော နားကပ်တစ်စုံကို ပြသနေသည်။ ထိုနားကပ်များပေါ်တွင် လှပသော ပိတောက် ပန်းနွယ်ပုံစံများကို ထွင်းထုထားပြီး အလွန်ပင် ကျော့ရှင်းတင့်တယ်လှသည်။
သို့သော်လည်း ယု က ထိုနားကပ်ကို တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး ပြောလိုက်သည်မှာ -
“မကြိုက်ဘူး၊ ရွှေက သိပ်ပြီး အထင်ကြီးစရာ မရှိဖူး “
ယု ထိုသို့ပြောလိုက်သည့်အခါ ဆိုင်ဝန်ထမ်းမှာ မှင်သက်သွားပြီး ကောင်တာပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရသည်။
အမှန်တကယ်တော့ ယု သည် ရတနာများကို ဝါသနာပါသူမဟုတ်သော်လည်း သူ၏ညီမဖြစ်သူ ဝတ်ဆင်ခဲ့သော ရတနာများမှာ အဆင့်အတန်း မြင့်မားလွန်းလှသည်။ ရှေးဟောင်းနဂါးသွေးခဲ လက်စွပ်မှစ၍ ဒြပ်စင်ဝိညာဉ်များ၏ မျက်ရည်မှ ဖြစ်တည်လာသော မှော်ကျောက်မျက်များ၊ နိုဂျက်စ် ၏ ဆံပင်ကလစ်ပင်လျှင် ဒြပ်စင်ဘုရင်ကိုယ်တိုင် လက်မှုပညာ ဖြင့် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ကံဆိုးသည်မှာ ထိုစဉ်က ယု သည် ဤအရာများ၏ တန်ဖိုးကို နားမလည်ခဲ့ပေ။ ယခု လူသားများနှင့် ထိတွေ့လာရမှသာ ငွေကြေး၏ အရေးပါပုံကို သူ နားလည်လာခြင်း ဖြစ်သည်။
“အား... အကိုကြီးရယ်၊ ဒါနဲ့ဆို ၃၈ ခုမြောက် ရှိနေပြီ။ ရွှေလည်း မကြိုက်၊ ငွေလည်း မကြိုက်၊ နှစ်ပေါင်းရာချီရှိတဲ့ ပုလဲတွေကိုလည်း လှည့်တောင်မကြည့်ဘူး။ ဘယ်လိုဟာမျိုးနဲ့ စိတ်တိုင်းကျအောင် လုပ်ပေးရမလဲဗျာ?”
ဝန်ထမ်းမှာ စိတ်တိုနေပြီဖြစ်သော်လည်း ယု ကို အပြင်ပန်းအားဖြင့် ရိုင်းပျစွာ မဆက်ဆံရဲပေ။ ယု ၏ အဝတ်အစားမှာ သာမန်ကာလျှံကာဖြစ်ပြီး ခေတ်မမီသော်လည်း သူ၏လက်တွင် ဝတ်ထားသော လက်စွပ်မှာ S-rank ရှိသည့် မှော်ကျောက်မျက်ဖြစ်သည်။ ဤကဲ့သို့သော အရာမျိုးကို ဝတ်ဆင်ထားသူမှာ အလွန်အမင်း ချမ်းသာသူ သို့မဟုတ် အရှိန်အဝါကြီးမားသူသာ ဖြစ်နိုင်ပြီး၊ မြင့်မြတ်သော မိသားစုတစ်ခုခုမှ သခင်လေး ဖြစ်နေနိုင်သည်။ နောက်ဆုံးတော့ ဒီဘက်ခေတ်မှာ “ငတုံးလိုလိုနဲ့ လူစွမ်းကောင်းလုပ်ပြတာ က ဖက်ရှင်တစ်ခု ဖြစ်နေသည်မဟုတ်ပါလား။
“ငါ့ရဲ့ လိုအပ်ချက်က သိပ်မမြင့်ပါဘူး။ ဝတ်ထားရင် စိတ်ကြည်လင်စေတာတို့၊ ကျန်းမာရေးကောင်းစေတာတို့ ဒါမှမဟုတ် မှော်စွမ်းအား တိုးစေတာမျိုးတို့ မရှိဘူးလား?”
အိုင်းရှာသည် အပေါ်ယံအလှအပ မက်မောသော မိန်းကလေးမဟုတ်ကြောင်း ယု သိထားသည်။ အကယ်၍ သူသာ ရွှေ သို့မဟုတ် ငွေကို လက်ဆောင်ပေးလိုက်ပါက သူမ ကျိန်းသေပေါက် ငြင်းပယ်လိမ့်မည်။ ထိုသို့ဖြစ်ပါက သူတို့ကြားက တင်းမာမှုကို ဖြေလျှော့နိုင်မည်မဟုတ်သည့်အပြင် ပို၍ပင် ဆိုးရွားသွားစေနိုင်သည်။
“အစကတည်းက မှော်ကျောက်မျက်တွေပါတဲ့ လက်စွပ်တွေ၊ နားကပ်တွေ ပြပြီးပြီပဲ မဟုတ်လား?” ဝန်ထမ်းသည် ဘေးက ကောင်တာထဲရှိ အရောင်စုံ မှော်ကျောက်မျက်များ စီခြယ်ထားသော အဆင်တန်ဆာများကို ညွှန်ပြလိုက်သည်။
“အဲ့ဒါတွေက အရမ်းရုပ်ဆိုးတယ်၊ ဒီဇိုင်းက လူကြီးတွေ ဝတ်တဲ့အတိုင်းပဲ။ ပြီးတော့ ကြည့်လိုက်ရုံနဲ့ အဲ့ဒီကျောက်မျက်တွေရဲ့ အဆင့်က မမြင့်မှန်း သိသာတယ်။ ဝတ်ထားရင်လည်း အကျိုးထူးမှာ မဟုတ်ဘူး။”
ယု သည် ထိုရတနာများကို ကြည့်ကာ ဝေဖန်လိုက်သည်။ ရွှေ သို့မဟုတ် ငွေစင်ပေါ်တွင် မှော်ကျောက်မျက် အကြီးစားများကို တပ်ဆင်ထားသော်လည်း ကျောက်မျက်များ၏ အတွင်းပိုင်းမှာ နောက်ကျိနေပြီး မည်သည့်စွမ်းအင် အနှစ်သာရမှ မရှိပေ။
‘အင်းးးးးး’
ဝန်ထမ်းသည် ယု ကို ခဏမျှ ငေးကြည့်ရင်း တွေးနေမိသည်မှာ— မှော်ကျောက်မျက်ရဲ့ အဆင့်ကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တဲ့သူကတော့ ပညာရှင်ပဲ ဖြစ်ရမယ်။ ပြီးတော့ ဒီကောင်လေးရဲ့ လက်က လက်စွပ်က ဘယ်လိုကြည့်ကြည့် ဟင်းလင်းပြင်မှော်ကျောက်မျက်ပဲ။ ဒီလိုလူမျိုးက ကောင်တာပေါ်က ဒီ ‘အမှိုက်’ တွေကို အထင်မကြီးတာ မဆန်းပါဘူးလေ။
“အဲ... မေးရတာ အားတော့နာပါတယ်၊ အစ်ကိုက ကျွန်တော်တို့ဆိုင်ကို ဘယ်လိုလုပ်ပြီး သိတာလဲ?” ဝန်ထမ်းသည် ယု စဉ်းစားနေသည်ကို သတိပြုမိသဖြင့် မေးလိုက်သည်။
“မြို့လယ်က အဝတ်အထည်ဆိုင်က အရောင်းစာရေးမလေး လင်ဒါ ပြောပြလိုက်တာ” ဟု ယု က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ဆံပင်ညိုညို၊ ရင်သားက နည်းနည်းသေးပေမဲ့ တင်ပါးကတော့ တော်တော်လုံးပြီး ရယ်ရင် ပါးစပ်လေးအုပ်ပြီး ရယ်တတ်တဲ့ တစ်ယောက်လား?” ဝန်ထမ်းက သူမကို မြင်ဖူးသည့်အတိုင်း အသေးစိတ် ဖော်ပြလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ သူ့တင်ပါးက တော်တော်ကော့တာပဲ။ ကြည့်ရတာ တော်တော်လေး အိစက်မယ့်ပုံပဲ။” ယု က လက်ဆောင်ဝယ်ဖို့ပဲ အာရုံစိုက်နေသဖြင့် ထိုစဉ်က သိပ်မစဉ်းစားမိသော်လည်း လူသားတစ်ယောက်အနေဖြင့် သူမကို ခဏခဏ ခိုးကြည့်မိခဲ့သည်မှာတော့ အမှန်ပင်။
“ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ လင်ဒါက မင်းကို ဒီကို လွှတ်လိုက်တာဆိုရင် အဲ့ဒီလေလံပွဲကို မင်းကို သွားစေချင်လို့ ဖြစ်ရမယ်။” ပြောရင်းနှင့် ဝန်ထမ်းသည် အနောက်ဘက် ကောင်တာသို့ သွားကာ တစ်ခုခုကို မွှေနှောက်ရှာဖွေနေတော့သည်။
“လေလံပွဲ??”
ယု ခဏမျှ ကြောင်သွားရသည်။ သူသည် ဤကမ္ဘာနှင့် သိပ်မရင်းနှီးလှပေ။ “လေလံပွဲ” ဆိုသော စကားလုံးကို စာအုပ်ထဲတွင်သာ ဖတ်ဖူးပြီး လက်တွေ့မှာတော့ ဘာလဲဆိုသည်ကို သိပ်နားမလည်ပေ။
ယု ထပ်မံမစဉ်းစားရသေးမီမှာပင် ဝန်ထမ်းသည် တောက်ပနေသော ရွှေကတ်ပြားလေးတစ်ခုကို ကိုင်ကာ ထွက်လာခဲ့သည်။
“ဟုတ်တယ်၊ ဒီလေလံပွဲပဲ။ ဒီလိုလေလံပွဲမျိုးက တစ်နှစ်မှာ တစ်ကြိမ်ပဲ ရှိတာ။ အဲ့ဒီမှာ နတ်ဘုရားလက်နက်တွေနဲ့ ဒဏ္ဍာရီလာ ပစ္စည်းတွေ အကုန်ပါလိမ့်မယ်။ အစ်ကို ကံကောင်းတယ်၊ ဒီလေလံပွဲက ၃ ရက်ပဲ ကြာတာ၊ ဒီနေ့က နောက်ဆုံးရက်ပဲ။ အချိန်မီသွားရင် မှီသေးတယ်။”
ပြောရင်းနှင့် ဝန်ထမ်းသည် ရွှေကတ်ပြားကို ကောင်တာပေါ်တင်ကာ သူ၏မှော်စွမ်းအားဖြင့် ပထမတန်းစား လက်ကားဟူသော စာလုံးများကို ကတ်ပေါ်တွင် ထွင်းထုလိုက်သည်။
ဝန်ထမ်းသည် ဘာကြောင့် ရတနာဆိုင်ကို တစ်ယောက်တည်း ထိန်းကျောင်းနိုင်သလဲ၊ ပြီးတော့ အစပိုင်းမှာ ယု ကို မောင်းထုတ်မယ်လို့ ဘာလို့ ရဲရဲဝံ့ဝံ့ ပြောရဲသလဲဆိုတာ ယခုမှ သိသာတော့သည်။ သူ၏ မှော်ထွင်းထုခြင်း အနုပညာအရ သူသည် သာမန်မဟုတ်ကြောင်း သိသာလှသည်။ သို့သော် ယု အတွက်မူ ထိုအရာများမှာ ပြောပလောက်သည့်အရာများ မဟုတ်ပေ။
“ရပြီ!!” ဝန်ထမ်းသည် သူ၏မှော်စွမ်းအားကို ရုပ်သိမ်းကာ ကတ်ပြားကို ယု ထံ ကမ်းပေးလိုက်သည်။
“ဒါက??” ယု သည် ကတ်ပြားကိုယူကာ အနီးကပ်စစ်ဆေးကြည့်လိုက်သည်။ ကတ်ပြားမှာ ရိုးရှင်းသော်လည်း အရှေ့ဘက်တွင် ထူးဆန်းသော “မှော်အစီရင်” တစ်ခုကို ထွင်းထားပြီး ဘေးပတ်လည်တွင် ပန်းပွင့်ပုံစံ အလှဆင်ထားသည်။ ကတ်ပြား၏ အနောက်ဘက်မှာတော့ ဝန်ထမ်း အခုလေးတင် ထွင်းလိုက်သော စာသားများသာ ရှိသည်။
“ဒါက လေလံပွဲရဲ့ လက်မှတ်ပဲ။ ဒီည ညနေ ၇ နာရီမှာ မြို့တောင်ဘက်က ‘နဂါးစီးသူတော်’ အရက်ဆိုင်ရဲ့ မြေအောက်ခန်းမှာ ကျင်းပမှာပါ။ အဲ့ဒီကိုရောက်ရင် ဒီကတ်ကိုပြလိုက်၊ ဒါဆို မင်းကို အထဲကို လမ်းပြပေးပါလိမ့်မယ်။”
ဝန်ထမ်းသည် ပြောရင်းနှင့် ခုနကထုတ်ထားသော ရွှေနားကပ်များကို သေတ္တာထဲ ပြန်ထည့်နေသည်။ ယု သည် ဤဆိုင်မှာ ဘာမှဝယ်တော့မည်မဟုတ်ကြောင်း သူ သိလိုက်ပုံရသည်။
“ဒီကတ်ပြားပြရင် ရပြီလား? ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြဖို့ မလိုဘူးလား?” ယု သည် လေလံပွဲကို စိတ်ဝင်စားသွားသဖြင့် အသေးစိတ် ထပ်မေးလိုက်သည်။
“မလိုပါဘူး။ ဒီကတ်ပြားရှိတဲ့ ဘယ်သူမဆို သုံးလို့ရတယ်။ လေလံပွဲက နာမည်တွေ၊ နောက်ခံတွေ မမေးဘူး။ ငွေကြေးအင်အားရှိတဲ့သူကိုပဲ ရွေးချယ်တာပါ။ ကောင်တာကနေ ထွက်သွားတာနဲ့ ငါတို့နဲ့ မဆိုင်တော့ဘူး၊ ကတ်ပြားကလည်း တစ်ခါသုံးပဲ။”
ဝန်ထမ်းသည် အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။ ဤလေလံပွဲမှာ မြေအောက်မှောင်ခို လေလံပွဲဖြစ်သော်လည်း မြို့ရှိ အထက်တန်းလွှာများနှင့် မှူးမတ်များအားလုံး သိကြသည်။ မြို့တော်မှ အဆင့်မြင့်အရာရှိကြီးများပင် လာတတ်ကြသည်။ နောက်ဆုံးတော့ ဒါက တစ်နှစ်မှာ တစ်ကြိမ်ရတဲ့ လုယက်ရာပါ ပစ္စည်းတွေကို ခွဲဝေတဲ့ပွဲဖြစ်ပြီး၊ အပြင်လောကမှာ ပြသလို့မရတဲ့ ရတနာတွေ အများကြီးပါတာကိုး။ ဒါပေမဲ့ ဒီကောင်လေးကတော့ ဘာမှမသိတဲ့ပုံစံ ဖြစ်နေသည်။ လင်ဒါက ဘာကြောင့် ဒီလိုလူမျိုးကို မိတ်ဆက်ပေးလိုက်တာလဲဆိုတာ သူ စဉ်းစားမရပေ။
ထိုသို့တွေးရင်း ဝန်ထမ်းက ယု ကို ကြည့်ကာ သတိပေးလိုက်သည် -
“ငါ စပ်စုသလိုတော့ ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ မင်း သိထားရမှာက ဒါက မှောင်ခိုလေလံပွဲပဲ။ အထဲရောက်ရင် ကိုယ့်ကိုယ်ကိုယ် သတိထားပြီး နေပါ။ အဲ့ဒီမှာ မင်းလို သခင်လေးတွေတင် ရှိတာမဟုတ်ဘူး၊ မှော်ဆရာကြီးတွေနဲ့ မှောင်ခိုအင်အားစုတွေလည်း အများကြီး ရှိနေလိမ့်မယ်။”
ဝန်ထမ်းသည် လောဘကြီးသော်လည်း လူဆိုးတစ်ယောက်တော့ မဟုတ်ပေ။ ယု ၏ အမူအရာကို ကြည့်ကာ စေတနာဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ နားလည်ပါပြီ။” ဝန်ထမ်းသည် သူ့ကို ဘာမှ ထပ်ရောင်းရန် မရှိတော့သည်ကို မြင်သဖြင့် ယု သည် ကတ်ပြားကို သိမ်းကာ ထွက်သွားရန် ပြင်လိုက်သည်။
“နေပါဦး ဧည့်သည်တော်!” ယု လှည့်ထွက်သွားစဉ် ဝန်ထမ်းက လှမ်းခေါ်လိုက်ပြန်သည်။
“ဟင်?? ဘာဖြစ်လို့လဲ??” ယု က နားမလည်ဘဲ လှည့်ကြည့်လိုက်သည်။
ဝန်ထမ်းသည် စီးပွားရေးဆန်လှသော လေသံဖြင့် တိကျပြတ်သားစွာ ပြောလိုက်သည် -
“ရွှေစင်လက်မှတ်၊ မှော်စွမ်းအားနဲ့ ထွင်းထားတယ်။ ဈေးနှုန်းကတော့ တရားမျှတပါတယ်၊ တစ်စောင်ကို ရွှေဒင်္ဂါး ၁၀၀ ပါ။ ကောင်တာက ထွက်သွားပြီးရင် ငွေပြန်အမ်းမှာ မဟုတ်ပါဘူး။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
“......”
ယု မှာ ဆွံ့အသွားတော့သည်။