ယု သည် အိုင်းရှာ ကို မည်သို့ချော့ရမည်ကို သိလိုက်ရသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်းပင် စတင်လှုပ်ရှားတော့သည်။
ပထမဦးစွာ ဆရာမ ကီးလ် ထံသို့ သွားရောက်ကာ မြို့ထဲသို့ ပစ္စည်းဝယ်စရာရှိသည်ဟု ပြောကာ မွန်းလွဲပိုင်း အတန်းပျက်ခွင့် တောင်းခံခဲ့သည်။ ယခင်ကဆိုလျှင် ကီးလ်သည် ခွင့်ပြုချင်မှပြုမည်ဖြစ်သော်လည်း ယခုအခါတွင် ယု သည် သူမရှေ့တွင် အစွမ်းထက်လှသော စွပ်ပြုတ်တစ်ခွက်ကို ချက်ပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ဆေးဖော်ရန်အတွက် လိုအပ်သော ပစ္စည်းများသွားဝယ်ခြင်းဖြစ်မည်ဟု ကီးလ်က တွေးတောကာ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ခွင့်ပြုချက်ရသည်နှင့် ယု သည် အဆောင်သို့ အမြန်ပြန်ကာ အဝတ်အစားလဲပြီး မြို့ဘက်သို့ ဦးတည်လိုက်သည်။
ယခုတစ်ခေါက်တွင် သူသည် အနည်းငယ်ဝေးသောနေရာသို့ သွားရန်စီစဉ်ထားသဖြင့် ကျောင်းဝတ်စုံကို မဝတ်ဆင်တော့ပေ။
ယု ကျောင်းမှထွက်လာရခြင်းမှာ အိုင်းရှာကို တောင်းပန်သည့်အနေဖြင့် လက်ဆောင်တစ်ခု ၀ယ်ပေးရန်ဖြစ်သည်။ အမှန်တကယ်တော့ သူသည် မြေပြင်နဂါးထံမှ စိန်အချို့ကို ရှာဖွေရန် စိတ်ကူးခဲ့သော်လည်း ဂျက်စတာ နှင့် ရင်ဆိုင်ခဲ့ရစဉ်က ထိုကိစ္စကို လုံးဝမေ့လျော့သွားခဲ့သည်။
ကံကောင်းသည်မှာ ဂျက်စတာသည် နောက်ဆုံးတွင် ယု အတွက် ကြီးမားသောလက်ဆောင်တစ်ခု ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဟင်းလင်းပြင်လက်စွပ် ထဲတွင် ရွှေဒင်္ဂါးပေါင်း သန်း ၃၀ နီးပါး ပါရှိနေသည်။ ၎င်းကို မြင်လိုက်ရသည့်အခါတွင်တော့ ယု မှာ အတိုင်းမသိ ဝမ်းသာသွားရသည်။ လက်စွပ်ထဲရှိ အခြားသော သုတေသနစာတမ်းများကိုမူ အကုန်လုံး မီးရှို့ဖျက်ဆီးပစ်လိုက်သည်။
အိုင်းရှာကို ဘာလက်ဆောင်ပေးရမလဲဟု စဉ်းစားရင်း ယု သည် သူ၏ စွမ်းအားစည်းတံဆိပ်ခတ်နှိပ်မှု ကို ဖြေလျှော့ကာ တောအုပ်ထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
ယု ၏ ဦးတည်ရာမှာ တောအုပ်၏ မြောက်ဘက်ရှိ မြို့ကြီးဖြစ်သည်။ ကျောင်းအနီးရှိ မြို့ငယ်လေးတွင်လည်း အသေးအဖွဲ အသုံးအဆောင်များ ဝယ်ယူနိုင်သော်လည်း ယု ကတော့ ထိုအရာများနှင့် မလုံလောက်ဟု ခံစားရသည်။
ဒါဟာ သူ့အနေဖြင့် မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် လက်ဆောင်ပေးခြင်းဖြစ်ပြီး၊ လက်ထဲတွင်လည်း ငွေကြေးအင်အား အပြည့်အဝရှိနေသဖြင့် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော အရာတစ်ခုကိုသာ ဝယ်ယူလိုခြင်းဖြစ်သည်။
ယု တွေးနေစဉ်မှာပင် မြို့ကြီး၏ ခြေရင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့် မြင်းလှည်းဖြင့် သွားလျှင် ၃ ရက်ခန့် ကြာမြင့်မည့်ခရီးကို ယု သည် သူ၏ စွမ်းအားကို အနည်းငယ်အသုံးပြုရုံဖြင့် တစ်နာရီမပြည့်မီမှာပင် အရောက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
မြို့တံခါးဝတွင် အခွန်ပေးဆောင်ပြီးနောက် ယု သည် စည်ကားလှသော မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဤနေရာသည် ဆီးနှင်းများဖုံးလွှမ်းနေသော လွင်ပြင် မြို့နှင့် မတူပေ။ ထိုမြို့သည် ဝိုင်နံ့များဖြင့် သင်းပျံ့နေခဲ့လျှင် ယခုမြို့မှာမူ ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ယခုအချိန်မှာ နွေဦး ပိုင်းဖြစ်သဖြင့် လမ်းဘေးတစ်လျှောက်တွင် လှပစွာ ဖူးပွင့်နေသော ပန်းပေါင်းစုံမှာ ခရီးသွားများ၏ မျက်စိကို အေးမြစေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယု သည် ပန်းစည်းတစ်ခု ဝယ်သွားရမလားဟု တွေးမိသေးသည်။ သို့သော် ပန်းများသည် လှပသော်လည်း ခဏချင်း ညှိုးနွမ်းသွားတတ်သည်ဟု ပြန်တွေးမိကာ ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။
ထို့နောက် အိုင်းရှာသည် လှပသောအဝတ်အစားများကို နှစ်သက်သည်ကို သတိရသဖြင့် ယု သည် မြို့လယ်ရှိ အဝတ်အထည်ဆိုင်တစ်ခုသို့ ဝင်ကြည့်လိုက်သည်။ သို့သော် အရောင်းစာရေးမလေးက အိုင်းရှာ၏ အရွယ်အစား ကို မေးမြန်းသည့်အခါ ယု က "ဒီလောက်လောက်" ဟု လက်ဖြင့် ခန့်မှန်းပြ လိုက်သည်။
"အစ်ကို... ကျွန်မ အကြံပေးပါရစေ။ လက်ဆောင်အဖြစ် အဝတ်အစားကို မဝယ်ပါနဲ့ လား"
ညိုမှောင်ပြီး လှိုင်းတွန့်ဆံပင်ရှိသော အရောင်းစာရေးမလေးသည် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ?? ငါက ယောကျ်ားလေးဆိုတော့ အမြင်မရှိဘူးလို့ ထင်လို့လား?"
ယု သည် ထိုစကားကို ကြားလိုက်ရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူသည် အိုင်းရှာ၏ ပုံရိပ်ကို စိတ်ထဲတွင် အသေအချာ မှတ်သားထားပြီး အဝတ်အစားနှင့် အိုင်းရှာကို စိတ်ကူးထဲတွင် အကြိမ်ပေါင်းများစွာ တိုက်ဆိုင်စစ်ဆေးထားပြီးဖြစ်၍ အဆင်ပြေမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။
"မဟုတ်ပါဘူး... အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
ယု အထင်လွဲသွားသည်ကို သိလိုက်ရသဖြင့် အရောင်းစာရေးမလေးမှာ အမြန်ပင် ခေါင်းခါပြလိုက်သည်။
"ဒါဆို ဘာဖြစ်လို့လဲ??"
ယု က နားမလည်နိုင်ဘဲ သူမကို ငေးကြည့်နေမိသည်။ ယု ၏ ကြောင်အမ်းအမ်း အမူအရာကို မြင်လိုက်ရသဖြင့် အရောင်းစာရေးမလေးက ရှင်းပြလိုက်သည်မှာ -
"အဝတ်အစားဆိုတာက ကိုယ်တိုင် ဝတ်ကြည့်ပြီးမှ ဝယ်ရတာမျိုးပါ။ အကယ်၍ အစ်ကိုက အရွယ်အစား အရမ်းကြီးတာ ဝယ်သွားရင် သူမက 'ငါ့ကို ဝတယ်လို့ ထင်နေတာလား' ဆိုပြီး စိတ်ဆိုးလိမ့်မယ်။ အရမ်းသေးတာ ဝယ်သွားရင်လည်း 'ငါ တကယ်ပဲ ဝနေပြီလား' ဆိုပြီး ဝမ်းနည်းသွားလိမ့်မယ်။ အဲ့ဒီတော့ လက်ဆောင်ပေးတာကနေ ပြောင်းပြန်ဖြစ်ပြီး အစ်ကိုနဲ့ အစ်ကို့ချစ်သူတို့ ရန်ဖြစ်ကြရပါလိမ့်မယ်"
ထိုစကားကို ကြားမှ ယု သည် အခြေအနေမှန်ကို ရုတ်တရက် သတိပြုမိသွားသည်။
"ဩော်... အဲ့ဒီလိုလား!! သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ့ရဲ့လက်ဆောင်က ပြဿနာတက်စရာကြီး ဖြစ်သွားတော့မှာ"
ယု နားလည်သွားသည်ကို မြင်ရသဖြင့် အရောင်းစာရေးမလေးသည် ပြုံးကာ ထပ်မံ အကြံပေးလိုက်သည်။
"ကျွန်မသာဆိုရင်တော့ လက်ဝတ်ရတနာ ဝယ်ပေးလိုက်မယ်။ လက်စွပ်လိုမျိုးကတော့ ထူးခြားတဲ့ အဓိပ္ပာယ်တွေရှိနေလို့ အလွယ်တကူ မဝယ်သင့်ဘူးပေါ့။ နားကပ်တို့၊ ဆံပင်ကလစ်တို့ကတော့ အဆင်ပြေပါတယ်။ အစ်ကို့ပုံစံကြည့်ရတာ ပိုက်ဆံချမ်းသာမယ့်ပုံပဲဆိုတော့ မြို့အရှေ့ဘက်က 'ရိပင်းရှင်း' ဆိုတဲ့ ရတနာဆိုင်ကို သွားကြည့်ဖို့ အကြံပေးချင်ပါတယ်"
ယု သည် အလွန်အမင်း ချောမောလှပသူမဟုတ်သလို သူ၏ အဝတ်အစားမှာလည်း ခေတ်မမီသော်လည်း၊ အရောင်းစာရေးမလေးသည် ယု ၏ လက်ပေါ်ရှိ လက်စွပ်ကို အစကတည်းက သတိထားမိခဲ့သည်။ သူမသည် ထိုလက်စွပ်မှာ မည်မျှတန်ဖိုးရှိသည်ကို သိထားသဖြင့် ယု မှာ သာမန်တောသားတစ်ယောက် မဟုတ်ကြောင်း ကျိန်းသေပေါက် သိနေခြင်းဖြစ်သည်။
"ကျေးဇူးအများကြီး တင်ပါတယ်! အဲ့ဒီဆိုင်ရဲ့ လမ်းကြောင်းကို အတိအကျ ပြောပြပေးနိုင်မလား?"
ယု သည် သူ၏စိတ်ထဲတွင်— အခုချိန်မှာတော့ ငါ့မှာ ပိုက်ဆံက ပြဿနာမဟုတ်ဘူး ဟု တွေးနေမိသည်။ ကီးလ်ပေးထားသော မုန့်ဖိုးများအပြင်၊ ဂျက်စတာထံမှ ရထားသည်မှာလည်း မနည်းပေ။ အခုအချိန်မှာ အိုင်းရှာသာ ပျော်မည်ဆိုလျှင် သူ ဘယ်လောက်ကုန်ကုန် ဂရုမစိုက်ပေ။
လမ်းညွှန်ချက်များ ရရှိပြီးနောက် ယု သည် အရောင်းစာရေးမလေး ပေးလိုက်သော မြေပုံအတိုင်း မြို့အရှေ့ဘက်ရှိ 'ရိပင်းရှင်း' ရတနာဆိုင်သို့ ဦးတည်လိုက်သည်။
ဤရတနာဆိုင်သည် မြို့အရှေ့ဘက်ရှိ သိပ်မထင်ရှားသော လမ်းကြားလေးတစ်ခုထဲတွင် တည်ရှိနေသည်။ မြေပုံမပါဘဲ ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ယု သည် ဆိုင်အတွင်းပိုင်း၏ ခမ်းနားထည်ဝါသော ဒီဇိုင်းကြောင့် မှင်သက်သွားရသည်။ မှန်ကောင်တာများထဲတွင် ရွှေ၊ ငွေ ရတနာများကို ခင်းကျင်းထားရုံသာမက နံရံများနှင့် ကြမ်းပြင်အုတ်ကြွပ်များပင် ရွှေဖြင့် ပြုလုပ်ထားသယောင် ထင်မှတ်ရသည်။ ခေတ်မမီသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆိုင်ခန်းမထဲတွင် ရပ်နေသော ယု သည် ပတ်ဝန်းကျင် အနေအထားနှင့် လုံးဝကို ဖီလာဆန့်ကျင်နေတော့သည်။
"ဘယ်သူရှိလဲ?"
ယု သည် တိတ်ဆိတ်နေသော ဆိုင်ထဲသို့ လှမ်းခေါ်လိုက်သည်။
"လာပါပြီ... လာပါပြီဗျာ..."
ဖောက်သည်ရောက်လာသည်ကို သိလိုက်ရသဖြင့် ဆိုင်ဝန်ထမ်းမှာ ဆိုင်အနောက်ဘက်မှ ထွက်လာကြသည်။
"ဘာများ ကြည့်မလဲခင်ဗျာ? ရွှေစင်ရတနာလား? ဒါမှမဟုတ် မှော်စွမ်းအင် ထည့်သွင်းထားတဲ့ မှော်ကျောက်မျက်ရတနာတွေလား...?"
မျက်လုံးလေး ကလည်ကလည်နှင့် ဆိုင်ဝန်ထမ်းသည် စကားပြောရင်း ရုတ်တရက် ရပ်သွားသည်။ ယု ၏ နွမ်းပါးသော ပုံစံကို မြင်လိုက်ရသည့် မည်သူမဆို သူသည် ဤဆိုင်မှ ပစ္စည်းများကို ဝယ်နိုင်လိမ့်မည်ဟု ထင်မည်မဟုတ်ပေ။
"ငါ ချစ်တဲ့ မိန်းကလေးအတွက် လှပတဲ့ လက်ဝတ်ရတနာ တစ်ခုလောက် ဝယ်ချင်လို့ပါ။ အကြံပေးစရာ ရှိမလား?"
ယု သည် ထိုဝန်ထမ်း၏ မနှစ်မြို့ဖွယ် မျက်နှာပေးကို ဂရုမစိုက်ဘဲ ကောင်တာရှေ့သို့ လျှောက်သွားလိုက်သည်။
"ဟေ့! ကောင်လေး၊ မင်း လမ်းမှားလာတာလား? ဒီနေရာက မင်းလို လူဆင်းရဲတွေ လာရမယ့် နေရာမဟုတ်ဘူးကွ!"
ဝန်ထမ်းသည် စားပွဲကို လက်ဖြင့်ရိုက်ကာ ပြောလိုက်ပြီး သူ၏မျက်နှာမှာ ချက်ချင်းဆိုသလို တင်းမာသွားတော့သည်။
ယု သည် ထိုဝန်ထမ်း၏ ရိုင်းပျသော အမူအရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကာ သူ၏ ခါးတွင်ချိတ်ထားသော ငွေအိတ်ကို ဖြုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ ဝန်ထမ်းသည် ငွေအိတ်ကို ကောက်ယူကာ လက်ဖြင့်ချိန်ကြည့်ပြီးနောက် လှောင်ပြောင်သည့် အမူအရာဖြင့် ယု ကို ကြည့်ကာ ပြောလိုက်သည်မှာ -
"ဒီလောက်လေးနဲ့ ဒီမှာ လာဆရာလုပ်ချင်တာလား? ငါပြောပြမယ်၊ ဒီထဲမှာ ရွှေဒင်္ဂါး ၅၀ လောက်ပဲ ရှိမှာပါ။ ငါတို့ရဲ့ 'ပထမတန်းစား' ဆိုင်မှာဆိုရင် အဲ့ဒါနဲ့ ပစ္စည်းတစ်ခုရဲ့ အစအနတောင် ဝယ်လို့မရဘူး"
ဝန်ထမ်းသည် ငွေအိတ်ကို ယု ရှေ့သို့ ပြန်ချပေးလိုက်ပြီး ပြဿနာမရှာဘဲ ထွက်သွားရန် အချက်ပြလိုက်သည်။
ဤအခြေအနေကို မြင်သော်လည်း ယု သည် စကားအများကြီး မပြောတော့ပေ။ သူသည် တမန်တော် တစ်ဦးဖြစ်ရာ သာမန်လူသားတစ်ယောက်နှင့် ဤကဲ့သို့ အသေးအဖွဲကိစ္စအတွက် ငြင်းခုံနေရန် မထိုက်တန်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့သော် ဝန်ထမ်း၏ သဘောထားမှာမူ တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။
"ဘာရပ်ကြည့်နေတာလဲ? ငါ့ကို အင်အားသုံးပြီး မောင်းထုတ်စေချင်တာလား?"
ဝန်ထမ်းသည် ယု ကို အော်ဟစ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူသည် ယု ၏ လက်ကို သတိထားမိသွားသည်။ ယု သည် သူ၏လက်ကို ငွေအိတ်ပေါ်တွင် တမင်တင်ထားခြင်း ဖြစ်သည်။ ထိုသာမန်ပုံစံရှိသော လူငယ်လေး၏ လက်ပေါ်တွင် ထိပ်တန်း မှော်ကျောက်မျက်များ စီခြယ်ထားပြီး အလွန်လက်ရာမြောက်လှသော ဟင်းလင်းပြင်လက်စွပ် တစ်ကွင်း ရှိနေသည်ကို သူ မြင်လိုက်ရသည်။
"အဲ... အစ်ကို... ခဏလေးပါဦး၊ ကျွန်တော် အခုလေးတင် ဉာဏ်နည်းသွားလို့ပါ၊ ကျွန်တော် နည်းနည်း ရူးသွားလို့ပါ..."
ချက်ချင်းဆိုသလိုပင်ထိုဝန်ထမ်း၏မျက်နှာပေါ်တွင်စီးပွားရေးဆန်လှသောအပြုံးတစ်ခုပေါ်ပေါက်လာတော့သည်။